ISP China Desk
မြန်မာ-တရုတ် ဆက်ဆံရေး အဆို-အချေပြုဖွယ် မေးခွန်း - ၁၀

◉ နောက်ခံအခြေအနေ

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ လာမယ့် ဇန်နဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်မှာ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ အစဉ်အလာအရ ကောင်းမွန်တဲ့ ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေး ရှိခဲ့တယ်လို့ ဆိုကြ‌ပေမဲ့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက အဆင့်မြင့်ဆုံး သမ္မတအဆင့် နိုင်ငံတော် အကြီးအကဲတွေ လာခဲ့တဲ့ အကြိမ်အရေ အတွက်က သိပ်မများဘူးလို့ ဆိုနိုင်ပါတယ်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော်သစ် ထူထောင်ပြီး နောက်ပိုင်း သမ္မတအဆင့် လာရောက်ခြင်းဟာ စုစုပေါင်း သုံးကြိမ် (သမ္မတ လျူရှောက်ချီ- ၁၉၆၆၊ သမ္မတ လီရှန်းနန် – ၁၉၈၅၊ သမ္မတ ကျန်ဇီမင်း-၂၀၀၁) သာ ရှိခဲ့ပါတယ်။

ဒါကြောင့် အခု သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်ဟာ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ တရုတ်သမ္မတ တစ်ဦးအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် လာရောက်တာဖြစ်လို့ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် သမိုင်းဝင် မှတ်တိုင်တခု ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

တရုတ်သမ္မတရဲ့ ခရီးစဉ်ဟာ တရုတ်-မြန်မာ ဆက်ဆံရေး အတွက် အရေးပါတဲ့ အချိုးအကွေ့တခု ဖြစ်ပါတယ်။ ဒီခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံရဲ့ လူမှုစီးပွား အခြေအနေ အရပ်ရပ် အပေါ်ကို သက်ရောက်မှု ကြီးမားနိုင်တဲ့ သဘောတူညီမှု တချို့ကို လက်မှတ် ရေးထိုးကြမှာ ဖြစ်သလို ခရီးစဉ် နောက်ပိုင်းမှာလည်း တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းမှာ တရုတ်နိုင်ငံဘက်ကအဆိုပြုထားတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရမှာပါ။

ဒီခရီးစဉ်က နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ လက်ရှိ အခြေအနေကို ထင်ဟပ်နေသလို အနာဂတ်အတွက် ပြဋ္ဌာန်းချက် အသစ်တွေလည်း ပေးနိုင်ပါတယ်။ ဒီပြဋ္ဌာန်းချက်တွေက အနာဂတ် တရုတ်-မြန်မာ ဆက်ဆံရေးကို ပုံဖော်ပေးမှာ ဖြစ်သလို မြန်မာပြည်သူ လူထုရဲ့ နေ့စဉ်ဘဝတွေကိုလည်း သက်ရောက်မှု ရှိလာစေမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ အတွေ့အကြုံတွေအရ စီမံကိန်းတွေကို ဆုံးဖြတ် အကောင်အထည်ဖော်တဲ့ အခါမှာ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေ၊ ဖွံ့ဖြိုး တိုးတက်ရေး မိတ်ဖက်လို့ခေါ်တဲ့ စီပွားရေးလုပ်ငန်းရှင်ကြီးတွေက အဓိက ဆောင်ရွက်လေ့ရှိပြီး ပြည်သူလူထုဟာ အပြဋ္ဌာန်းခံတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ဒီစီမံကိန်း တွေဟာ လူတစုတဖွဲ့ရဲ့ သို့မဟုတ် လူနည်းစုရဲ့ အကျိုးစီးပွား တွေကိုပဲ ထင်ဟပ်ပြီး စီမံကိန်းရဲ့ အကျိုးဆက်တွေကို တိုက်ရိုက် ခံစားရမယ့် လူအများစုရဲ့ အခြေအနေတွေကို ထည့်သွင်း စဉ်းစားဖို့ ပျက်ကွက်ခဲ့တာတွေ ရှိခဲ့တာတွေ့ရပါတယ်။

ဒါကြောင့် ပြည်သူလူထု အများစုရဲ့ အကျိုးကို ရှေးရှုပြီး အကောင်အထည် ဖော်ပါတယ်ဆိုတဲ့ ဒီစီမံကိန်းတွေကို တကယ် လက်တွေ့ အကောင်အထည်ဖော်တဲ့ အခါ ဒီပြည်သူတွေရဲ့ ဘဝကိုပဲ ဝန်ထုပ်ဝန်ပိုးတွေ ပိုဖြစ်စေတာ၊ မှန်းချက်နဲ့ နှမ်းထွက် မကိုက် ဖြစ်ခဲ့တဲ့ ဥပမာတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ ဆက်ဆံရေးမှာ ပြည်သူချင်း ဆက်ဆံရေးကို ပို အလေးထားလာသလို ပိုမို ကောင်းမွန်တဲ့ ဆက်ဆံရေး တရပ် ဖြစ်ဖို့ဆိုရင် ပြည်သူလူထုရဲ့ အသံတွေ၊ အမြင်တွေကို ပိုမို အလေးပေး နားထောင်ဖို့ လိုပါတယ်။ ပြည်သူလူထုရဲ့ အသံတွေ၊ အမြင်တွေကို လစ်လျူရှုခြင်းဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ဘယ်လို ထိခိုက်စေနိုင်တယ် ဆိုတာ ၂၀၁၁ ခုနှစ်နောက်ပိုင်း တရုတ် ရင်းနှီးမြုပ်နှံတဲ့ စီမံကိန်းတွေကို ပြည်သူ လူထုရဲ့ ဆန့်ကျင်မှုနဲ့အတူ အေးစက်ခဲ့ရတဲ့ တရုတ်-မြန်မာဆက်ဆံရေးမှာ အထင်းသား မြင်တွေနိုင်ပါတယ်။

သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်း သဘောတူ လက်မှတ် ရေးထိုးမယ့် စီမံကိန်း တချို့အပါအဝင် နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုတွေမှာ အလေးထား စဉ်းစားရမယ့် အဆို – အချေပြုဖွယ် မေးခွန်း ၁၀ ခုကို ISP Myanmar China Desk က တပိုင်းစီခွဲပြီး အကျဉ်းမျှ ဆွေးနွေး တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီမေးခွန်းတွေကို ဝိုင်းဝန်း ဆွေးနွေး အဖြေရှာခြင်းဖြင့် မူဝါဒ ဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့ အခါမှာ အစိုးရအနေနဲ့ အဘက်ဘက်က ထည့်သွင်း စဉ်းစာနိုင်ဖို့ အတွက်နဲ့ ပြည်သူလူထု အကြား ဆွေးနွေး ငြင်းခုန်၊ အဖြေရှာမှုတွေကဆင့် ပိုမို ကောင်းမွန်တဲ့ မူဝါဒတွေကို ချမှတ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ အခု မြန်မာမှာ တရုတ်အပြင် အခြားရွေးစရာ ရှိဦးမလားဆိုတဲ့ မေးခွန်း – ၁ ကို စတင်ဖော်ပြပါမယ်။

❑ မေးခွန်း (၁)

မြန်မာမှာ တရုတ်အပြင် အခြားရွေးစရာ ရှိဦးမလား

“ကျနော်တို့မှာ တရုတ်ကလွဲလို့ ရွေးချယ်စရာ မရှိပါဘူး” ဆိုတာဟာ မြန်မာ-တရုတ် ဆက်ဆံရေးနဲ့ ပတ်သတ်ရင် မြန်မာနိုင်ငံရဲ့ မူဝါဒ အသိုင်းအဝန်းမှာ မကြာခဏ ကြားနေရတဲ့ စကားတခွန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှု ရလဒ်ထွက်ရေးမှာ တရုတ်နိုင်ငံကို အားကိုးနေရတာ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးမှာ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ဖိအားတွေကို ရင်ဆိုင်ရာမှာ တရုတ်ရဲ့ ဗီတို အာဏာကို ပြန်လည် မှီခိုလာရပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဘက်လည်း ဖြစ်သလို ရင်းနှီးမြုပ်နှံမှု အများဆုံး (တရားဝင် ထုတ်ပြန်တဲ့ စာရင်းတွေအရတော့ ဒုတိယ အများဆုံး) ပြုလုပ်တဲ့ နိုင်ငံလည်း ဖြစ်နေတဲ့ အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးကြောင့် တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေး ကျဆင်းလာတာကြောင့် မြန်မာနိုင်ငံဟာ တရုတ်ကိုပဲ မျက်နှာ မူရတော့မယ့် အခြေအနေဖြစ်နေပါတယ်လို့ ဒီအဆိုကို ထောက်ခံသူ တွေက ဆိုကြပါတယ်။

ဒါပေမယ့် တဖက်မှာလည်း မြန်မာနိုင်ငံဟာ မျက်မှောက်ခေတ် ဒေသတွင်း နိုင်ငံတကာ အခင်းအကျင်းမှာ အရေးပါတဲ့ ပထဝီ အနေအထားနဲ့ သဘာဝ အရင်းအမြစ်တွေကို ပိုင်ဆိုင်ထားပါတယ်။ ဂျပန်နိုင်ငံက တရုတ်နိုင်ငံရဲ့ အင်အားကို ထိန်းညှိဖို့ ကြိုးပမ်းတဲ့နေရာမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍကို အလေးထားသလို အိန္ဒိယနိုင်ငံက အရှေ့တောင် အာရှ နိုင်ငံတွေနဲ့ ပိုမို ထိတွေ့ ချိတ်ဆက်ဖို့ ကြိုးစားတဲ့ Act East မဟာဗျူဟာ စဉ်းစားချက်တွေမှာလည်း မြန်မာနိုင်ငံဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အခုနောက်ပိုင်းမှာ အမေရိကန်ရဲ့ အာရှဒေသ မဟာဗျူဟာ စဉ်းစားချက် အသစ် တခု ဖြစ်တဲ့ အင်ဒို ပစိဖိတ် ဗျူဟာမှာလည်း မြန်မာနိုင်ငံဟာ ဆုံချက်တခု ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ ကိုယ့်ရဲ့ အားသာချက်တွေကို အပြည့်အဝ အသုံးချပြီး သံတမန် ဆက်ဆံရေးကို လိမ္မာ ပါးနပ်စွာ ကိုင်တွယ်နိုင်ရင် တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တရပ်ကို ဆက်ထိန်းထားနိုင်သလို တခြား ရွေးချယ်စရာတွေကို ဖြန့်ကျက် ထားနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ် ဆိုတဲ့ သုံးသပ်ချက်တွေကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံဟာ တရုတ် အပါအဝင် တခြား ရွေးချယ်စရာတွေကို ဘယ်လို ဖြန့်ကျက်ဖို့ ကြိုးစားကြမလဲ ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရမယ့် မေးခွန်းတခု ဖြစ်ပါတယ်။

❑ မေးခွန်း (၂)

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်းက မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးကို အထောက်အကူ ဖြစ်နိုင်သလား ဒါမှမဟုတ် လက်နက်ကိုင် ပဋိပက္ခက ပုံစံတမျိုးအဖြစ် အသွင်ပြောင်းသွားနိုင်သလား။

တရုတ်နိုင်ငံက သံတမန်တွေနဲ့ မူဝါဒ အသိုင်းအဝိုင်းဟာ တရုတ်နိုင်ငံရဲ့ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းကို ငြိမ်းချမ်းရေး အတွက် လမ်းကြောင်းလို့ ပြောလေ့ရှိပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို လွှမ်းမိုး သက်ရောက်နိုင်မှု ရှိပါတယ်။ ဒါကြောင့် တရုတ်က အဆိုပြုထားတဲ့ မူဆယ်-မန္တလေး ရထားလမ်း၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ တည်ဆောက်မယ့် နယ်စပ် စီးပွားရေးဇုန် အစရှိတာတွေကို အကောင်အထည် ဖော်ခြင်းဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ငြိမ်းချမ်းရေး တည်ဆောက်မှု အတွက် အထောက်အပံ့ ဖြစ်မယ်လို့ မြန်မာနိုင်ငံဘက်က လေ့လာ သုံးသပ်သူ တချို့ကလည်း ပြောကြပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တိုက်ပွဲတွေ မရှိမှသာ ဒီစီမံကိန်းတွေကို အောင်မြင်စွာ တည်ဆောက် အကောင်အထည် ဖော်နိုင်မှာ ဖြစ်တာကြောင့် တရုတ်နိုင်ငံဟာ သူ့ရဲ့ လွှမ်းမိုးနိုင်မှုကို သုံးပြီး စည်းနှောင်မှုရှိတဲ့ အပစ်ရပ်စာချုပ် တခုရအောင် ကြိုးပမ်းလိမ့်မယ်ဆိုတဲ့ အမြင် ဖြစ်ပါတယ်။

တဖက်မှာလည်း ငြိမ်းချမ်းခြင်း မရှိတဲ့ နယ်မြေတွေမှာ ကြီးမားတဲ့ စီမံကိန်းတွေကို တည်ဆောက်တာဟာ လက်ရှိ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်တွေကို ပို ရှုပ်ထွေးစေနိုင်တယ်ဆိုတဲ့ အမြင်တွေလည်း ရှိနေပါတယ်။ စီမံကိန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ အကြောင်းပြပြီး စစ်ရေး ချဲ့ထွင်တာတွေ၊ စီမံကိန်းတွေကနေ အခွန်အတုပ်တွေ ရရှိမှုကြောင့် စစ်စီးပွားရေး အကျိုးအမြတ်တွေနဲ့ ဆက်နွယ် ပတ်သတ်တာတွေ များပြား လာနိုင်တာကို တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနဲ့ အခြား စီမံကိန်းကြီးတွေကို ထောက်ပြပြီး ပြောဆိုကြတာတွေလည်း ရှိပါတယ်။

မငြိမ်းချမ်းသေးတဲ့ ဒေသတွေမှာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်းနဲ့ ဆိုင်တဲ့ စီမံကိန်းတွေကို ဘယ်လို မူဝါဒတွေ ထားပြီး ကိုင်တွယ် ကြမလဲ ဆိုတာကလည်း မူဝါဒ ချမှတ်သူတွေ၊ ဒေသခံ ပြည်သူတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေ၊ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးတွေ အကြားမှာ ဆွေးနွေး အဖြေရှာရမယ့် ကိစ္စဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်မှသာ ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်ရှိနိုင်မှာ ဖြစ်ပါတယ်။

❑ မေးခွန်း (၃)

တရုတ်နဲ့ နီးကပ်မှု ရှိနေချိန်မှာ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး နောက်ပြန် မလန်အောင် ထိန်းထားနိုင်တဲ့ (ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ) အခြေအနေမျိုး ရှိသလား။

မြန်မာနိုင်ငံဟာ ဆယ်စုနှစ်ပေါင်း များစွာ အာဏာရှင် အစိုးရအဆက်ဆက်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေခဲ့ပြီး ၂၀၁၁ ခုနှစ်ရောက်မှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို စခဲ့တာ ဖြစ်တဲ့အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု သက်တမ်းက ဆယ်စုနှစ်တခုပဲ ရှိပါသေးတယ်။

ဒီမိုကရေစီ အခြေ မခိုင်သေးတဲ့ နိုင်ငံဖြစ်ပြီး ဒီမိုကရေစီရဲ့ တန်ဖိုးတွေ၊ အင်စတီ ကျူးရှင်းတွေ၊ စံချိန် စံညွန်းတွေဟာ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှာ အမြစ်တွယ်နိုင်ခြင်း မရှိသေးပါဘူး။ မြေစမ်း ခရမ်းပျိုးနေရတဲ့ အနေအထားမှာပဲ ရှိပါသေးတယ်။

တဖက်မှာလည်း တရုတ်နိုင်ငံဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြို းတိုးတက်လာပြီး ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီး နေရာကို ရောက်လာပါတယ်။ သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပုံစံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတွက် (အနောက်နိုင်ငံများနှင့် မတူသော) ရွေးချယ်စရာ အသစ်တွေကို ဖော်ဆောင်ပေးနေတယ်လို့ ပြောလေ့ရှိပါတယ်။

တရုတ်နိုင်ငံက သူ့ရဲ့ နိုင်ငံရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှုပုံစံကို တခြားနိုင်ငံတွေဆီ တင်ပို့တာ မလုပ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက နိုင်ငံရေး ပါတီဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရ ဝန်ထမ်းတွေ၊ ပညာရှင်တွေနဲ့ မီဒီယာတွေကို နှစ်စဉ် ခေါ်ဆောင်ပြီး တရုတ်နိုင်ငံမှာ ရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ပြသတာ၊ သင်တန်းပေးပြီး သင်ကြားတာ၊ အတွေ့အကြုံ ဖလှယ်တာတွေ ဆောင်ရွက်လျက်ရှိပါတယ်။ အကျိုးဆက်အနေနဲ့ ဒီ အစီအစဉ်တွေမှာ ပါဝင်ခဲ့သူ တချို့ဟာ တရုတ်အပေါ် အမြင်ပြောင်းလဲလာပြီး၊ တရုတ်ရဲ့ ပုံစံကို နှစ်ခြိုက် အတုယူချင်တာတွေ ရှိလာတာကိုလည်း လေ့လာ ဆန်းစစ်ချက်တွေ အရ တွေ့ရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ဒီမိုကရေစီ ရင့်သန်နေတဲ့ နိုင်ငံတွေနဲ့ တဖြေးဖြေးကင်းကွာပြီး တပါတီစနစ် ကြီးစိုးတဲ့ နိုင်ငံ၊ ဒီမိုကရေစီ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ ပတ်သက်ရင် အမြဲတစေ မေးခွန်း ထုတ်ခံနေရတဲ့ တရုတ်နိုင်ငံနဲ့ ပိုမို နီးစပ်လာခြင်းက မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအပေါ်မှာ ဘယ်လို သက်ရောက်နိုင်ခြေ ရှိသလဲ ဆိုတာဟာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ဆက်လက် ရှင်သန် ဖွံ့ဖြိုးရေးအတွက် သေချာ စောကြောရမယ့် မေးခွန်းတခုပါ။

❑ မေးခွန်း (၄)

တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို အကောင်အထည် ဖော်ရာ၌ မြန်မာအတွက် ကြွေးမြီ ဝန်ပိစေမယ့် အခြေအနေကို ရှောင်လွှဲနိုင်ဖို့ လုံလောက်တဲ့ ပြင်ဆင်မှုတွေ ရှိနေပြီလား။

တရုတ်နိုင်ငံရဲ့ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းတွေနဲ့ ပတ်သတ်ပြီး နိုင်ငံတကာလေ့လာသူ တော်တော်များများက ထောက်ပြကြတဲ့ အဓိကစိန်ခေါ်မှု တခုကတော့ ကြွေးမြီပြဿနာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် အကြွေးမဆပ်နိုင်လို့ တရုတ်နိုင်ငံက လုပ်ပိုင်ခွင့် လွှဲပြောင်းယူလိုက်ရတဲ့ သီရိလင်္ကာနိုင်ငံက ဟန်ဘန်တိုတာ ဆိပ်ကမ်းကို ဥပမာ ပြုကြလေ့ရှိပါတယ်။ ရင်းနှီးမြုပ်နှံမှု ပမာဏကြီးမားတဲ့ အခြေခံအဆောက်အဦ စီမံကိန်းတွေဟာ ဒီစီမံကိန်းထဲမှာ ပါဝင်တဲ့ နိုင်ငံတွေကို ကြွေးမြီ ဝန်ပိစေမယ်လို့ ဆိုကြပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံရဲ့အထင်ကရ စီမံကိန်းဖြစ်တဲ့ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းနဲ့ ပတ်သက်လို့ မူဘောင် သဘောတူညီမှုကို ဆွေးနွေးရာမှာ ကနဦး သဘောတူထားတဲ့ ရှယ်ယာ ပိုင်ဆိုင်မှုကို ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ခဲ့ပါတယ်။ စီမံကိန်း ကုန်ကျစရိတ် ၇ ဒသမ ၃ ဘီလီယံဒေါ်လာကနေ ပထမဆင့်မှာ ၁ ဒသမ ၃ ဘီလီယံ ဒေါ်လာနဲ့ အရင်စတင်ဖို့၊ စွမ်းဆောင်ရည် ပြည့်မီမှသာ နောက်အဆင့်တွေကို ဆက်လက် အကောင်အထည်ဖော်ဖို့ကိုလည်း ညှိနိုင်း နိုင်ခဲ့ပါတယ်။

အဲဒီလို တရုတ်နိုင်ငံအပေါ် ကြွေးမြီအရ မှီခိုရမှုတွေကို လျော့ချနိုင်ခဲ့တာဟာ အောင်မြင်မှု တခုအဖြစ် သုံးသပ် ကြပါတယ်။ ဒါပေမဲ့ ပိုရလာတဲ့ ၁၅ ခိုင်နှုန်းအတွက် ဒေါ်လာ သန်း ၂၀၀ နီးပါးကိုတော့ မြန်မာနိုင်ငံက ထည့်ဝင်ရဦးမှာ ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ပြည်ပကြွေးမြီဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါရှိပြီး ထက်ဝက် နီးပါးက တရုတ်နိုင်ငံကနေ ချေးယူထားတာ ဖြစ်ပါတယ်။ အတိုးနှုန်းတွေကိုကြည့်မယ် ဆိုရင်လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပဲရစ်ကလပ်နဲ့ ဂျပန်နိုင်ငံက အတိုးနှုန်းတွေဟာ ၁ ရာခိုင်နှုန်း အောက်မှာသာ အများဆုံးရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ချေးငွေတွေကတော့ အတိုးနှုန်း ၄ ရာခိုင်နှုန်း ဝန်းကျင်ရှိတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံက ပြည်ပ ကြွေးမြီအတွက် နှစ်စဉ် ကျပ်ဘီလီယံ ၂၅၀(ဒေါ်လာသန်း ၁၇၀ ဝန်းကျင်) အတိုး ဆပ်နေရပါတယ်။ ၂၀၁၇ ခုနှစ် ကိန်းဂဏန်းတွေအရ အတိုးရောအရင်းပါ အမေရိကန် ဒေါ်လာ ၆၉၈ သန်းကို နှစ်စဉ်ပေးချေနေရပြီး အဲဒီထဲကမှ အမေရိကန်ဒေါ်လာ ၅၅၀ သန်းဟာ တရုတ်ကို ပေးချေနေရတာ ဖြစ်ပါတယ်။ အဲဒီ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ဆိုတဲ့ပမာဏထဲမှာ အမေရိကန်ဒေါ်လာ ၃၇၁ သန်းက အရင်းကို ပေးချေရတာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၇၉ သန်းက အတိုးပေးရတာ ဖြစ်ပါတယ်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမှာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်မှုနဲ့အတူ ကြွေးမြီတွေ ဆက်လက်တိုးမြင့် လာနိုင်ပါတယ်။ ဒီစီမံကိန်းတွေမှာ မြန်မာနိုင်ငံရဲ့ ပြောရေးဆိုခွင့်ကို တစုံတရာ အာမခံပေးတဲ့ ထိန်းညှိမှုတွေ ရှိထားဖို့ လိုပါတယ်။ တဖက်မှာလည်း ကြွေးမြီဝန် မပိစေဖို့ ဟန်ချက် ထိန်းနိုင်တဲ့ ရှယ်ယာ ခွဲဝေမှုနဲ့ ငွေကြေး အစီမံတွေကို ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ဒါတွေဟာ တရုတ်-မြန်မာစီးပွားရေး စင်္ကြံ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းရာမှာ မြန်မာနိုင်ငံက ကြုံတွေ့ရမယ့် အဓိက စိန်ခေါ်မှု တခုပဲ ဖြစ်ပါတယ်။

ဒီလိုအစီအမံတွေကို အကောင်အထည် ဖော်နိုင်ဖို့ဆို သက်ဆိုင်ရာ ပညာရှင်တွေနဲ့ မူဝါဒ ချမှတ်သူတွေ အကြား ကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေ ပေါ်ထွက်လာဖို့လည်း လိုပါတယ်။

❑ မေးခွန်း (၅)

တရုတ်ရဲ့ အခြေခံအဆောက်အဦ ရင်းနှီးမြုပ်နှံမှုတွေက မြန်မာအတွက် လိုအပ်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ပါသလား။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ဖော်ဆောင်ရေးမှာ မြန်မာနိုင်ငံရဲ့ အဓိကမျှော်မှန်းချက် တခုက ဒေသခံ ပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်လမ်းသစ်တွေ ဖန်တီးပေးနိုင်ဖို့ပါ။

အဲဒီ စီးပွားရေး စင်္ကြံအောက်မှာ အဆိုပြုထားတဲ့ စီမံကိန်းတွေက မြန်မာနိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ် သန်းနဲ့ချီပြီး ဖော်ဆောင် ပေးနိုင်လိမ့်မယ်လို့ စီမံကိန်း အဆိုပြုသူတွေက ဆိုပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံက ကုမ္ပဏီတွေဟာ စီမံကိန်းတွေမှာ သူတို့ရဲ့ တရုတ်လုပ်သားတွေကို အလုံးအရင်းနဲ့ ခေါ်လာပြီး လုပ်ကိုင်ကြလေ့ ရှိတာကြောင့် ဒေသခံ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်လမ်းတွေ တကယ် ပေးနိုင်ပါ့မလား ဆိုတာ စိုးရိမ်မှုအဖြစ် ရှိနေပါတယ်။

ဥပမာ – ရန်ကုန်မှာ တရုတ် ဆောက်လုပ်ရေး ကုမ္ပဏီတွေများစွာက အိမ်ရာ စီမံကိန်းတွေကို အကောင်အထည် ဖော်နေပြီး အဲဒီ စီမံကိန်းတွေမှာ အခြေခံလုပ်သား အဆင့်ကိုတောင် တရုတ်လုပ်သားတွေကို အဓိက အသုံးပြုနေတဲ့ အတွက် ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ရှိနေပါတယ်။ ကျွမ်းကျင်မှု များများစားစား မလိုတဲ့ အိမ်ရာ ဆောက်လုပ်ရေး လုပ်သားကိုတောင် တရုတ် နိုင်ငံသားတွေကိုပဲ အသုံးပြုနေရင် ကျွမ်းကျင် လုပ်သားနဲ့ နည်းပညာ ကျွမ်းကျင်သူတွေ လိုအပ်တဲ့ ရထားလမ်း တည်ဆောက်ရေး၊ ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးလို နေရာတွေမှာ မြန်မာနိုင်ငံသားတွေ အလုပ် ရနိုင်ရေး မလွယ်ကူတာကို ထောက်ပြ ကြပါတယ်။

ဆောက်လုပ်ရေး ကာလမှာ အလုပ်အကိုင် အခွင့်အလမ်း များများစားစား မရှိနိုင်ပေမဲ့ ဆောက်လုပ်ရေး ကာလ ပြီးတဲ့အခါ စက်မှုဇုန်တွေ၊ အထူး စီးပွားရေးဇုန်တွေ လုပ်ငန်း လည်ပတ် လာတာနဲ့အတူ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်လာနိုင်တယ် လို့လည်း မျှော်လင့်ချက်တွေ ရှိနေပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးတဲ့ နေရာမှာ လတ်တလော ပြဿနာ ဖြေရှင်းရေးတင် မကဘဲ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ချိတ်ဆက်နိုင်ဖို့ လိုပါတယ်။ အခု မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တရုတ်လုပ်သား ထိုးဖောက် ဝင်ရောက်မှုကို ဘယ်လို ဖြေရှင်းမလဲ၊ မြန်မာနိုင်ငံ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အပံ့ ဖြစ်စေမယ့် အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ရေး မူဝါဒတွေကို ဘယ်လို ချမှတ်မလဲဆိုတာ အစိုးရ အတွက် ဂရုတစိုက် စဉ်းစားရမယ့် မေးခွန်းတွေဖြစ်ပါတယ်။

❑ မေးခွန်း (၆)

တရုတ် – မြန်မာဆက်ဆံရေး အလွန်နီးကပ်လာခြင်းက မြန်မာ့အရေးမှာ ကျန်အင်အားကြီးနိုင်ငံ‌တွေ ဝင်ရောက် စွက်ဖက်ဖို့ ဖိတ်ခေါ်သလိုများ ဖြစ်နေမလား။

မြန်မာနိုင်ငံ အကြောင်း နိုင်ငံတကာ ဆွေးနွေးချက်တွေကို ကြည့်ရင် မြန်မာနိုင်ငံဟာ ပထဝီ နိုင်ငံရေးအရ မဟာဗျူဟာ မြောက်တဲ့ နေရာမှာရှိနေဆိုပြီး အလေးပေး ဖော်ပြလေ့ရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ပြည်နယ်တွေနဲ့ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်မှု ရှိနေပြီး၊ တရုတ်နိုင်ငံကို အိန္ဒိယ သမုဒ္ဒရာထွက်ပေါက် အပြင် တောင်အာရှ နိုင်ငံတွေနဲ့ပါ ချိတ်ဆက်ပေးနိုင်တဲ့ ဆုံချက်နေရာမှာ ရှိနေပါတယ်။

ဆယ်စုနှစ် နှစ်ခုအတွင်း သမ္မတ တဦးအနေနဲ့ ပထမဆုံး အဖြစ် လာရောက်တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင့်ရဲ့ ခရီးစဉ်က တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒမှာ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာ အရေးပါမှု မြင့်မားလာခြင်းကို ထင်ဟပ်နေပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာ-တရုတ် ဆက်ဆံရေး ပိုမို နီးကပ်စွာ ရှိခဲ့ပေမဲ့ တရုတ်နိုင်ငံရဲ့ စဉ်းစားချက်က မြန်မာနိုင်ငံဟာ ယူနန်ပြည်နယ် အတွက် ကုန်ကြမ်း တင်ပို့ရာနဲ့ သဘာဝ အရင်းအမြစ် ထုတ်ယူရာ နေရာ တခုအဖြစ်သာ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ၂၁ ရာစု အဝင်ကစပြီး တရုတ်နိုင်ငံငံရဲ့ မဟာဗျူဟာမြောက် ပထဝီ နိုင်ငံရေး စဉ်းစားချက်တွေမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍကို ပိုမို ထည့်သွင်း စဉ်းစားလာပါတယ်။ ဒီစဉ်းစားချက်တွေကို အထင်အရှားတွေ့နိုင်တဲ့ နှစ်ချက်ရှိပါတယ်။ ပထမတခုက မြန်မာနိုင်ငံ ခါးလည်ကို ဖြတ်သန်းပြီး ယူနန်ပြည်နယ်ကို ဘင်္ဂလားပင်လယ်အော်နဲ့ ချိတ်ဆက်သွယ်တန်း လိုက်တဲ့ တရုတ်-မြန်မာ ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း ဖြစ်ပါတယ်။ နောက်တခုကတော့ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းကြီးအောက်မှာ အဆိုပြုခဲ့တဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ ဖြစ်ပါတယ်။

ဒီစီမံကိန်းတွေထဲမှာ အများ အာရုံစိုက်ခံရတဲ့ စီမံကိန်း တခုက မြန်မာနိုင်ငံရဲ့ အနောက်ဘက် ကမ်းရိုးတန်းမှာ တည်ဆောက်မယ့် ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်း ဖြစ်ပါတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းဟာ တရုတ်နိုင်ငံရဲ့ အိန္ဒိယ သမုဒ္ဒရာ လွှမ်းမိုးရေး မူဝါဒမှာ အရေးပါတဲ့ ခြေနင်းခုံတခု ဖြစ်တယ်လို့ နိုင်ငံတကာ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ တရုတ်နိုင်ငံကတော့ ကျောက်ဖြူဆိပ်ကမ်းဟာ ကုန်သွယ်ရေး ဆိပ်ကမ်း တခုသာ ဖြစ်ပြီး စစ်ရေးအတွက် အသုံးပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တဖက်မှာတော့ ဒီစီမံကိန်းဟာ စီးပွားရေးအရ အောင်မြင်နိုင်ချေ နည်းပါးတာကြောင့် စီးပွားရေးဆိုင်ရာ ကိစ္စထက် အခြားသော မဟာဗျူဟာမြောက် စဉ်းစားချက်သာ ဖြစ်နိုင်တယ်လို့ ပညာရှင်တချို့က ထောက်ပြထားပါတယ်။

ဒီနေရာမှာ ထည့်သွင် းစဉ်းစားစရာ ရှိလာတာက ခါးပတ်တကွင်း လမ်းတစင်းမှာ ပါဝင်နေတဲ့ တရုတ်နိုင်ငံရဲ့ အိန္ဒိယ သမုဒ္ဒရာ ကမ်းရိုးတန်းတလျှောက် ဖော်ဆောင်မယ့် ရေနက်ဆိပ်ကမ်း စီမံကိန်းတွေဟာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၀၄ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ သုံးသပ်ချက်နဲ့ ချိန်ထိုး ကြည့်စရာ ဖြစ်ပါတယ်။ အဲဒါကတော့ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းကြီး ပီပီပြင်ပြင် မထွက်လာခင် ကောက်ကြောင်း ဖော်ထားတဲ့ ပုလဲသွယ် မဟာဗျူဟာ (String of Pearl’s Strategy) ဖြစ်ပါတယ်။ အဲဒါက တရုတ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စွမ်းအင်လုံခြုံရေး အခင်းအကျင်းအတွက် မဟာဗျူဟာ တခု ဖြစ်သလို အိန္ဒိယသမုဒ္ဒရာမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုး သက်ရောက်နိုင်မှုကို ဖြန့်ကျက်နိုင်ဖို့ စဉ်းစားချက် တခုလည်း ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ ပုလဲသွယ်မဟာဗျူဟာမှာ မြန်မာနိုင်ငံကလည်း အဓိကကျတဲ့ နေရာမှာ ရှိနေပြန်ပါတယ်။

သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်း ကျောက်ဖြူ ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး လက်တွေ့ အကောင်အထည်ဖော်မှု စတင်ဖို့ သဘောတူစာချုပ် လက်မှတ် ရေးထိုးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစီမံကိန်းနဲ့ အတူ ဒေသတွင်း နိုင်ငံရေး အခင်းအကျင်းမှာ မြန်မာနိုင်ငံရဲ့ အရေးပါမှုက ပိုမို မြင့်တက်လာပါတယ်။ ပထဝီ နိုင်ငံရေးမှာ မဟာဗျူဟာကျတဲ့ နေရာမှာ ရှိနေတာဟာ သုံးတတ်ရင် ဆေးဖြစ်ပေမယ့် မသုံးတတ်ရင် ဘေးဖြစ်နိုင်ပါတယ်။

သမိုင်းကို ပြန်ကြည့်ရင်လည်း ဒီအချက်တွေကို များစွာမြင်နိုင်မှာပါ။ စဉ်းစား ဆင်ခြင်စရာ ဖြစ်စေတဲ့ ဥပမာတွေထဲက အနည်းငယ်ကို ကြည့်မယ်ဆိုရင် မြန်မာဘုရင် မင်းတုန်းမင်း လက်ထက်မှာ ပဲခူးနယ်က ဗြိတိသျှ ကုန်သည်များသာ မကဘဲ၊ လန်ဒန်က ကုန်သည်အဝိုင်းကလည်း မြန်မာနိုင်ငံမှ တဆင့် တရုတ်နိုင်ငံကို ဝင်ရောက်နိုင်ဖို့ နည်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့တာတွေ ရှိသလို၊ နောက်ဆုံး ၁၈၆၂ ခုနှစ် မင်းတုန်း-ဖယ်ရာ စာချုပ်ကို အသုံးချပြီး ကုန်သွယ်မှုအင်အား ချဲ့ထွင်မှု လုပ်ခဲ့တာတွေ၊ ဒါကတဆင့် ဧရာ၀တီ ဖလိုတီလာ ကုမ္ပဏီ စတင် ပေါ်ပေါက်လာတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ တခါ ဒုတိယ ကမ္ဘာစစ် အတွင်းမှာလည်း အိမ်နီးချင်း တရုတ်နိုင်ငံကို ဂျပန်နဲ့ မဟာမိတ် တပ်တွေက ထိန်းချုပ်နိုင်ဖို့ ကြိုးစားရာကနေ မြန်မာနိုင်ငံပါ ပါဝင်ခဲ့ပြီး စစ်တလင်း ဖြစ်ခဲ့ပါတယ်။ ဒီအချက်တွေကလည်း သမိုင်းတလျှောက် အင်အားကြီးနိုင်ငံတွေရဲ့ ပထဝီ နိုင်ငံရေး စဉ်းစားချက်တွေမှာ မြန်မာနိုင်ငံက မြေစာပင် ဖြစ်သွားတတ်တဲ့အပေါ် သတိပြု ဆင်ခြင်စရာတွေ ဖြစ်စေပါတယ်။

အထူးသဖြင့် အခုချိန်မှာ မြန်မာနိုင်ငံဟာ ပြည်းတွင်း ငြိမ်းချမ်းရေး မရှိသေးသလို အမျိုးသား ညီညွတ်ရေးကလည်း အလှမ်းဝေးနေတာကြောင့် အညှီရှိ ယင်အုံတယ် ဆိုသလို ပထဝီနိုင်ငံရေး အားပြိုင်မှုတွေ အကြားမှာ မြေဇာပင် ဖြစ်နိုင်တာကို သတိပြုရမှာပါ။ ဒါကြောင့် အရှိန်ရလာတဲ့ ဒေသတွင်း ပြိုင်ဆိုင်မှုတွေ အကြား ဖြစ်ပေါ်လာတဲ့ ပထဝီနိုင်ငံရေး အခင်းအကျင်းကို မျက်ခြေမပျက် စောင့်ကြည့်ပြီး မှန်ကန်တဲ့ မူဝါဒတွေ ချမှတ်နိုင်ဖို့က မြန်မာနိုင်ငံ ရင်ဆိုင်ရမယ့် (အလွန်အရေးကြီးသော) စိန်ခေါ်မှု တရပ်ဖြစ်ပါတယ်။

❑ မေးခွန်း (၇)

လမ်းပန်းဆက်သွယ်ရေး ချောမွေ့လာခြင်းက တရုတ်-မြန်မာ ကုန်သွယ်ရေး မညီမျှမှုကို လျော့ကျစေမှာလား။

တရုတ်ရဲ့ မဟာ စီမံကိန်းဖြစ်တဲ့ ခါးပတ် တကွင်း လမ်းတစင်း စီမံကိန်း(BRI) နဲ့ အတူ အဲဒီ စီမံကိန်းအောက်ကနေ ဆောင်ရွက်မယ့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်း(CMEC)နဲ့ ဆက်စပ်တဲ့ အခြေခံအဆောက်အဦ တည်ဆောက်ရေး စီမံကိန်းတွေကို မြန်မာနိုင်ငံမှာ လုပ် ဆောင်ပါတော့မယ်။ ဒီစီမံကိန်းတွေကြောင့် လမ်းပန်း ဆက်သွယ်ရေးကို ပိုမို ကောင်းမွန် လာစေပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးကို အထောက် အကူ ဖြစ်စေမယ်လို့ ခန့်မှန်း ပြောဆိုကြတာတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် မူဆယ်နဲ့ မန္တလေးကို အချိန် သုံးနာရီတည်းနဲ့ ရောက်နိုင်မယ့် စီမံကိန်း မျိုး ဖြစ်ပါတယ်။ ရထားတစင်းစာ သယ်ယူပို့ဆောင်နိုင်မှုက ကုန်တင်ယဉ် အစင်း ၃၀ စာ ပို့ဆောင်နိုင်မှုနဲ့ ပမာဏနဲ့ ညီမျှနိုင်တယ် ဆိုတာမျိုးပါ။

ဒါပေမဲ့ လမ်းပန်း ဆက်သွယ်ရေး ချော့မွေ့ရုံနဲ့ တရုတ်-မြန်မာကုန်သွယ်ရေးမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာကို ပြေလည် စေမှာလားဆိုတာက မေးခွန်း ထုတ်စရာ ဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ရှိခဲ့ပါတယ်။ အဲဒီထဲမှာမှ နယ်စပ် ကုန်သွယ်ရေးဂိတ် ငါးခုကနေ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၆ ဘီလီယံဝန်းကျင် ဖြစ်ပြီး မူဆယ် နယ်စပ် ကုန်သွယ်ရေး စခန်း တခုထဲကနေ ကုန်သွယ်မှု ပမာဏာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံနီးပါး ဖြစ်ပါတယ်။ ဒါတွေက တရားဝင် ကုန်သွယ်မှု ပမာဏ ဖြစ်ပြီး တရားမဝင် ကုန်သွယ်မှုတွေလည်း ရှိနေပါသေးတယ်။

တရုတ်နဲ့ နယ်စပ် ကုန်သွယ်ရေးက မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေသော်လည်း အဆိုပါ ကုန်သွယ်မှုမှာ နစ်နာမှုတွေ ရှိနေတယ်လို့ မြန်မာ ကုန်သည် အသိုင်းအဝိုင်းက မကြာခဏ ထုတ်ဖော် ပြောဆိုလေ့ရှိပါတယ်။ ဖြစ်နေတာတွေကို ကြည့်ရင်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို တင်ပို့ခွင့်ပြုထားတဲ့ စာရင်းဝင် သီးနှံဟာ ရှစ်မျိုးပဲ ရှိပါတယ်။ ဒါပေမဲ့ တရုတ် နိုင်ငံကတော့ သူတို့ တင်ပို့ချင်သမျှနဲ့ တင်သွင်း လိုသမျှ ကုန်စည်တိုင်းကို တရားဝင် နည်းလမ်းကရော၊ တရားမဝင် နည်းလမ်းတွေကိုပါ အသုံးပြုပြီး ကုန်သွယ်မှု လုပ်နေကြတာတွေ ဖြစ်ပါတယ်။ ဒါဟာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ သတင်းအချက်အလက် အကန့်အသတ်ရှိခြင်း၊ တရား ဥပဒေစိုးမိုးမှု‌ အားနည်းခြင်းအပြင် မူဝါဒ မတည်ငြိမ်မှုတွေကြောင့်လည်း ဖြစ်ပါတယ်။

ဥပမာအားဖြင့် မြန်မာဘက်က အဓိက ပို့ကုန်တွေအဖြစ် တရားဝင်တင်ပို့လိုက်တဲ့ ဆန်စပါးနဲ့ ကျွဲ၊ နွားတွေဟာ တရုတ်ဘက် ရောက်မှ တရားမဝင် ဖြစ်နေတာ၊ မူဝါဒ တိတိကျကျမရှိဘဲ တင်ပို့ခွင့်ရတဲ့ ပမာဏ၊ အချိန်တွေကို သေချာ မသိရတာတွေကြောင့် နယ်စပ်မှာတင် သောင်တင်နေရတာ၊ ဈေးနှိမ် ခံရတာတွေနဲ့ ဖမ်းဆီး ခံရတာတွေ ရှိနေပါတယ်။ တနည်းအားဖြင့် မြန်မာ့ ပို့ကုန်တွေကို တရုတ်အနေနဲ့ ဝယ်ချင် ဝယ်မယ်၊ မဝယ်ချင် မဝယ်ဘူး၊ ဖမ်းချင်ရင်လည်း ဖမ်းမယ်ဆိုတဲ့ မတည်ငြိမ်သော မူဝါဒတွေ ရှိနေပါတယ်။ ဒါအပြင် မြန်မာ့ သယံဇာတနဲ့ တွင်းထွက် သတ္တုတွေဖြစ်တဲ့ ကျောက်စိမ်း၊ မြေရှားသတ္တု စတာတွေကလည်း နယ်စပ်တလျှောက်က တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ထိန်းချုပ် နယ်မြေတွေ၊ မှောင်ခို လမ်းကြောင်းတွေကနေ တဆင့် တရုတ်နိုင်ငံထဲကို ဝင်ရောက်နေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် လမ်းပန်း ဆက်သွယ်ရေး ချောမွေ့လာဖို့ လုပ်ဆောင်ခြင်းဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ကုန်သွယ်ရေး မညီမျှမှုကို ဖြေရှင်းနိုင်မှာလား၊ မြေပြင်မှာဖြစ်နေတဲ့ တခြား ပြဿနာတွေကိုပါ အလိုအလျောက် ဖြေရှင်း ပြေလည် သွားစေမှာလားဆိုတာ ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။၏

❑ မေးခွန်း (၈)

တရုတ်-မြန်မာ အစိုးရခြင်းဆက်ဆံရေးနဲ့ ပြည်သူချင်းဆက်ဆံရေးကြားမှာ တိုးတက်မှုခြေလှမ်းတွေက ဟန်ချက်ညီနေရဲ့လား။

ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးနဲ့ ပြည်တွင် းလက်နက်ကိုင် ပဋိပက္ခကို အကြောင်းပြုလို့ တရုတ်နဲ့ မြန်မာဟာ အရင်ကထက် ပိုပြီး နီးကပ်လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် မျက်မှောက်ခေတ် မြန်မာ-တရုတ် ဆက်ဆံရေးဟာ ဘယ်ခေတ်‌နဲ့မှ မတူအောင် နီးကပ်မှုရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း တရုတ်သံတမန်တွေနဲ့ မြန်မာသံတမန်တွေဟာ နှစ်နိုင်ငံအကြား အိမ်ဦးနဲ့ ကြမ်းပြင်ပမာ အကြိမ်ပေါင်းများစွာ ကူးလူး ဆက်ဆံခဲ့ကြပါတယ်။

ISP-Myanmar China Desk က လေ့လာခဲ့တဲ့ စာရင်းအရလည်း ဒီအချက်အပေါ် မငြင်းသာတဲ့ ကိန်းဂဏန်းတွေ ထွက်ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် – ၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၁၇ ခုနှစ် နိုဝင်ဘာအထိ ကမ္ဘာ့နိုင်ငံကြီးတွေက အကြီးတန်း အရာရှိတွေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ဆုံခဲ့တဲ့ အရေအတွက်ကို ကြည့်တဲ့အခါ တရုတ် အဆင်မြင့် အရာရှိတွေနဲ့ တွေ့ဆုံမှုက အများဆုံးဖြစ်ခဲ့ပြီး ကိုးကြိမ် ရှိခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံက အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံမှုဟာ လေးကြိမ်သာ ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံမှုက သုံးကြိမ်သာ ရှိပြီး၊ ဗြိတိန်နိုင်ငံက အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံမှုက နှစ်ကြိမ် ရှိခဲ့ပါတယ်။

ယေဘုယျအားဖြင့် ကြည့်ရင် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးဟာ အကောင်းဆုံး အနေအထားကို ရောက်ခဲ့ပြီး နိုင်ငံရေး အကျိုးအမြတ်တွေလည်း ရရှိမှာ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒါဟာ အစိုးရနဲ့ အစိုးရချင်း ဆက်ဆံရေးက ထွက်ပေါ်နေတဲ့ အကျိုးအမြတ်သာ ဖြစ်ပါတယ်။ တကယ့် မြေပြင် အခြေအနေ ဒါမှမဟုတ် အောက်ခြေ ပြည်သူတွေ ကြားမှာ နိုင်ငံရေး အကျိုးအမြတ် တခုတည်း မဟုတ်ဘဲ ပြည်သူ့ အကျိုးစီးပွားကို သက်ရောက်မှု ရှိစေတဲ့ အနေအထားမျိုး ရောက်ပြီလားဆိုတာ ဆန်းစစ်စရာ ဖြစ်ပါတယ်။

တနည်းအားဖြင့် မြန်မာနိုင်ငံဟာ တရုတ်အပေါ် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာ ကိစ္စတွေမှာ ပြန်လည် မှီခိုလာရတာကြောင့် ဆက်ဆံရေး ချိန်ခွင်လျှာက တရုတ်ဘက်ကို ပိုမို အလေးသာစေခဲ့ပြီး တရုတ်ရဲ့ မြန်မာ့မူဝါဒအပေါ် တွန်းတွန်းတိုက်တိုက် ဖြစ်စေတဲ့ အချက်တွေလည်း ရှိနေပါတယ်။ ဒီလို ရှိလာခြင်းတွေက ပြည်သူလူထု အပေါ်လည်း ရိုက်ခတ်မှုတွေ ရှိလာပါတယ်။ ဥပမာ – ၂၀၁၈ ခုနှစ် နှောင်းပိုင်းက မူဆယ်မြို့ ဆင်ဖြူစျေး ရုံးအဆောက် အဦသစ်ကို တရုတ်-မြန်မာ နယ်စပ်မျဉ်းအနီး ဆောက်ခဲ့တာကို နယ်စပ်စည်းမျဉ်း ဖောက်ဖျက် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်တပ်ဖွဲ့တွေက မြန်မာနိုင်ငံထဲ လက်နက် အပြည့်အစုံနဲ့ ဝင်လာတာ၊ တခါ တရုတ်-မြန်မာ နယ်စပ်တနေရာမှာ လွှင့်ထူထားတဲ့ မြန်မာအလံတိုင်ကို တရုတ်နယ်ခြားစောင့် တပ်က လက်နက် အပြည့်အစုံနဲ့ ဝင်ရောက်ပြီး လာရောက် ဖြုတ်ချခဲ့တာ၊ တရုတ်ရဲတွေက မြန်မာနိုင်ငံထဲဝင်ပြီး မြန်မာနိုင်ငံသား ဆန္ဒပြသူတွေကို ဝင်ရောက် ဖမ်းဆီးတာ စတဲ့အချက်တွေက ပြည်သူလူထု အကြား မေးခွန်း ထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။ ဒါတွေဟာ နယ်စပ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သေးငယ်သော ကိစ္စတွေ ဆိုပေမဲ့ မြန်မာနိုင်ငံရဲ့ အချုပ် အခြာအာဏာကို လေးစားမရှိဘဲ ပိုမိုရဲတင်းစွာ ပြုမူလာတဲ့ တရုတ်ရဲ့ အပြုအမူတွေအဖြစ် ပြည်သူတွေက ရှုမြင်လာသလို လူထုအကြား မကျေနပ်ချက်တွေလည်း တိုးပွားစေခဲ့ပါတယ်။

ဒါတွေအပြင် မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတဲ့ တရုတ်စီးပွားရေး လုပ်ငန်း အချို့ကြောင့် သဘာဝပတ်ကျင် ထိခိုက်ပျက်စီးစေတာ၊ တရုတ် စီမံကိန်းတွေကြောင့် မြေယာ သိမ်းဆည်း ခံရတာ စတာတွေအပေါ် ထိုက်သင့်တဲ့ တရားမျှတမှု မရရှိတာ ဒီအချက်တွေကလည်း မြန်မာပြည်သူ လူထုအကြား တရုတ်အပေါ် အမြင်မကြည်လင်မှုများ ဖြစ်စေခဲ့ပါတယ်။

ပိုပြီး ဆိုးရွားတာက မြန်မာ့ လူ့အဖွဲ့အစည်းကို လေးစားမှု မရှိဘူးဆိုတဲ့ ထင်မြင်ယူချက်တွေ ဖြစ်လာတာပါ။ ဥပမာအားဖြင့် ကြည့်ရင်လည်း မြန်မာနိုင်ငံထဲ ဝင်ရောက် လုပ်ကိုင်နေတဲ့ တရုတ်လုပ်သားတွေက မူးယစ် ရမ်းကားပြီး ဒေသခံတွေနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေကို ရန်ပြုတာတွေ၊ မကြာသေးခင်ကပဲ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ တရုတ် နိုင်ငံခြားရေ းဝန်ကြီးရဲ့ ခရီးစဉ်မှာ အတူ လိုက်ပါခဲ့တဲ့ တရုတ်အရာရှိတချို့ဟာ မန္တလေး ကုသိုလ်တော် ဘုရားဝင်းမှာ ဖိနပ်စီးခဲ့ကြလို့ ပြည်သူလူထု အကြားမှာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့တာတွေကို ကြည့်နိုင်ပါတယ်။

ဒီလိုအခြေအနေတွေ အောက်မှာ ကောင်းမွန် နီးကပ် လာနေတဲ့ တရုတ်-မြန်မာ အစိုးရချင်း ဆက်ဆံရေးဟာ ပြည်သူ-ပြည်သူချင်းဆက်ဆံရေးအတွက် သဟဇာတဖြစ်ရဲ့လား၊ နိုင်ငံရေး အကျိုးအမြတ်နဲ့ ပြည်သူ့ အကျိုးစီးပွား ဟန်ချက် ညီနေရဲ့လား ဆိုတာ ပြန်လည် သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။

❑ မေးခွန်း (၉)

တစ်သျှူးငှက်ပျောနဲ့ ဇီးရိုးဘက်ဂျက် ခရီးသွားကဏ္ဍ အစရှိတဲ့ အငြင်းပွားဖွယ် ပြဿနာတွေကို ဥပဒေနဲ့အညီ ထိန်းကျောင်းပြီး ရှေ့ဆက်သွားသင့်သလား။

မြန်မာ-တရုတ် ဆက်ဆံရေးမှာ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်း (BRI)အောက်က အခြေခံ အဆောက်အဦ စီမံကိန်းတွေအပြင် လူမှုစီးပွားဘ၀ ကဏ္ဍများစွာ အပေါ် သက်ရောက်မှု ရှိနိုင်တဲ့ အခြား ကဏ္ဍများစွာလည်း ရှိနေပါသေးတယ်။ ဒီအထဲကမှ အာရုံစိုက်သင့်တဲ့ ကဏ္ဍနှစ်ခုက စိုက်ပျိုးရေး ကဏ္ဍနဲ့ ခရီးသွားကဏ္ဍ ဖြစ်ပြီး ဘာတွေကို သတိပြုသင့်သလဲဆိုတာ ထောက်ပြချင်ပါတယ်။

စိုက်ပျိုးရေးကဏ္ဍနဲ့ ပတ်သက်ပြီး ပြောရင် အခြား အရာတွေထက် တစ်သျှူးငှက်ပျော် စိုက်ခင်းတွေ ကိစ္စက ရှေ့တန်းရောက်နေပြီး အငြင်းပွားစရာတွေလည်း ပြည့်နှက်နေပါတယ်။ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လာရင် နာကျင်မှုတွေ ရှိနေတဲ့ ကချင်ပြည်နယ်မှာ တစ်သျှူးငှက်ပျော စိုက်ခင်းတွေ ဖော်ဆောင်လာတာဟာ ဆယ်စုနှစ် တခုစာ မကတော့ပါဘူး။

တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို ငှက်ပျောစိုက် ဧရိယာ ဧက ၂၆၀၀၀၀ ကျော်ရှိနေပြီး ကချင်ပြည်နယ်မှာ ၇၀၀၀၀ ကျော် ရှိနေပါတယ်။ ဒါက အစိုးရကထုတ်ပြန်တဲ့ စာရင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဝိုင်းမော်မြို့နယ်တခုထဲတင် ၁၄၂၉၆၁ ဧက ရှိနေတယ်လို့ တစ်သျှူး ငှက်ပျော စိုက်ခင်းတွေကို သုတေသနပြုခဲ့တဲ့ (ကချင်ပြည်နယ် အခြေစိုက် လူမှုအဖွဲ့အစည်း ၁၁ ခု ပါဝင်သော) မြေယာလုံခြုံမှုနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကွန်ရက် အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဝိုင်းမော် အပါအဝင် မိုးမောက်နဲ့ ဗန်းမော်မြို့နယ်တွေပါ ထည့်တွက်မယ်ဆိုရင် ဧက ၁၅၀၀၀၀ ဝန်းကျင် ရှိနေပါတယ်။ ဒါပေမဲ့ အခုအထိ စည်းလွတ်ဘောင်လွတ် ဖြစ်နေပြီး၊ တိကျတဲ့ မူဝါဒ၊ စည်းကမ်း သတ်မှတ်ချက်နဲ့ သဘောတူညီမှုတွေ မချမှတ်နိုင်သေးပါဘူး။

တစ်သျူးငှက်ပျောစိုက်ခင်းတွေကြောင့် ဒေသခံတွေအကြား မြေယာအငြင်းပွားမှုတွေ၊ ပလတ်စတစ်၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ ဓာတုဓာတ်မြေသြဇာတွေကို စနစ်တကျမသုံးတာကြောင့် မြေဆီလွှာ ပျက်စီးဆုံးရှုံးတာတွေ ဖြစ်နေတာကို ကန့်ကွက်မှုတွေ ရှိနေပါတယ်။ တချိန်တည်းမှာပဲ တစ်သျှူး ငှက်ပျောခင်းတွေကို ကြပ်မတ် ထိန်းကျောင်းမှု မလုပ်ဘူးဆိုရင် အဲဒီနေရာတွေဟာ ကန္တရာ ဖြစ်သွားနိုင်တယ်လို့ ကချင်ပြည်နယ်၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက သတိပေးထားပါတယ်။ ဒါပေမဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ လာအိုနဲ့ ထိုင်းနိုင်ငံတွေမှာတော့ တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းကို တားမြစ် ထားပါတယ်။

နောက်တခု ထောက်ပြချင်တာက ခရီးသွားကဏ္ဍ ဖြစ်ပါတယ်။ သူတို့ နိုင်ငံတွင်း ဖွံ့ဖြိုး တိုးတက်လာတာနဲ့ အမျှ တရုတ်နိုင်ငံသားတွေဟာ ကမ္ဘာတခွင်ကို ခြေဆန့် ခရီးထွက် လာကြပါတယ်။ မြန်မာနိုင်ငံကိုလည်း နှစ်စဉ် သိန်းနဲ့ချီပြီး လာရောက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က လာရောက်ခဲ့တဲ့ စာရင်းတွေနဲ့ ယှဉ်ကြည့်ရင်တောင် ၂၀၁၉ ခုနှစ်မှာ ရာခိုင်နှုန်း ၁၆၀ ကျော် တိုးတက်လာတဲ့အထိကို လာရောက်ခဲ့ကြပါတယ်။

ဒါပေမဲ့ တရုတ် ခရီးသွားတွေ မြန်မာနိုင်ငံကို လာရောက်ချိန်မှာ သူတို့ သုံးစွဲတဲ့ ကုန်ကျငွေတွေကို WeChat Pay လို တရုတ် ငွေပေးချေမှု စနစ်တွေနဲ့ တရုတ်နိုင်ငံသားပိုင် ဟိုတယ်နဲ့ စားသောက်ဆိုင်တွေကိုသာ သုံးစွဲကြတဲ့ အတွက် နိုင်ငံတော်နဲ့ ဒေသခံတွေ ရသင့်ရ ထိုက်တာတွေကို ဆုံးရှုံးနေရတဲ့ အဖြစ်တွေ ရှိနေပါတယ်။

ဒီလို အငြင်းပွားဖွယ် ရာတွေနဲ့ ထိန်းကွပ်မှု မရှိနိုင်သေးတဲ့ ကိစ္စတွေအပေါ် ဥပဒေနဲ့အညီ ဘယ်လို ဆောင်ရွက်ကြမလဲ၊ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ မဖြစ်စေဖို့ နှစ်နိုင်ငံအကြား ဘယ်လို သဘောတူညီမှုတွေ ယူကြမလဲ ဆိုတာကလည်း အစိုးရအနေနဲ့ အာရုံ စိုက်သင့်တဲ့ ကိစ္စ ဖြစ်နေပါတယ်။

❑ မေးခွန်း (၁၀)

မြန်မာနိုင်ငံမှာ တရုတ်ကို အထောက်အထားနဲ့နားလည်နိုင်မှု လုံလောက်ပြီလား။

တရုတ်နိုင်ငံက မြန်မာနိုင်ငံ အတွက် အရေးအကြီးဆုံး မိတ်ဖက်နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု၊ ငြိမ်းချမ်းရေး၊ နိုင်ငံခြား ဆက်ဆံရေး တွေမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက ကြီးကြီးမားမား ပါဝင်နေပါပြီး တရုတ်နိုင်ငံတဲ့ စပ်လျဉ်းတဲ့ မူဝါဒတွေ၊ ဆုံးဖြတ်ချက်တွေကို နေ့စဉ် ချမှတ် နေကြရပါတယ်။ ထိရောက်ပြီး အရေအသွေး ပြည့်မီတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ဘယ်လို အချက်အလက် အထောက်အထားတွေကို အခြေခံ စဉ်းစားသလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ မှန်ကန်တဲ့ မူဝါဒ ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အချက်အလက် အထောက်အထား အခြေပြု သုတေသန သုံးသပ်ချက်တွေ လိုအပ်နေပါတယ်။

တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေ တွေကို သုတေသနပြုပြီး လေ့လာ သုံးသပ်နေတဲ့ အဖွဲ့အစည်းပေါင်း များစွာရှိပါတယ်။ အချက်အလက် အထောက်အထားတွေ၊ ပညာရှင်တွေနဲ့ မူဝါဒရေးရာ လေ့လာ သုံးသပ်သူတွေရဲ့ သုတေသန ဆောင်ရွက်ချက်တွေ၊ မတူညီတဲ့ လေ့လာ သုံးသပ်ချက်တွေပေါ်မှာ မူတည်ပြီး မြန်မာ့ရေးရာ မူဝါဒတွေကို တရုတ်က ပုံဖော်ကြပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ သုတေသနတွေကို စနစ်တကျ ဆောင်ရွက်နေတာ အားနည် းနေပါသေးတယ်။ နိုင်ငံတကာမှာ တရုတ်လေ့လာရေး ဌာနတွေ တည်ထောင်ပြီး တရုတ်နိုင်ငံ အကြောင်းကို ပိုမို ထဲထဲဝင်ဝင် လေ့လာနေကြပေမယ့် မြန်မာနိုင်ငံမှာတော့ တရုတ် လေ့လာရေးဌာနတွေ အပြိုင်းအရိုင်း ပေါ်ထွက်လာနိုင်ခြင်း မရှိသေးပါဘူး။

ဒါကို ဆန်းစစ် နိုင်ဖို့အတွက် ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းက စတင်ပြီး ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံမှာ ထုတ်ဝေခဲ့တဲ့ (တရုတ်အရေးနှင့် ပတ်သက်သည့်) စာအုပ်စာတမ်း ၇၂ အုပ်ကို ကျပန်း ကောက်ယူပြီး ဆန်းစစ်ကြည့်တဲ့ အခါ အများစုဖြစ်တဲ့ ၂၅ အုပ်က တရုတ်နိုင်ငံက ခေါင်းဆောင်တွေနဲ့ ခေါင်းဆောင်မှု အကြောင်းကိုသာ ယေဘုယျ မိတ်ဆက်ထား ပါတယ်။ ၁၃ အုပ် ကတော့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြား ဆက်ဆံရေးနဲ့ တရုတ် – မြန်မာ ဆက်ဆံရေး ကို လေ့လာထားတာ တွေ့ရပါတယ်။ အနည်းစု ဖြစ်သော ကျန်တဲ့ စာစောင်တွေကတော့ ခေတ်သစ် တရုတ်နိုင်ငံ တိုးတက်လာပုံ၊ ခရီးသွားမှတ်တမ်း၊ ဒဿနနဲ့ ဘ၀နေထိုင်မှု စတဲ့ အကြောင်းအရာ ကိုသာ ရေးသားထားတာ တွေ့ရပါတယ်။ အများစုကလည်း နယ်ပယ်အပေါ် စနစ်တကျနဲ့ ထဲထဲဝင်ဝင် လေ့လာ ထားတာမျိုး မဟုတ်ဘဲ ဘာသာပြန်တွေ၊ ယေဘုယျ မိတ်ဆက်တွေပဲ ဖြစ်နေတာ တွေ့ရပါတယ်။ တခါ ထွက်ရှိထားတဲ့ ၇၂ အုပ်ထဲမှာမှ ၈၀ ရာခိုင်နှုန်းလောက်ဟာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာမှ ထွက်ရှိခဲ့တာတွေဖြစ်ပြီး၊ အများစုကလည်း တရုတ် အထောက်အပံ့နဲ့ (သွယ်ဝိုက်အားဖြင့်) ထုတ်ဝေခဲ့တာတွေ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံ ပတ်သတ်တဲ့ မူဝါဒ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အထောက်ပံ့ ဖြစ်စေမယ့် အထောက်အထား၊ အချက်အလက်တွေ ပံ့ပိုးပေးနိုင်တဲ့ လုံလောက်တဲ့ သုတေသနတွေ ရှိနေရဲ့လားဆိုတာဟာ အရေးကြီးတဲ့ မေးခွန်းတခုအဖြစ်ရှိနေပါတယ်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။