ISP China Desk
တရုတ်၏အကျိုးစီးပွားထမင်းရည်ပူစည်းကို မနင်းမိအောင်ရှောင်နေရသည့် မြန်မာပြည်တွင်းစစ်

သြဂုတ်လလယ်တွင် စတင်ခဲ့သော ၎င်းတို့၏ ထိုးစစ်မျာကိုရပ်နားပြီး တလကြာ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမည်ဟူသည့် ကြေညာချက်တစောင်ကို ညီနောင်သုံးဖွဲ့ဟု ခေါ်ဆိုသော တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့က စက်တင်ဘာ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။  တအန်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော်(MNDAA) နှင့် ရက္ခိုင်တပ်မတော်(AA) သုံးဖွဲ့ပေါင်း ထုတ်ပြန်သည့် ယင်းကြေညာချက်၏ ထူးခြားချက်တရပ်မှာ တရုတ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသား၍ ထုတ်ပြန်ခဲ့ခြင်းပင်ဖြစ်သည်။

ဤထူးခြားချက်ကပင် မြန်မာ့ပြည်တွင်းစစ်အပေါ်တွင် တရုတ်နိုင်ငံ၏ အရိပ်ထိုးလွှမ်းမိုးနေသော သြဇာအရှိန်အဝါကို ထင်ဟပ်ပေါ်လွင်စေသကဲ့သို့ ပြသနေသည်။  

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် များစွာသောစိန်ခေါ်မှုများအကြား အဓိက ကိုင်တွယ်ဖြေရှင်းရမည့် အကြောင်းအရာတခုမှာ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များအပေါ်တွင် တရုတ်နိုင်ငံ၏ သြဇာသက်ရောက်မှုသည် မည်သည့် အတိုင်းအတာအထိ နက်နက်ရှိုင်းရှိုင်း ရှိနေသည်ဆိုသည်မှာ စစ်ဆေးစောကြောဖွယ်ကိစ္စတရပ် ဖြစ်နေသေးသော်လည်း သြဇာရှိနေခြင်းကမူ မငြင်းကွယ်သာသော အချက်အလက်ဖြစ်ပါသည်။ နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး အင်အားကြီးအိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများ ပါဝင်ပတ်သတ်နေခြင်းကို မြန်မာနိုင်ငံမြောက်ပိုင်းရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မဖြစ်မနေထည့်သွင်းစဉ်းစားရမည်မှာ ပကတိအမှန်တရားတခုဖြစ်သည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း တည်ဆောက်ရန် နာလည်မှုစာချွန်လွှာကို လက်မှတ်ထိုးမှု၊ မူဆယ်-မန္တလေး ရထားလမ်းအတွက် ဖြစ်တန်ချေလေ့လာရေးဆောင်ရွက်ရန် သဘောတူညီမှုတို့ ရရှိခဲ့သည်။ မရှေးမနှောင်းပင် သောင်မတင်ရေမကျဖြစ်နေသော မြန်မာနိုင်ငံမြောက်ပိုင်းရှိ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုများဖြင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်များအကြား နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှုများပေါ်ထွက်လာခြင်း၊ တပ်မတော်မှ တဖက်သတ်အပစ်ရပ်စဲရေးကြေညာခဲ့ခြင်း စသည့် အပြုသဘောဆောင်သော အခြေအနေများ ပေါ်ထွက်ခဲ့သည်။ ထိုသို့ အပြုသဘောဆောင်သည့် တိုးတက်မှုများ ပေါ်ထွက်လာခြင်းကြောင့် တရုတ်နိုင်ငံ၏အထောက်အပံ့ဖြင့် ငြိမ်းချမ်းရေး ခရီးပေါက်နိုင်သည်ဟူသော ယူဆချက်များ အားကောင်းလာခဲ့သည်။

သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မကြာမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် အထက်ပါယူဆချက်များကို စိန်ခေါ်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် တရုတ်နိုင်ငံ၏ သက်ရောက်နိုင်မှုများကို ပြန်လည်စောကြောသုံးသပ်ရန် လိုအပ်လာသည်။

ဤဆောင်းပါးသည် (၁) မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများကို ကိုင်တွယ်ရာတွင် တရုတ်နိုင်ငံသည် မည့်သည့် အကျိုးစီးပွားများကို အခြေခံ၍ စဉ်းစားသနည်း၊ (၂) တရုတ်နိုင်ငံ၏ အကျိုးစီးပွားစဉ်းစားချက်များသည် မြန်မာနိုင်ငံ၏ပြည်တွင်းစစ်နှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ၏ လားရာများအပေါ် မည်သို့သက်ရောက်မှုများရှိနိင်သနည်း ဆိုသည်တို့ကို သုံးသပ်ဆွေးနွေးသွားမည်ဖြစ်ပါသည်။

အရောင်မှိန်လာသည့် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး အလားအလာ

၂၀၁၆ ခုနှစ်တွင် NLD အစိုးရက အစိုးရတာဝန်ကို လွှဲပြောင်းတာဝန်ယူသည့်အချိန်မှစ၍ တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပိုမိုထဲထဲဝင်ဝင်ပါဝင်လာခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှအဖွဲ့များအား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် Nationwide Ceasefire Agreement (NCA) တွင် ပါဝင်လက်မှတ်ထိုးနိုင်ရန် တိုက်တိုက်တွန်းတွန်းရှိလာခဲ့သည်။ သို့သော် မြောက်ပိုင်း ညီနောင်သုံးဖွဲ့ တို့သည် ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်ခဲ့သော ၂၀၁၁ ခုနှစ်မှစတင်ကာ ၂၀၁၈ ခုနှစ် နှောင်းပိုင်းအထိ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် တရားဝင်ပါဝင်နိုင်မှု မရှိခဲ့ပေ။ ထိုအဖွဲ့များအား တရားဝင်ဆွေးနွေးဘက်အဖြစ် အသိအမှတ်မပြုခြင်းသည် အခြားအဖွဲ့များ၊ ဥပမာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)စသည်တို့နှင့်  ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှေ့ဆက်နိုင်ရေးအတွက်လည်း အဟန့်အတားတရပ်ဖြစ်နေခဲ့သည်။

တဖက်တွင် တရုတ်နိုင်ငံအနေနှင့် ရပ်ဝန်းလမ်းကြောင်းအဆိုပြုချက်အောက်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းစီမံကိန်းများကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရန်ကြိုးပမ်းလျက်ရှိရာ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် အစိုးရနှင့် လက်နက်ကိုင်များအကြား စည်းနှောင်မှုရှိသော အပစ်ရပ်စာချုပ်တရပ်ရရှိရန် ပိုမိုလိုအပ်လာခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံလုံးချီအပစ်အခတ်ရပ်စဲရေး(NCA) အလှမ်းဝေးနေသောကာလတွင် အစိုးရနှင့် လက်နက်ကိုင်များအကြား နှစ်ဦးနှစ်ဖက် သီးခြားစီ နှစ်ပွင့်ဆိုင် အပစ်ရပ်လက်မှတ်ထိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လာခဲ့သည်။ ၂၀၁၈ ခုနှစ်၊ နှောင်းပိုင်းတွင် မူဆယ်-မန္တလေး ရထားလမ်းအပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းမူဘောင်အောက်ရှိ စီမံကိန်းတချို့ ကို ဆွေးနွေးခြင်းများ အရှိန်ရလာမှုနှင့်အတူ တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ပိုမို၍တွန်းတွန်းတိုက်တိုက်ရှိလာခဲ့သည်။

၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင်ပင် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းသုံးဖွဲ့သည် တရုတ်နိုင်ငံတွင် အကြိမ်ကြိမ်ဆွေ့ဆုံခဲ့ကြပြီး နှစ်ဖက်အပစ်ရပ်သဘောတူညီချက် လက်မှတ်ရေးထိုးရေး ဆက်လက်ဆွေးနွေးရန် နိုင်ငံရေးနည်းအရ ဆက်လက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဟု အသီးသီးကြေညာချက်ထုတ်ပြန်ခဲ့ကြာသည်။ တဆက်တည်းဆိုသလိုပင် တပ်မတော်ဘက်မှလည်း တရုတ်-မြန်မာနယ်စပ် အပါအဝင် စစ်တိုင်းကြီး ၅ ခုတွင် ၄ လကြာ တဖက်သတ်အပစ်အခပ်ရပ်စဲရေးကြေညာပြန်သည်။ တရုတ်နိုင်ငံသံရုံးမှလည်း တိုးတက်မှုများကို ကြိုဆိုကြောင်း ထုတ်ပြန်ချက်များထုတ်ခဲ့သည်။ အပစ်အခတ်ရပ်စဲကြောင်းကြေညာသည့် ဒီဇင်ဘာလမှ ဧပြီလအထိကာလသည် မူဆယ်-မန္တလေး ရထားလမ်း ဖြစ်တန်ချေကွင်းဆင်းလေ့လာမည့်အချိန်နှင့် ကိုက်ညီနေရာ တရုတ်နိုင်ငံက အပြုသဘောဆောင်သည့် ပံ့ပိုးမှုများ ပြုနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်များလည်း ပြန်လည်အားကောင်းလာခဲ့သည်။ 

မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် အစိုးရတို့သည် ဆွေးနွေးမှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့သော်လည်း အပစ်အခတ်ရပ်စဲရာတွင် နယ်မြေသတ်မှတ်မှု၊ အပစ်အခတ်ရပ်စောင့်ကြည့်ရေးယန္တရား ဖော်ဆောင်ရေး အပါအဝင် ရခိုင်ပြည်နယ်အတွင်းတွင် AA နှင့် တပ်မတော်အကြားတိုက်ပွဲများ အရှိန်မြင့်လာခြင်းတို့ကြောင့် နှစ်ဖက်အပစ်ရပ်စဲရေး လက်မှတ်ထိုးရန်မှာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရဆဲဖြစ်သည်။ သို့ဖြစ်ရာ မကြာသေးမီကဖြစ်ပွားခဲ့သော မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ထိုးစစ်များနှင့်အတူ အရှိန်ရလာခဲ့သည့် မြန်မာနိုင်ငံမြောက်ပိုင်းရှိတိုက်ပွဲများသည် ဘူးလေးရာဖရုံဆင့်ဆိုသလို လက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပိုမိုရူပ်ထွေးသွားစေခဲ့သည်။

တရုတ်နိုင်ငံ၏တုံ့ပြန်မှု

လက်ရှိ မြန်မာပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသောတိုက်ပွဲများအား တရုတ်နိုင်ငံ၏ တုံ့ပြန်မှုသည် ယခင်က တရုတ်-မြန်မာနယ်စပ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများအပေါ် တုံ့ပြန်မှုနှင့် နှိုင်းယှဉ်ပါက အလေးအနက်ထားမှု ရေချိန်ကွာခြားသည်ကို မြင်ရသည်။

တိုက်ပွဲများဖြစ်ပွားပြီး ၄ ရက်အကြာ၊ သြဂုတ်လ ၁၉ ရက်နေ့ကပြုလုပ်သည့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့၏ တိုက်ခိုက်မှုအပေါ် တရုတ်အစိုးရက ပြတ်သားစွာဆန့်ကျင်ကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေးကိုအလေးထားပြီး အစဉ်တစိုက်ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဖြေကြားသည်။ ထိုဖြေကြားချက်သည် ယခင်နယ်စပ်ဒေသတွင်ဖြစ်ခဲ့သောတိုက်ပွဲများနှင့်ပတ်သက်၍ ဖြေကြားခဲ့သည့် နှစ်ဖက်တပ်များအား ချက်ချင်းအပစ်ရပ်ကြရန်၊ တရုတ်-မြန်မာနယ်စပ်၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကြရန် စသည့် ဖြေကြားချက်များကဲ့သို့ တိုက်တိုက်တွန်းတွန်းမရှိလှရာ တိုက်ပွဲများ၏အကျိုးဆက်ကို များစွာစိတ်ပူခြင်းမရှိလှသည်ကို ထင်ဟပ်နေသည်။ ဥပမာ ၂၀၁၃ ခုနှစ် ကချင်စစ်ပွဲများပြင်းထန်ချိန်တွင် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် တရုတ်စစ်တပ်မှ အဆင့်မြင့်အရာရှိများအား မြန်မာနိုင်ငံသို့ စေလွှတ်ကာ နယ်စပ်ရေးရာကိစ္စများကို ကောင်းမွန်စွာကိုင်တွယ်ရန် သတိပေးခြင်းများ၊ ၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲအတွင်းတွင်လည်း တရုတ်နိုင်ငံသည် မိမိ၏နယ်စပ်တည်ငြိမ်ရေးကို ထိရောက်စွာ ကာကွယ်သွားမည်ဟု မြန်မာအစိုးရအား ပြင်းထန်စွာသတိပေးခြင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့စိတ်ပူခြင်းမရှိသည့်တိုင် တိုက်ပွဲများကြောင့် တရုတ်-မြန်မာနယ်စပ်၏တည်ငြိမ်ရေးကို မထိခိုက်စေရန် တရုတ်နိုင်ငံအနေဖြင့် သတိထားကိုင်တွယ်နေသည်ကို တွေ့ရသည်။ သြဂုတ်လ ၂၀ ရက်နေ့တွင် တရုတ်အထူးသံတမန်မှ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အပါအဝင် တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(FPNCC အဖွဲ့ဝင်များ)ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် တွေ့ဆုံကာ စစ်ဆင်ရေးများရပ်တန့်ရန် ပြောဆိုခဲ့သလို မရှေးမနှောင်းပင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်ဟိုင်ကလည်း နေပြည်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သည်။ ထို့ပြင် တရုတ်-မြန်မာနယ်စပ် ကြယ်ခေါင်မြို့တွင်လည်း သံချပ်ကာကားများလှည့်လည်ခြင်းဖြင့် တရုတ်နိုင်ငံ၏ စစ်ရေးအင်အားကိုပြခဲ့သည်။

တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့  (ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့) သည် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် သြဂုတ်လ ၃၁ ရက်နေ့က တွေ့ဆုံခဲ့သည်။ သို့သော် ကျိုင်းတုံဆွေးနွေးပွဲ ပြုလုပ်နေချိန်အတွင်းတွင်ပင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်တွင် တိုက်ပွဲများ အရှိန်မြင့်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကလေးသူငယ်လေးဦးအပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့ရသည်။ ဆွေးနွေးပွဲသည်လည်း တရုတ်ဖိအားကြောင့်ဖြစ်ပေါ်လာခဲ့ရသော “ဟန်ပြ” ဆွေးနွေးပွဲတစ်ခုသာဖြစ်ကြောင်း တအန်း(TNLA)အဖွဲ့၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှုးချုပ် တာဘုန်းကျော်က ပြောခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ

ဘေဂျင်း၏ အခြေခံအကျိုးစီးပွားစဉ်းစားချက်များ

တရုတ်နိုင်ငံ၏ နယ်စပ်ဒေသတွင်ဖြစ်ပွားသောတိုက်ပွဲများအား မတူညီသော တုံ့ပြန်မှုများ၏ အချိန်အဆသည် ထိုတိုက်ပွဲများကြောင့် တရုတ်နိုင်ငံနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အပေါ်တွင် သက်ရောက်မှု၊  မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ ပထဝီနိုင်ငံရေးအကျိုးစီးပွားများအပေါ် ထိခိုက်မှု၊ မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုစီမံကိန်းများအပေါ် သက်ရောက်မှုများနှင့် များစွာသက်ဆိုင်နေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံရှိတိုက်ပွဲများသည် တရုတ်နိုင်ငံနယ်နိမိတ်အတွင်းသို့ နိုင်ငံဖြတ်ကျော် သက်ရောက်မှုများရှိသည့်အခါ တရုတ်နိုင်ငံသည် ပြင်းထန်သောဖိအားပေးတုံ့ပြန်မှုတို့ကို ပြုလုပ်လေ့ရှိသည်။ ဥပမာ ကချင်စစ်ပွဲသည် ၂၀၁၁ ခုနှစ်ဝန်းကျင်မှ စတင်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံဘက်ခြမ်းတွင် ထွက်ပြေးတိမ်းရှောင်သူပေါင်း တစ်သောင်းကျော် ‌ရောက်ရှိခဲ့သော်လည်း ထဲထဲဝင်ဝင်ပါဝင်ခဲ့ခြင်းမျိုးမရှိပေ။ သို့သော် ၂၀၁၃ ခုနှစ်တွင် တရုတ်-မြန်မာနယ်စပ်တွင် တိုက်ပွဲများပြင်းထန်လာပြီး တရုတ်နိုင်ငံဘက်သို့ ဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်ကြသောအခါ တရုတ်နိုင်ငံသည် တိုက်ပွဲများရပ်စဲရေးအတွက် ပိုမိုပြင်းထန်သော ဖိအားပေးမှုများ ပြုလုပ်လာသည်။  ထို့အတူ ၂၀၁၅ ခုနှစ် ကိုးကန့်အရေးအခင်းတွင်လည်း  မြန်မာတပ်မတော်မှ ပစ်ခတ်သည့်လက်နက်ကြီးကျည်များ တရုတ်မြေပေါ်သို့ ကျရောက်ပြီး တရုတ်နိုင်ငံသား လေးဦးသေဆုံးခဲ့ရာ တရုတ်နိုင်ငံမှ ပြင်းထန်စွာ သတိပေးပြောဆိုခဲ့သည်။ ယခုနှစ်သြဂုတ်လတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများသည် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်တွင် ဖြစ်ပွားခဲ့သောကြောင့် တရုတ်-မြန်မာကုန်သွယ်ရေးကို ထိခိုက်စေခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားရာနေရာများသည် နယ်စပ်နှင့်ဝေးကွာသော ကုန်းတွင်းပိုင်းတွင်ဖြစ်ပွားခဲ့သောကြောင့် နယ်စပ်တည်ငြိမ်ရေးနှင့် တရုတ်ပြည်သူမျာ၏ လုံခြုံရေးကို ခြိမ်းခြောက်ခဲ့ခြင်းမရှိပေ။ သို့ဖြစ်ရာ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း စစ်ရေးတိုက်ခိုက်မှုများရပ်တန့်ရန်၊ သက်ဆိုင်ရာအင်အားစုများကို  ဆွေးနွေးပွဲစကားဝိုင်းသို့ ရောက်ရှိရန် ကြားဝင်စေ့စပ်ပေးမှုများရှိသော်လည်း ပြင်းထန်သော ဖိအားပေးမှုများ မပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

ဒုတိယတချက်အနေဖြင့် ကမ္ဘာတဝှမ်းရှိ ပဋိပက္ခများတွင် တရုတ်နိုင်ငံ၏ပါဝင်မှုသည် များပြားလာသော တရုတ်ရင်းနှီးမြုပ်နှံမှုများနှင့် တရုတ်နိုင်ငံသားများကို ကာကွယ်ရေးတို့နှင့် ဆက်စပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ရေနံနှင့်သဘာဝဓာတတ်ငွေ့ပိုက်လိုင်းအပါအဝင် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ အခြားသောစီမံကိန်းများအား ထိခိုက်ခြင်းရှိ၊ မရှိ၊ အကောင်အထည်ဖော်ရန်စိုင်းပြင်းနေသော တရုတ်-မြန်မာစီးပွားရေးစင်္ကြံအဆိုပြုချက်အောက်တွင်ရှိသော စီမံကိန်းများ၏အလားအလာကို ထိခိုက်ခြင်းရှိ၊ မရှိသည် မြန်မာနိုင်ငံရှိတိုက်ပွဲများကို တရုတ်နိုင်ငံအနေနှင့် မည်မျှထဲထဲဝင်ဝင်ပါဝင်ကိုင်တွယ်မည်ဆိုသည်ကို များစွာအဆုံးအဖြတ်ပေးနိုင်သည်။

မြန်မာ့ငြိမ်းချမ်းရေးအပေါ်တွင် တရုတ်နိုင်ငံ၏ ပါဝင်မှုအခန်းကဏ္ဍကို လွှမ်းမိုးနိုင်သော အရေးပါသည့် နောက်အချက်တချက်မှာ ပထဝီနိုင်ငံရေးအကျိုးစီးပွားရှုမြင်ချက်ဖြစ်သည်။ မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခများကိုကိုင်တွင်ရာတွင် ဘေဂျင်း၏အရေးပါသော မူဝါဒအလှည့်အပြောင်းများသည် ပထဝီနိုင်ငံရေးအကျိုးစီးပွားစေ့ဆော်ချက်များစွာ ပါဝင်နေသည်။ ဥပမာ ၂၀၁၂  ခုနှစ်နှောင်းပိုင်းမှ စတင်ကာ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်များတွင် တရုတ်နိုင်ငံအနေနှင့် တရားဝင်ပါဝင်လာစေရန် လှုံ့ဆော်ခဲ့သည့် အကြောင်းအရာများစွာအနက် အရေးပါသည့်တွန်းအားတခုမှာ ပထဝီနိုင်ငံရေးစဉ်းစားချက်ဖြစ်သည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများ၏ဆက်ဆံရေး ပြန်လည်ကောင်းမွန်ချိန်တွင် မြစ်ဆုံဆည်အရေးကြောင့် တရုတ်-မြန်မာဆက်ဆံရေးသည် အေးစက်ခဲ့ရာ ဘေဂျင်းအနေဖြင့် မြန်မာနိုင်ငံတွင် မိမိ၏လွှမ်းမိုးနိုင်မှုသြဇာကို မြှင်တင်နိုင်မည့်ဗျူဟာအသစ် လိုအပ်လာသည်။  တရုတ်-မြန်မာနယ်စပ်တွင်တည်ရှိနေသော လက်နက်ကိုင်အဖွဲ့များနှင့် ပြည်တွင်းပဋိပက္ခများသည် မြန်မာနိုင်ငံအနေဖြင့် တရုတ်၏သြဇာလွှမ်းမိုးမှုအောက်မှ ရုန်းမထွက်နိုင်စေရေး လိုသလိုသုံးနိုင်သည့် အနိုင်ဖဲတချပ်ဖြစ်လာခဲ့သည်။

 တရုတ်၏အကျိုးစီးပွားထမင်းရည်ပူစည်းနှင့် ပဋိပက္ခလားရာများ

ပြီးခဲ့သော သြဂုတ်လလယ်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်အပါအဝင် တရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်းတလျှောက်ရှိ  နောက်ချိုစစ်ဆေးရေးဂိတ်၊ မူးယစ်ဆေးဝါးဂိတ်နှင့်  မြို့ရှောင်လမ်းများကို တိုက်ခိုက်ခဲ့သည်။ နှစ်ပေါင်း ၇၀ ကျော်ကြာ လက်နက်ကိုင်များအကြား တိုက်ပွဲများဖြစ်ပွားနေခဲ့သော်လည်း အများပြည်သူသွားလာလှုပ်ရှားနေကြသော လူနေထူထပ်သည့် မြို့ပြနေရာများတွင် တိုက်ပွဲများဖြစ်ပွားခြင်းလာခြင်းသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုက်ပွဲများ၏ ပုံစံပြောင်းလဲလာမှုကို ဖော်ပြနေသည်။

ယခင်က တိုက်ပွဲများသည် တရုတ်-မြန်မာနယ်စပ်ဒေသတလျောက်တွင်ဖြစ်ပွားလေ့ရှိသော်လည် တိုက်ပွဲများ၏ ဗဟိုချက်သည် မြို့ကြီးပြကြီးများနှင့်နီးစပ်ရာ ဒေသများကို ရွေ့လျားလာသည်ကို တွေ့ရသည်။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့သော မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုသည် တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင်ဖြစ်ပွားခဲ့ပြီ လူသုံးထောင်ဝန်းကျင်သည် တရုတ်နိုင်ငံအတွင်းသို့ထွက်ပြေးခိုလှုံခဲ့ရသည်။ ထို့အတူ ၂၀၁၇ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများသည်လည်း လူပေါင်းနှစ်သောင်းကျော်အား တရုတ်နိုင်ငံအတွင်းသို့ထွက်ပြေးတိမ်းရှောင်စေခဲ့သလို ၂၀၁၈ ခုနှစ်၊ မေလတွင် ဖြစ်ပွားခဲ့သော မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ တိုက်ပွဲများသည်လည်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံမှ ပြင်းထန်စွာ သတိပေးကန့်ကွက်ခဲ့သည်။

သို့သော် ၂၀၁၉ ခုနှစ်၊ သြဂုတ်လလယ် တိုက်ပွဲများသည် တရုတ်-မြန်မာနယ်စပ်နှင့်အလှမ်းဝေးကွာသည့် အတွင်းပိုင်းဒေသများတွင် ဖြစ်သည်။ ကွတ်ခိုင်မြို့၊ နောင်ချိုမြို့စသော မြို့များအတွင်း တွင်တိုက်ပွဲများဖြစ်ပွားလာခြင်း၊ အများပြည်သူများနေ့စဉ်သွားလာလှုပ်ရှားနေသော မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်းတလျှောက် တိုက်ပွဲများပြင်းထန်ခဲ့ခြင်းတို့ကြောင့် ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူလူထုအားများစွာကို ထိခိုက်စေခဲ့ပြီး ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ အလယ်ပိုင်းအချက်အချာဖြစ်သော မန္တလေးမြို့နှင့် မိုင်လေးဆယ်အကွာတွင်ရှိသည့် ပြင်ဦးလွင်မြို့ အထိပင် ဦးတည် တိုက်ခိုက်ခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ ထမင်းရည်ပူစည်းကို ရှောင်လွှဲလိုသည့် တိုက်ပွဲများ၏ဗျူဟာမြောက်အရွေ့လောဟု မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

နောက်ထပ်အလေးထား သုံးသပ်သင့်သည့်အချက်တခုမှာ တရုတ်နိုင်ငံမှ စီမံကိန်းကြီးများနှင့် လက်နက်ကိုင်တိုက်ပွဲများကြားမှ ဆက်စပ်မှုဖြစ်သည်။ စီမံကိန်းများအောင်မြင်စေရန် နယ်စပ်တည်ငြိမ်ရေးနှင့် နယ်မြေလုံခြုံရေးစိုးမိုးရန်လိုအပ်သည့်အတွက် တရုတ်နိုင်ငံသည် စစ်ပွဲများရပ်သွားအောင် တိုက်တိုက်တွန်းတွန်းရှိလိမ့်မည်ဟူသည့် ယေဘုယျ ယူဆချက်မျိုးရှိသည်။ သို့သော် လက်တွေ့ မြေပြင်အခြေအနေများသည် ထိုယူဆချက်တွင် အားနည်းချက်များရှိနေကြောင်းကို ဖော်ပြနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများ၏အရွေ့
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများ၏အရွေ့

ပထမအချက်မှာ ကမ္ဘာတဝှမ်းရှိ မငြိမ်သက်သောပဋိပက္ခဒေသများတွင် တရုတ်နိုင်ငံအနေနှင့် စီမံကိန်းပေါင်းများစွာကို ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ရာ ပြည်တွင်းစစ်နှင့် လက်နက်ကိုင်ပဋိပက္ခများသည် တရုတ်နိုင်ငံ၏ အဓိကစိုးရိမ်မှုဖြစ်သည်ဟူသော ယူဆချက်သည် အငြင်းပွားစရာများစွာရှိသည်။ တရုတ်-ပါကစ္စတန်စီးပွားရေး စင်္ကြံလမ်းသည် ပါကစ္စတန်နိုင်ငံ၏ မငြိမ်သက်သည့် ဘလူချီစတန်(Balochistan )နယ်မြေကို ဖြတ်သန်းသွားရာ ဘလူချိစ်လက်နက်ကိုင်များ၏ အပြင်းအထန်ကန့်ကွက်ခြင်းကို ခံနေရပြီး တရုတ်စီမံကိန်းများအား ဦးတည်သည့် တိုက်ခိုက်မှုများစွာလည်း ဖြစ်ပွားခဲ့သည်။ သို့သော် ထိုအခြေအနေများသည် တရုတ်နိုင်ငံ၏ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်း တည်ဆောက်ရေး ဆန္ဒထက်သန်မှုကို အဟန့်အတားမဖြစ်ခဲ့ကြောင်း ၄၆ ဘီလီယံဒေါ်လာ တန်ဖိုးရှိသော စီမံကိန်းကြီးများ၏သဘောတူညီမှုများက သက်သေခံနေသည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သော်လည်း ကချင်လွတ်မြောက်ရေးတပ်(KIA) ၏ ကချင်ပြည်နယ်ရှိ ဆည်တည်ဆောက်ရေးကန့်ကွက်မှုတချို့မှတပါး တရုတ်စီမံကိန်းများကို ကြီးကြီးမားမား ထိခိုက်ခဲ့ခြင်းမရှိပေ။ တရုတ်စီမံကိန်းများကို ဦးတည်တိုက်ခိုက်ခြင်းမျိုးမရှိသည့်အပြင် ထိုလက်နက်ကိုင်များမှပင် စီမံကိန်းများကို ကြိုဆိုကြောင်း၊ လုံခြုရေးကို တာဝန်ယူကြောင်ကြေညာချက်များကို တရုတ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်ထားရာ ပါကစ္စတန်စီးပွားရေးစင်္ကြံနှင့် ယှဉ်ပါက ပဋိပက္ခများ၏ စီမံကိန်းများအပေါ် ခြိမ်းခြောက်နိုင်မှုအားနည်းသည်ဟုဆိုနိုင်သည်။ သို့သော် တဖက်တွင်လည်း မူဆယ်-မန္တလေး ရထားလမ်းကဲ့သို့သော စီမံကိန်းများကို အကောင်အထည်ဖော်ရန်ရှိနေရာ အကျိုးစီးပွားပဋိပက္ခများ၊ နယ်မြေရှင်းလင်းခြင်းများကြောင့် စီမံကိန်းလမ်းကြောင်းတလျှောက် လက်နက်ကိုင်ပဋိပက္ခများ ပိုမိုတိုးပွားလာနိုင်သည့်အလာအလားများကို တွေ့ရသည်။

နိဂုံး

အချုပ်ဆိုသော် မြန်မာပြည်မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကိုရှောင်ရှားရန် နယ်စပ်ဒေသမှသည် ပြည်မအတွင်းဘက်ပိုင်းသို့ ဦးတည်လာနိုင်သည်။ မူဆယ်-မန္တလေး ရထားလမ်းကဲ့သို့သော စီမံကိန်းကြီး ဆွေးနွေးမှုအရှိန်ရလာခြင်းကလည်း လမ်းကြောင်းတစ်လျှောက်တွင် ပဋိပက္ခများကို ပိုမိုအားကောင်းလာစေနိုင်သည်။ သို့သော်လည်း ထိုပဋိပက္ခများသည် တရုတ်နိုင်ငံ၏နယ်စပ်တည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသားနှင့် ရင်းနှီးမြုပ်နှံမှုများ၏ လုံခြုံရေး စသော အခြေခံအကျိုးစီးပွားများကို များစွာထိခိုက်စေနိုင်မည်မဟုတ်ရာ တရုတ်နိုင်ငံသည် ပဋိပက္ခ ကိုအလုံးစုံဖြေရှင်းရေး(conflict transformation)ထက် ပဋိပက္ခကိုလတ်တလောထိန်းချုပ်ကိုင်တွယ်နိုင်ရေး(Conflict management) ကိုသာ ဦးစားပေး ကူညီပံ့ပိုးဖွယ်ရာရှိသည်။

ထိုအနေအထားမှ သွေဖည်နိုင်သည့် ခြွင်းချက်တခုမှာ တရုတ်နိုင်ငံ၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ပထဝီနိုင်ငံရေးအရ များစွာအရေးပါသည်ဖြစ်ရာ မြန်မာနိုင်ငံ၏ သဘောတူညီချက်ဖြင့်ဖြစ်စေ၊ နိုင်ငံတကာဖိအားကြောင့်ဖြစ်စေ  မြန်မာနိုင်ငံ၏အရေးကို နိုင်ငံတကာမှဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် တရုတ်နိုင်ငံက မိမိ၏အကျိုးစီးပွားကို မလိုလားသူဟု သတ်မှတ်ထားသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံသည် လွန်စွာရင်းနှီးပြီး တရုတ်နိုင်ငံ၏အကျိုးစီးပွားများအား ကန့်သတ်ရန်ကြိုးစားခြင်းများကို လက်ခံနိုင်မည်မဟုတ်ပေ။ တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အပြုသဘောဆောင်ကာ ပိုမိုထဲထဲဝင်ဝင်ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံ၏အရေးကိစ္စများတွင် အခြားနိုင်ငံခြားတိုင်းပြည်များမှပါဝင်လာခြင်းမရှိစေရန် ဟန့်တားနိုင်သလို တိုက်ပွဲများကို မီးစသဖွယ်အသုံးပြုကာ မိမိ၏သြဇာနှင့် လွှမ်းမိုးနိုင်မှုကို တိုးချဲ့နိုင်သည့်အချက်ကိုလည်း လျစ်လျူရူထား၍မရနိုင်ပေ။ အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော အိမ်နီးချင်းရှိခြင်းသည် ယေဘုယျအားဖြင့် တရုတ်နိုင်ငံအတွက်ကောင်းမွန်သော်လည်း ထိုအိမ်နီးချင်းသည် တရုတ်နိုင်ငံ၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားများကို အထောက်အပံ့ပေးနိုင်သည့်မိတ်ဆွေဖြစ်ရန်က ပိုအရေးကြီးသည်။ ထိုသို့မဟုတ်ပါက ချည့်နဲ့နေပြီး မိမိသြဇာလွှမ်းမိုးနိုင်သည့် အိမ်နီးချင်းကိုသာ ပိုမိုလိုလားလိမ့်မည်ဖြစ်သည်။

(ယခုဆောင်းပါးကို စက်တင်ဘာလ ၂၃ ရက်နေ့ထုတ် The Voice Weekly သတင်းဂျာနယ် အတွဲ ၁၅၊ အမှတ် ၃၂ တွင် ဖော်ပြခဲ့သည်။) 

Categories: Peace

Khin Khin Kyaw Kyee

Khin Khin Kyaw is the Deputy Director for Research program and also the head of ISP’s China Desk. Khin Khin Master’s Degree in International Studies from the School of Oriental and African Studies, University of London. Prior to joining ISP, she worked as program coordinator for Institute for Political and Civic Engagement, Center administrator for International Law Development Organization (Rule of Law Centre Project) and independent researcher specializing in China-Myanmar relations.