ISP China Desk
ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ - ဒေါက်တာသီတာထွန်းအား မေးမြန်းခြင်း

ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ

ဒေါက်တာသီတာထွန်းအား မေးမြန်းခြင်း

ဒေါက်တာသီတာထွန်းသည် မန္တလေးတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန၏ ပါမောက္ခ(ဌာနမှူး) ဖြစ်သည်။

 

(ယခု ဖော်ပြထားသည့် အင်တာဗျူးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ်-၅ အတွက် မေးမြန်းထားခြင်း ဖြစ်သည်။ မေးမြန်းမှုကို လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုအင်တာဗျူးတွင် ပါဝင်သော သုံးသပ်ချက်များနှင့် အချက်အလက်များသည် ထိုအချိန်မတိုင်ခင်က (အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သော အခင်းအကျင်းမတိုင်ခင်) အခြေအနေများကို ထင်ဟပ်ပါကြောင်း သိစေအပ်ပါသည်။ ယင်းအပြင် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်စေသည်အထိ ရိုက်ခတ်မှုကြီးခဲ့သော ကိုဗစ်-၁၉ အခြေအနေများကြောင့် ယခု သုံးသပ်ချက်များအပြင် လေ့လာတွေ့ရှိချက်အသစ်များ ထွက်ပေါ်မှုရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။)

 

မေး။      ၂၀၁၈ ခုနှစ်ကစပြီး တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲတွေကအစ တောင်တရုတ် ပင်လယ်တွင်း အားပြိုင်မှုတွေအထိ  ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုတွေ အဘက်ဘက်မှာများလာခြင်းဟာ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။

ဖြေ။      ၂၀၁၈ ခုနှစ် တရုတ်နဲ့အမေရိကန် ကုန်သွယ်ရေးစစ်ပွဲမှာလည်း မြန်မာနဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အပေါ် သက်ရောက်မှုရှိတယ်။ အရှေ့တောင်အာရှနိုင်ငံတွေက တရုတ်အပေါ် မှီခိုနေရတာလည်း ရှိတယ်။ အမေရိကန် တိုက်ရိုက်ကုန်သွယ်တဲ့နိုင်ငံတွေလည်းရှိနေတော့ အဓိက သူတို့နှစ်နိုင်ငံဖြစ်တော့ သက်ရောက်မှု ရှိတာပေါ့။ အရှေ့တောင်အာရှနိုင်ငံတွေဆီကို ရင်းနှီးမြှုပ်နှံမှုတွေ အရွှေ့အပြောင်းလုပ်ဖို့ လုပ်လာတယ်။ ရင်းနှီးမြှုပ်နှံသူတွေကလည်း စောင့်ကြည့်နေတယ်။ အဲဒီအခွင့်အရေးကို အခွင့်ကောင်း လုပ်ကြတယ်။ ဗီယက်နမ်ဆိုရင် ရှိနေပြီးသား ရင်းနှီးမြှုပ်နှံမှုကို ဆက်ထိန်းထားနိုင်သလို ကုန်သွယ်ရေးစစ်ပွဲကြောင့် ပြောင်းရွှေ့လာတဲ့ ရင်းနှီးမြှုပ်နှံမှုကိုလည်း ဆက်ပြီး ဆွဲဆောင်နိုင်တယ်။ မြန်မာကျတော့ အဲဒီအခွင့်အရေး ရခဲ့ပေမယ့် Infrastructure အားနည်းတာကြောင့်နဲ့ ပြည်တွင်းအခြေအနေကြောင့် အခွင့်အရေးကို ကောင်းကောင်း အသုံးမချနိုင်ခဲ့ဘူး။ တောင်တရုတ်ပင်လယ်တွင်း အားပြိုင်မှုမှာလည်း မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။  သက်ဆိုင်ရာ ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေ အနေနဲ့ တိုက်ရိုက်သက်ရောက်မှုတွေရှိနေပေမယ့် တိုက်ရိုက်မပတ်သက်တဲ့ နိုင်ငံတွေအနေနဲ့ကတော့ ဒေသတွင်းလုံခြုံရေးနဲ့ ပတ်သက်နေရပြန်တယ်။ တရုတ်ကိုလည်း ဒေသတွင်းနိုင်ငံတွေက မကင်းနိုင်ကြတဲ့အပြင် တိုင်လည်း တရုတ်ကအရေးမလုပ်တော့ ASEAN Statement ထုတ်တာတောင် လိမ္မာပါးနပ်စွာ သတိထားပြီး ထုတ်နေကြတာ တွေ့ရတယ်။ အမေရိကန်အနေနဲ့က တရုတ်ရဲ့အပြုအမူ ဆောင်ရွက်မှုတွေဟာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နဲ့ ပျံသန်းခွင့်တွေကို ခြိမ်းခြောက်စိန်ခေါ်နေတယ်လို့ ယူဆတယ်၊ Code of Conduct ကိုပဲ အတည်ပြုဖို့ကြိုးစားနေကြရတယ်။  ရေပိုင်နက်ဧရိယာကိုအပြိုင်တောင်းဆိုကြရင် စစ်ရေးအသွင်မြင့်တက်ခြင်းက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ လျော့ကျစေတာကြောင့် ဒေသရဲ့ ကုန်သွယ်ရေးကို အခြေပြုတဲ့ စီးပွားရေးမှာ ထိခိုက်မှုက ရှိနေတယ်။

 

မေး။      တရုတ်နိုင်ငံကလည်း ရပ်ဝန်းလမ်းကြောင်း စီမံကိန်းကို အကောင်အထည်ဖော်နေချိန်မှာ အမေရိကန်နဲ့ ဒေသတွင်းမဟာမိတ်တွေဖြစ်တဲ့ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျ စတဲ့ နိုင်ငံတွေကလည်း လွတ်လပ်တဲ့၊ ပွင့်လင်းတဲ့ အင်ဒိုပစိဖိတ်ဒေသဆိုပြီး ပထဝီနိုင်ငံရေး ဦးစီးဦးဆောင် ပြုမှုတစ်ရပ်ကို ကျယ်ကျယ်လောင်လောင် ပြောဆို လာကြပါတယ်။ ဒီ အင်ဒိုပစိဖိတ်အဆိုပြုချက်တွေမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍက ဘယ်လိုအနေထားမှာ ရှိပါသလဲ။ ဒီအဆိုပြုချက်တွေဟာ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အရေးပါမှုကို ပိုမိုမြင့်တက်လာစေပါသလား။ ဘေးကျပ် နံကျပ် ပိုဖြစ်လာစေပါသလား။

ဖြေ။      တရုတ်ကလည်း ရပ်ဝန်းလမ်းကြောင်း စီမံကိန်းကို အကောင်အထည်ဖော်နေတယ်။ အမေရိကန်နဲ့ ဒေသတွင်း မဟာမိတ်တွေကလည်း Indo-Pacific Strategy ကို ပိုပြီး ဂရုစိုက်ဆောင်ရွက်လာကြတယ်။ အင်အားကြီးတဲ့နိုင်ငံတွေက အင်အားကြီးသလို လုပ်သွားပြီး အင်အားနည်းတဲ့နိုင်ငံတွေကတော့ အင်အားကြီး နိုင်ငံတွေလုပ်တာကို ခံနေရတဲ့ သဘောတွေ ရှိနေတယ်။ Dominant Power ဖြစ်တဲ့ အမေရိကန်နဲ့ Rising Power ဖြစ်တဲ့ တရုတ်ရဲ့ အားပြိုင်မှုက မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ သိသာထင်ရှားစွာ တွေ့နေရတယ်။ မြန်မာနိုင်ငံလို အင်အားချင်းမမျှတဲ့နိုင်ငံလေးတွေအတွက်ကတော့ သေချာစဉ်းစားပြီး ဆုံးဖြတ်ရမှာတွေ အများကြီး ရှိနေတယ်။ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အရေးပါမှုကတော့ မြင့်တက်လာမလား ဆိုတာထက် အင်အားကြီးနှစ်နိုင်ငံ ပြိုင်ဆိုင်တဲ့ Arena ဖြစ်နေတာတော့ အမှန်ပဲ။ အဲ့ဒီအရေးပါမှုကို အသုံးချတတ်ဖို့လည်း လိုသေးတယ်။ ဆုပေး ဒဏ်ပေးတာတွေလည်း အပြိုင်အဆိုင်လုပ်နေတယ်။ ဘေးကျပ် နံကျပ်တွေလည်း ပိုဖြစ်လာတယ်လို့ ယူဆရတယ်။ ကိုယ့်မှာရှိတဲ့ အားသာချက်ဟာ ကိုယ်သုံးတတ်ရင် ကိုယ့်အတွက်ရမယ်လေ။ ကိုယ်မသုံးတတ်ရင်၊ မှားသွားရင်တော့ ပထဝီနိုင်ငံရေး Concept ဖြစ်တဲ့ Shatter belt လို ပဲပေါ့။ ပြည်တွင်းပြည်ပ အခြေအနေတွေကြားမှာ ဆူးကြားက ဘူးခါးလေးလိုပါပဲ။

 

NLD အစိုးရလက်ထက်မှာ ရခိုင်ကိစ္စကြောင့် အမေရိကန်နဲ့ ဆက်ဆံရေး အနည်းငယ် တင်းမာခဲ့တော့ တရုတ်လွှမ်းမိုးမှုက ပိုမြင်သာလာတယ်။ အထူးသဖြင့် ရခိုင်ကိစ္စနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ တရုတ်အခန်းကဏ္ဍကို တွေ့ရမယ်။ NLD အစိုးရလက်ထက်မှာ တရုတ်နဲ့ဆက်ဆံရေးက Balancing Strategy သုံးမရဘူး။ တရုတ်ရဲ့ နောက်မြီးဆွဲ (Bandwagoning) လုံးလုံးလည်းမဟုတ်ဘူး။ အင်အားအချိုးမညီတဲ့ ဆက်ဆံရေးဖြစ်နေလို့ မိမိအကျိုးစီးပွားကို အတတ်နိုင်ဆုံး ရအောင်ယူတဲ့ Hedging Strategy ကို သုံးနေတာတွေ့ရတယ်။

မေး။      တရုတ်၊ အမေရိကန်နဲ့ အခြား ဒေသတွင်း အင်အားကြီးနိုင်ငံတွေအကြား ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုတွေ ကို မြန်မာနိုင်ငံဟာ ဘယ်လိုမူဝါဒတွေနဲ့ ကိုင်တွယ်နေတယ်လို့ သုံးသပ်ပါသလဲ။

ဖြေ။      ဒီမေးခွန်းကို ဖြေရတာ အငြင်းပွားစရာပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်အမြင် သူ့အမြင် ကွဲနိုင်ပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံဟာ အင်အားကြီးနှစ်နိုင်ငံရဲ့ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုနယ်ပယ်ထဲ ရောက်နေတယ်။ လက်ရှိ NLD အစိုးရလက်ထက်မှာ  တရုတ်နဲ့ဆက်ဆံရေးဟာ တပ်မတော်အစိုးရလက်ထက်က တရုတ်နဲ့ ဆက်ဆံရေးနဲ့ ခပ်ဆင်ဆင် တူတယ်။ တရုတ်ရဲ့ လွှမ်းမိုးမှုရှိနေတာ တွေ့နေရတယ်။ USDP အစိုးရလက်ထက်က တရုတ်နဲ့ဆက်ဆံရေးမှာ မြန်မာဘက်က တရုတ်လွှမ်းမိုးမှုကို ငြင်းဆန်တဲ့ (ဥပမာ- မြစ်ဆုံကိစ္စ) ဗျူဟာတွေကို တွေ့ရတယ်။ အမေရိကန်နဲ့ ဆက်ဆံရေးကလည်း အထိုက်အလျောက် အဆင်ပြေနေတယ်။ အဲ့ဒီတော့ တရုတ်ကို Soft Balancing လုပ်နိုင်တယ်။ NLD အစိုးရလက်ထက်မှာ ရခိုင်ကိစ္စကြောင့် အမေရိကန်နဲ့ ဆက်ဆံရေး အနည်းငယ် တင်းမာခဲ့တော့ တရုတ်လွှမ်းမိုးမှုက ပိုမြင်သာလာတယ်။ အထူးသဖြင့် ရခိုင်ကိစ္စနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ တရုတ်အခန်းကဏ္ဍကို တွေ့ရမယ်။ NLD အစိုးရလက်ထက်မှာ တရုတ်နဲ့ဆက်ဆံရေးက Balancing Strategy သုံးမရဘူး။ တရုတ်ရဲ့ နောက်မြီးဆွဲ (Bandwagoning) လုံးလုံးလည်းမဟုတ်ဘူး။ အင်အားအချိုးမညီတဲ့ ဆက်ဆံရေးဖြစ်နေလို့ မိမိအကျိုးစီးပွားကို အတတ်နိုင်ဆုံး ရအောင်ယူတဲ့ Hedging Strategy ကို သုံးနေတာတွေ့ရတယ်။ တရုတ်လွှမ်းမိုးမှုကို ပိုတွေ့ရတဲ့ Limited Bandwagoning ဗျူဟာကို သုံးနေတယ်လို့ မြင်မိတယ်။ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ လုံခြုံရေးအရ ဆက်ဆံတဲ့နေရာမှာ အချိုးမညီတဲ့ ဆက်ဆံရေး (Asymmetric Relations) ဖြစ်လို့ ရလာတဲ့ အကျိုးအမြတ်ကလည်း အချိုးညီမှာတော့ မဟုတ်ဘူး။ အကျိုးစီးပွားမရဘူးလို့တော့ ပြောလို့မရပါဘူး။

 

မေး။      ၂၀၁၆ ခုနှစ်နောက်ပိုင်းကစပြီး အထူးသဖြင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ သံတမန်ရေးအရ သက်ရောက်လွှမ်းမိုးနိုင်မှုတွေဟာ ဘယ်ခေတ်နဲ့မှ မတူအောင်များလာခဲ့ပါတယ်။ တဖက်မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေး နယ်ပယ်နဲ့ သံတမန်ဆက်ဆံရေးတွေဟာ တစတစ ဘောင်ကျဉ်းလာခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံဟာ လွန်ဆန်ရမလွယ် အခြေအနေရောက်သွားနိုင်တဲ့ တရုတ်ရဲ့လွှမ်းမိုးမှုကို တစုံတရာ ပြန်ထိန်းညှိပြီး မိမိရဲ့ အကျိုးစီးပွားအတွက် လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒအစဉ်အလာကို ဆက်လက်ထိန်းထားနိုင်မယ့် အခြေအနေမျိုး ရှိပါသလား။

ဖြေ။      လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကတော့ အစိုးရအဆက်ဆက် ကျင့်သုံးလာတဲ့ မူဝါဒပါပဲ။ ဘယ်အတိုင်းအတာထိ လွတ်လပ်လဲ၊ တက်ကြွလဲပဲ ကွာသွားကြတာပါ။ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေ၊ နိုင်ငံတကာစနစ်ရဲ့ အခြေအနေ၊ Decision-makers တွေရဲ့အခြေအနေ၊ အားလုံးခြုံငုံသုံးသပ်ပြီးတော့ အမျိုးသား အကျိုးစီးပွားကို အများဆုံး ကိုယ်ဘယ်လိုရနိုင်မယ်ဆိုတာ ဆုံးဖြတ်ပြီး မူဝါဒတွေကို ချမှတ်ကျင့်သုံးနေရတာပါပဲ။ Vital Interest ကို အထိပါးမခံဘဲ ကိုယ်လိုချင်တာကိုရအောင် လုပ်ရမှာပဲလေ။ ဒါ ငြင်းလို့မှမရတာပဲ။ အင်အားအရကိုက အချိုးမညီတဲ့ ဆက်ဆံရေးတွေ ဖြစ်နေတော့ ရတဲ့ အကျိုးကလည်း အချိုးညီစရာ မရှိပါဘူး၊ ဒါပေမဲ့ ကိုယ့်အတွက်လည်း ကျန်တယ်ဆိုရင်တော့ ကိုယ် လိမ္မာပါးနပ်ဖို့ပဲ လိုပါတယ်။ လက်ရှိနိုင်ငံခြားရေး မူဝါဒကို ဆက်ပြီးထိန်းထားနိုင်မလား ဆိုတာကတော့ တကယ်မူဝါဒချမှတ်တဲ့ အစိုးရရဲ့ မဟာဗျူဟာ ကျွမ်းကျင်မှုကလည်း အရေးကြီးတယ်။ ပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ တရုတ်ရဲ့ လွှမ်းမိုးမှုကလည်း တရုတ်-အမေရိကန်အားပြိုင်မှုအပေါ်မှာလည်း မှီတည်နေတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံခြားရေးမူဝါဒကိုလည်း သက်ရောက်မှုတွေ ရှိလာမယ်။ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအခြေအနေမှာ ဘယ်လိုမူဝါဒ၊ ဘယ်လိုဗျူဟာ ကျင့်သုံးရမယ် ဆိုတာကို အဆင်သင့်ပြင်ဆင်ထားဖို့ လိုအပ်တယ်။ ဥပမာအနေနဲ့ပြောရရင် အမေရိကန်နဲ့ တရုတ်အားပြိုင်မှု Power Relations က အားမျှနေရင် ဘယ်လိုမူဝါဒချမလဲ။ အင်အားကြီးနှစ်နိုင်ငံအနက် တဖက်ဖက်က ပိုပြီး Aggressive Intention ရှိနေရင် သေချာတာက မြန်မာနိုင်ငံကို ခြိမ်းခြောက်မှု ပိုအားကြီးလာမယ်။ အဲဒီတော့ (Neutral) ကြားနေရေးပဲ ဆက်နေမလား။ အမေရိကန်ကို ဆက်ဆံရေးကောင်းအောင်လုပ်ပြီး တရုတ်ကို Balancing လုပ်မလား။ ဒါမှမဟုတ် တရုတ်ရဲ့ နောက်မြီးဆွဲ လုပ်မှာလား။ လက်ရှိအတိုင်း Hedging Strategy နဲ့ သွားပြီး လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ ဆက်ထိန်းထားမလား။ ထိန်းထားနိုင်မယ့်အခြေအနေရော ရှိမှာလားဆိုတာ အစိုးရရဲ့ မဟာဗျူဟာကျတဲ့ လိမ္မာပါးနပ်မှုပေါ်မှာ မူတည်နေတယ်လို့ သုံးသပ်မိပါတယ်။

 

မေး။      ဒီပြောင်းလဲလာနေတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းကို မဟာဗျူဟာမြောက် ရင်ဆိုင်နိုင်ဖို့ဆို မြန်မာနိုင်ငံအနေနဲ့ ဘယ်လို အကြောင်းအချက် အခြေအနေတွေကို သတိထား ကိုင်တွယ်ရမလဲ။ ဘယ်လိုပြင်ဆင်မှုမျိုးတွေက အထောက်အကူပြုစေနိုင်ပါသလဲ။

ဖြေ။      မဟာဗျူဟာမြောက် ရင်ဆိုင်နိုင်ဖို့ဆိုရင် ကိုယ့်မှာရှိတဲ့ အားသာချက်ဟာ ကိုယ်သုံးတတ်ရင် ကိုယ့်အတွက်ရမယ်လေ။ ကိုယ်မသုံးတတ်ရင်၊ မှားသွားရင်တော့ ပထဝီနိုင်ငံရေး Concept ဖြစ်တဲ့ Shatter belt လို ပဲပေါ့။ အခြေအနေကတော့ မိမိရဲ့ပြည်တွင်းအင်အား ကောင်းအောင်လုပ်ရင်း ပြည်ပကို ကိုင်တွယ်နိုင်ဖို့ကိုလည်း လက်တွေ့ဆန်တဲ့ မဟာဗျူဟာတွေ ချမှတ်သင့်ပါတယ်။ ပြည်တွင်းအင်အား ယူရမယ့်အချိန်မှာ Internal Balancing လုပ်ရမယ်။ ဆိုလိုတာက စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ လုံခြုံရေး ဘက်စုံ အင်အားကောင်းအောင် တည်ဆောက်ကြရမယ်။ External Balancing လည်း လုပ်ရမယ်။ မိမိမိတ်ဖက်နိုင်ငံများ၊ အာဆီယံနိုင်ငံများနဲ့လည်း ပူးပေါင်းပြီး အင်အားကောင်းအောင် လုပ်ရမယ်။ မိတ်ဆွေနိုင်ငံများ၏အားကို မိမိအားဖြစ်အောင်လုပ်ရမယ်။ မိမိကို ခြိမ်းခြောက်လာမယ့် အင်အားကြီး နိုင်ငံ၏ ပြိုင်ဖက်အင်အားကြီးနိုင်ငံကို Engagement Policy ကျင့်သုံးပြီး  မိမိတို့လမ်းကြောင်းပေါ်သို့ ရောက်ရှိလာအောင် လုပ်ရမယ်။ သို့မှသာ ခြိမ်းခြောက်နေတဲ့ အင်အားကြီးနိုင်ငံ၏ Aggressive Behaviour ကို ပြန်လည်ထိန်းချုပ်နိုင်မှာ ဖြစ်တယ်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။