ISP China Desk
တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ် (ဇန်နဝါရီ ၉ ရက်မှ ၁၅ ရက် အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၁၄၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော အကြောင်းအရာများထဲမှ သတိပြုစရာ –

၁။ သတင်းများ

၂။ သဘောတူညီမှုများ

၃။ နိုင်ငံတကာသုံးသပ်ချက်များ

၄။ ကိန်းဂဏန်းအချက်အလက်များကို ထုတ်နုတ်တင်ပြသွားမည် ဖြစ်ပါသည်။

 

၁။ သတင်းများ

နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်

၂၀၂၁ ခုနှစ်အတွက် ပထမဆုံး တရုတ်-မြန်မာ သံတမန်ရေးလှုပ်ရှားမှုကို ဇန်နဝါရီ ၁၁ မှ ၁၂ ရက်အတွင်း လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ၎င်းမှာ ၂၀၂၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးလည်း ဖြစ်သည်။  တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဝမ်ယိသည် နှစ်သစ်အတွက် အရှေ့တောင်အာရှခရီးစဉ်အဖြစ် မြန်မာ၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့  သွားရောက်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း သတင်းများတွင် ၎င်းခရီးစဉ်နှင့် စပ်လျဉ်းသည့် ခန့်မှန်းမှုများ၊ ထုတ်ပြန်ချက်များ၊ သတင်းများ၊ သုံးသပ်ချက်များများစွာ ပေါ်ထွက်ခဲ့သည်။  မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် နှစ်ရက်တာ ခရီးစဉ်အတွင်းတွင် ဝမ်ယိသည်  နိုင်ငံတော်အတိုင်ပင်ခံ ၊ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံခဲ့သည်။

သမ္မတ ဦးဝင်းမြင့်နှင့်တွေ့ဆုံရာတွင် မြန်မာနှင့် တရုတ် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်သွားရေး အတွက် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှု ခရီးသွားနှစ် အကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု  သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သုံးသိန်းနှင့် ယွမ် သုံးသန်း(အမေရိကန်ဒေါ်လာ လေးသိန်းခြောက်သောင်းကျော်)တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ဆေးပစ္စည်းများ ကူညီပံ့ပိုးသွားမည်ဟု ကတိပြုခဲ့ပြီး အထူးလေယာဉ်ဖြင့် သယ်ဆောင်လာသော ယွမ်ငွေ နှစ်သိန်းခွဲ(အမေရိကန် ဒေါ်လာ သုံးသောင်းရှစ်ထောင်ကျော်)တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ဆေးပစ္စည်းများကို ပထမအသုတ်အဖြစ် ပေးအပ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စာချုပ်၊ နားလည်မှုစာချွန်လွှာ၊ မှတ်တမ်းလွှာ၊ စာလွှာနှင့် အစီအစဉ်တို့ အပါအဝင် သဘောတူညီချက် ခြောက်ချက်ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ထပ်မံတွေ့ဆုံကာ ယမန်နှစ်ကလာရောက်ခဲ့သည့် သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရရှိခဲ့သော အရေးကြီးသဘောတူညီချက်များကို ဘက်စုံ အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

ဇန်နဝါရီလ ၁၂ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ ရခိုင်အရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးတို့အပြင် အခြား နှစ်နိုင်ငံအရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံမှုအပြီး တရက်အကြာမှာပင်  ရိုဟင်ဂျာအရေးနှင့်စပ်လျဉ်းပြီး တရုတ်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ တွေ့ဆုံပွဲကို လာမည့် ဇန်နဝါရီ ၁၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကာမြို့၌ ကျင်းပသွားမည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်က သတင်းထုတ်ပြန်ခဲ့ခြင်းမှာ သတိပြုစရာဖြစ်ပါသည်။  ထိုသို့ သုံးပွင့်ဆိုင် တွေ့ဆုံရန်အတွက် တရုတ်နိုင်ငံအနေနှင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစကာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံခေါင်းဆောင်များကို တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ဖိတ်ကြားကာ တိုက်တွန်းကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။

 

ရွှေကုက္ကိုအရေးကြောင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF တဖွဲ့လုံး နုတ်ထွက်စာတင်

ဇန်နဝါရီ ၈ ရက်က ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရွှေကုက္ကိုစီမံကိန်းသည် အစိုးရ ခွင့်ပြုချက်ထက် ကျော်လွန်လုပ်ဆောင်ခဲ့ခြင်းကြောင့်  စီမံကိန်းအား ရပ်ဆိုင်းထားပြီး အစိုးရအုပ်ချုပ်ရေး ယန္တရားအောက် ထည့်သွင်းနိုင်ရေး ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် တပ်မတော်လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ ချစ်လင်းမြိုင်ကုမ္ပဏီနှင့် တရုတ်လုပ်ငန်းစု Yatai International ကုမ္ပဏီတို့ ပူးပေါင်းတည်ထောင်ထားသော Myanmar Yatai International ကုမ္ပဏီနှင့်ပတ်သက်၍ အရေးယူ၊ ပြုပြင်၊ ဖျက်သိမ်း ဟူသော မူအရ အရပ်ဘက်အုပ်ချုပ်ရေးလက်အောက်မှ ဆောင်ရွက်လျက်ရှိပြီး နယ်ခြားစောင့်တပ်(BGF)နှင့် ပတ်သက်၍မူ တပ်ပိုင်းဆိုင်ရာအရ ဆောင်ရွက်ရန်အတွက် လမ်းညွှန်ထားသည်ဟု ဆိုသည်။

ထိုသတင်းစာရှင်းလင်းပွဲအပြီး တရက်အကြာတွင် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ရင်း ၁၀၂၂ မှ တပ်ရင်းမှူး ဗိုလ်မှူးစောမောသို(စောမုတ်သုန်)မှာ ရာထူးတာဝန်များမှ နုတ်ထွက်သွားခဲ့သည်။ ရွှေကုက္ကိုမြို့သစ်စီမံကိန်းအပါအဝင် ဒေသတွင်း တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးစောတင်ဝင်းနှင့် ဗိုလ်မှူးစောမောသိုတို့အား နုတ်ထွက်ရန် တပ်မတော်က ညွှန်ကြားခဲ့သည်။ စောမောသို နုတ်ထွက်အပြီး ငါးရက်အကြာ၊ ဇန်နဝါရီ ၁၄ ရက်တွင်မူ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF တပ်မှူး ၁၃ ဦးအပါအဝင် အင်အား ၁၀၀ နီးပါးမှာ တိုင်းစစ်ဌာနချုပ်မှတဆင့် နုတ်ထွက်စာတင်ခဲ့ကြသည်။ ၎င်းတို့သည် BGF မှ နုတ်ထွက်ပြီးပါက ပြန်လည်တောခိုရန် (လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန်) စီစဉ်ထားသည်။ ယင်းသို့ BGF နှင့် တင်းမာမှုကို လျော့ချရန်အတွက် မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးတဦး ဦးဆောင်ကာ ဇန်နဝါရီ ၁၅ ရက်တွင် ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသ၌ တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။ တွေ့ဆုံမှုအပြီးတွင် BGF ဘက်မှ နုတ်ထွက်စာ ၁၀၀ ကျော်ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး မူလအတိုင်း ဆက်လက်တာဝန်ထမ်းဆောင်ရန် သဘောတူညီမှု ရရှိခဲ့သည်။

ကရင်ပြည်နယ် နယ်ခြားစောင့်(BGF) တပ်ဖွဲ့သည် DKBA(တိုးတက်သော ကရင်အမျိုးသားဗုဒ္ဓဘာသာ တပ်မတော်) မှ တပ်ရင်း ၁၂ ရင်း၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF မှ တပ်ရင်း တရင်းတို့က ၂၀၁၀ ပြည့်နှစ် သြဂုတ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်းပြောင်းလဲခဲ့ပြီး လက်ရှိတွင် စုစုပေါင်းတပ်အင်အားမှာ ခန့်မှန်းခြေအားဖြင့် သုံးထောင်ကျော် ရှိမည်ဟု ဆိုသည်။

 

တရုတ်၏ ယာယီခြံစည်းရိုးများ ပြန်ဖျက်ပေးရမည်

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ရှမ်းပြည်နယ်၊ လောက်ကိုင်ခရိုင်၊ မူဆယ်ခရိုင်၊ ဟိုပန်ခရိုင်နှင့် ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကချင်ပြည်နယ်၊ လိုင်ဇာမြို့နှင့် ပါဂျောင်ဒေသတို့တွင် တရုတ်နိုင်ငံဘက်က ခြံစည်းရိုးများ ကာရံခဲ့သည်။ ကိုဗစ်ကာလအတွင်း လူအကူးအသန်းများသော နေရာများတွင် ကူးလူးဆက်ဆံမှု မရှိစေရန်အတွက် ယာယီ ခြံစည်းရိုးများ ကာရံခဲ့ခြင်းဖြစ်သည်ဟု တရုတ်ဘက်က ဆိုသည်။ သို့သော် ကာရံထားသည့် သံဆူးလိပ် ခြံစည်းရိုးများသည် နှစ်နိုင်ငံ နယ်နိမိတ်အတွင်းရှိ မှတ်တိုင်များကြားသို့ ရောက်ရှိနေပြီး နှစ်နိုင်ငံ နယ်နိမိတ် စာချုပ်ပါ အချက်အလက်များကို ဖောက်ဖျက်ထားသည့်အတွက်   ပြန်လည်ဖျက်သိမ်းပေးရမည်ဟု သမ္မတရုံးက ပြောသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ် သဘောတူစာချုပ်ကို ၁၉၆၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင် သဘောတူညီ ချုပ်ဆိုခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် နယ်နိမိတ် မှတ်တိုင်များကို စိုက်ထူခဲ့သည်။ ထို့နောက် မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှစ်ဦးကို စေလွှတ်ကာ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းများ ပြန်လည်ဖော်ထုတ်ရေး၊ နယ်နိမိတ် သဘောတူစာချုပ်ပါအချက်များအရ ခြံစည်းရိုးများကို စနစ်တကျ ကာရံရေးနှင့် ခြံစည်းရိုးကာရံလိုသောသူက  ကုန်ကျစရိတ်ကျခံရန် စသည့်အချက်များကို တရုတ်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမည်ဟု ဇန်နဝါရီ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

 

။ သဘောတူညီမှုများ

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ တရက်အလို၊ ဇန်နဝါရီ ၁၀ ရက်တွင် မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု(Feasibility Study)ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ အဆိုပါ နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံကုမ္ပဏီ China Railway Eryuan Engineering Group Co., Limited(CREEG) တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါတရုတ်ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီက လာရောက်ခဲ့သည့်  တရုတ်သမ္မတ ခရီးစဉ်အတွင်း ရရှိခဲ့သော သဘောတူညီချက် ၃၃ ချက်ထဲမှ တခုဖြစ်သည့် မူဆယ်-မန္တလေး အမြန်ရထားလမ်းစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာဆန်းစစ်မှုကို ပြုလုပ်ခဲ့သည့် ကုမ္ပဏီလည်း ဖြစ်ပြီး တရုတ်အစိုးရ၏ ကျောထောက်နောက်ခံပြု ကုမ္ပဏီတခု ဖြစ်သည်။ CREEG ကုမ္ပဏီသည် ကူမင်း-ကျောက်ဖြူ ရထားလမ်းတည်ဆောက်ရန်အတွက် ၂၀၁၁ ခုနှစ်မှ စတင်ကာ မြန်မာအစိုးရထံ အဆိုပြုခဲ့ပြီး စီမံကိန်းဖြစ်နိုင်ခြေ လေ့လာမှုနားလည်မှုစာချွန်လွှာသည် ၂၀၁၄ တွင် သက်တမ်းကုန်ခဲ့သည်။ ထို့နောက် ၂၀၁၇ နှစ်လယ်ပိုင်းတွင် မူဆယ်-မန္တလေး ရထားလမ်းအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုပြုလုပ်ရန် ထပ်မံအဆိုပြုခဲ့ပြီး တနှစ်အကြာတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း(CMEC)အရ တရုတ်နိုင်ငံ၏ ဘေဂျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် မြန်မာနိုင်ငံမှ မူဆယ်- မန္တလေး– ကျောက်ဖြူ အမြန်ရထားလမ်း စီမံကိန်းတို့ကို ချိတ်ဆက် ဆောင်ရွက်မည် ဖြစ်သည်။ ထိုမှတဆင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့နှင့် ချိတ်ဆက် ဆောင်ရွက်မည် ဖြစ်သည်။ ယခု မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံမှ အဆိုပြုထားသော  တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း၏ အစိတ်အပိုင်းတခုဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်၊ တာလီမှ ရွှေလီအထိ ရထားလမ်းပိုင်းကို ၂၀၂၃ ခုနှစ်ကုန်တွင် ဖောက်လုပ်ပြီးစီးရန် လျာထားပြီး ရထားစတင်ပြေးဆွဲနိုင်မည်ဆိုပါက တရုတ်-မြန်မာ နယ်စပ်အထိ ပေါက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ တရုတ်-မြန်မာ ရထားလမ်း ချိတ်ဆက်ခြင်းနှင့် မြန်မာနိုင်ငံအတွင်း ရထားလမ်းဖောက်လုပ်ခြင်းသည် မြန်မာနိုင်ငံအား လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော ကြီးမားသည့်စျေးကွက်ကြီးနှင့် ကျယ်ပြန့်သော အာရှ-ဥရောပကုန်းမြေ(Eurasia)ကို ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေးနိုင်မည်ဖြစ်ကာ မြန်မာ့စီးပွားရေးတိုးတက်ရေးနှင့် ပြည်သူလူထုဘဝ ကောင်းမွန်ရေးကို အထောက်အကူ ပြုမည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားဖြည့်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ဆိုသည်။

မန္တလေး-မူဆယ် အမြန်ရထားလမ်းသည် ကီလိုမီတာ ၅၀၀(မိုင် ၃၁၀ ကျော်) ရှည်လျားမည်ဖြစ်ပြီး တနာရီလျှင်  ကီလိုမီတာ ၁၆၀(မိုင် ၁၀၀)နှုန်းဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ကိုးဘီလီယံခန့် ရှိမည်ဖြစ်သည်။

ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းတည်ဆောက် ထားသော တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့်အပြိုင် ဖောက်လုပ်မည့် အဆိုပါ ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုသာ အလေးထားလုပ်ဆောင်နေသော စီမံကိန်းဖြစ်သည်ဟု ပြည်တွင်းမှ လေ့လာစောင့်ကြည့်သူများ၏ ပြောကြားချက်ကို ဧရာ၀တီသတင်းဌာနနှင့် RFA သတင်းဌာနတို့တွင် ဖော်ပြထားသည်။

စစ်ရေးနှင့် စီးပွားရေးမဟာဗျူဟာ လိုအပ်ချက်များအရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှတဆင့် အိန္ဒိယသမုဒ္ဒရာအား ပိုမိုစိုးမိုးလာနိုင်ရန် ကြိုးပမ်းနေကြောင်း လေ့လာသူများ၏ ပြောကြားချက်ကိုလည်း ဧရာ၀တီသတင်းဌာန၏ အင်္ဂလိပ်ဘာသာ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

။ နိုင်ငံတကာသုံးသပ်ချက်များ

ယခုတပတ်၌ နိုင်ငံတကာမီဒီယာများဖြစ်သော တရုတ်နိုင်ငံအခြေစိုက် South China Morning Post သတင်းဌာနနှင့် South Asian Monitor တို့တွင် ဖော်ပြခဲ့သည့်အချို့ကို ထုတ်နုတ်တင်ပြရလျှင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ နေပြည်တော်ခရီးစဥ်အတွင်း ကတိပြုခဲ့သော မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်တိုးတက်စေရန်နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း အကောင်အထည်ဖော်မှု တိုးတက်စေရန်တို့အတွက် တရုတ်-မြန်မာ နယ်စပ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား တရုတ်နိုင်ငံက ကူညီဆောင်ရွက်သွားမည်ဟူသော ကတိပြုချက်များမှာ တရုတ်နိုင်ငံအနေနှင့် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနိုင်ငံများနှင့် ဒေသတွင်းအားပြိုင်မှုများအတွက် အထောက်အကူဖြစ်‌စေရန် ဦးတည်သော ဟန်ပြအကူအညီ(Show of Support)သာ ဖြစ်သည်ဟု ဆောင်းပါးရှင်က သုံးသပ်ထားသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းကလည်း အိန္ဒိယမီဒီယာအများစုတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား တရုတ်အစိုးရက ငွေကြေးနှင့် လက်နက်အကူအညီများ ထောက်ပံ့ပေးနေသည်ဟူသော ရေးသားချက် အများအပြားကို တွေ့မြင်ခဲ့ရသလို ယခုအခါတွင်လည်း တရုတ်အစိုးရ၏ ကတိပြုချက်များသည် ဟန်ပြ(Show)သက်သက်သာ ဖြစ်သည်ဟူသော သုံးသပ်ချက်များကို နိုင်ငံတကာမီဒီယာများတွင် မြင်တွေ့ရခြင်းဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးဝင်းမြင့်အား တရုတ်နိုင်ငံအနေနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာအရေးကို ကူညီသွားမည်ဟူသော ကတိပြုပြောကြားမှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံအခြေစိုက် Nikkei Asia သတင်းဌာနကလည်း တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ အစိုးရအပြောင်းအလဲမတိုင်ခင် အိမ်နီးချင်းနိုင်ငံများနှင့် နီးကပ်သောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ကြိုးပမ်းခြင်းဖြစ်သည်ဟု သုံးသပ်ထားသည်။

 

။ အချက်အလက်များ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဥ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စာချုပ်၊ နားလည်မှုစာချွန်လွှာ၊ မှတ်တမ်းလွှာ၊ စာလွှာနှင့် အစီအစဉ်တို့ အပါအဝင် အောက်ပါ သဘောတူညီချက် ခြောက် ချက်ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။

၁။ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်၊

၂။ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊

၃။ ကချင်ပြည်နယ် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် ငွေကြေးအထောက်အပံ့ပေးအပ်ရေး စာလွှာ၊

၄။ တရုတ်နိုင်ငံ၏ အတိုးမဲ့ ချေးငွေဖြင့် ဝယ်ယူသည့် လူစီးရထားတွဲများဆိုင်ရာ စာလွှာ၊

၅။ ကျေးလက် လမ်းတံတား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ အစည်းအဝေး မှတ်တမ်းလွှာ၊

၆။ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်အစီအစဉ် တို့ဖြစ်သည်။

ထို့အပြင် အဆိုပါခရီးစဥ်နှင့် ပတ်သက်၍လည်း မြန်မာအစိုးရ၏ ထုတ်ပြန်ချက်နှင့် တရုတ်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်များမှာ အချက်အလက်တချို့ ကွာခြားမှုရှိသည်ကို တွေ့ရသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ နှစ်နိုင်ငံဆွေးနွေးချက် ခုနစ်ချက်ရှိပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌မူ ဆွေးနွေးချက် ၁၀ ချက် ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ကွာဟနေသောအချက် သုံးချက်မှာ –

၁။ အစိုးရအသစ် အောင်မြင်စွာဖွဲ့စည်းနိုင်ရေးကို မျှော်လင့်ကြောင်းနှင့် ဝမ်းမြောက်ကြိုဆိုခြင်း၊

၂။ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ Code of Conduct ရေးဆွဲရာ၌ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူစဥ်အတွင်း အာဆီယံ-တရုတ် ဆက်ဆံရေး တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ပေးရန်နှင့်

၃။ မြန်မာနိုင်ငံအနေဖြင့် ထိုင်ဝမ်အရေး၊ ဟောင်ကောင်အရေးနှင့် ရှင်းကျန့်ပြည်နယ်အရေးတို့တွင် တရုတ်တနိုင်ငံတည်းမူဝါဒ(One China Policy) အရ တရုတ်နိုင်ငံဘက်မှ ခိုင်မာစွာ ရပ်တည်သည်ဟူသော အချက်များဖြစ်သည်။

မြန်မာနိုင်ငံအစိုးရဘက်မှ သတင်းထုတ်ပြန်ချက်များတွင် အထက်ပါ ဆွေးနွေးချက်သုံးချက်ကို မည်သည့်အတွက်ကြောင့် ချန်လှပ်ထားခဲ့သနည်းဆိုသည်မှာ ပဟေဠိတခုအဖြစ် သတိပြုစရာဖြစ်သည်။

စဉ်နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနထုတ်ပြန်ချက်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်
အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ရေး လုပ်ငန်းစီမံချက်ရေးဆွဲရန်နှင့် နိုင်ငံတော်ခရီးစဥ်များအတွင်း ရေးထိုးနိုင်ရေးပါရှိသည်။
CMEC ပူးပေါင်းဆောင်ရွက်ရေးပါရှိသည်။
ကိုဗစ်-၁၉ ပူးပေါင်းတိုက်ဖျက်ရေးပါရှိသည်။
မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထောက်ပံ့ပေးရေးပါရှိသည်။
မြန်မာ-တရုတ် ယဥ်ကျေးမှုခရီးသွားနှစ်ဖော်ဆောင်ရေးပါရှိသည်။
နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ် တိုးတက်ရေးပါရှိသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာစာမျက်နှာတွင် ပိုမို ပူးပေါင်းဆောင်ရွက်ရေးပါရှိသည်။
မပါရှိပါ။အစိုးရအသစ် အောင်မြင်စွာ ဖွဲ့စည်းနိုင်ရေးကို မျှော်လင့်ကြောင်းနှင့် ဝမ်းမြောက်ကြိုဆိုသည်။
မပါရှိပါ။မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုနှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ Code of Conductရေးဆွဲရာ၌ မြန်မာနိုင်ငံသည် ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
၁၀ မပါရှိပါ။ထိုင်ဝမ်၊ ဟောင်ကောင်နှင့် ရှင်းကျန့်ပြည်နယ် အရေးတို့တွင် မြန်မာနိုင်ငံသည် One China Policy အပေါ် ရပ်တည်သည်။

 

 

 

 

 

 

 

 

 

 

 

 

 

ဇေရှိုင်းဗိုလ်၊ လင်းထက်အောင်


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။