ISP China Desk
တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ပထမပတ်(ဇန်နဝါရီ ၂ ရက် မှ ၈ ရက် အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၅၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများထဲမှ သတိပြုစရာ –

၁။ သတင်းများ

၂။ သဘောတူညီမှုများ

၃။ နိုင်ငံတကာသုံးသပ်ချက်များ

၄။ ကိန်းဂဏန်းအချက်အလက်များကို ထုတ်နုတ်တင်ပြသွားမည် ဖြစ်ပါသည်။

 

၁။ သတိပြုစရာ သတင်းများ

တရုတ်ချေးငွေနှင့် လူစီးရထားတွဲများ

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီအတွင်းက မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင်၏ သဘောတူညီချက် ၃၃ ချက်တွင် ‘အတိုးမဲ့ချေးငွေဖြင့် လူစီးရထားတွဲများ ဝယ်ယူရေး သဘောတူ စာချုပ်’ လည်း ပါဝင်ခဲ့သည်။ အဆိုပါစာချုပ်အရ တင်သွင်းလာသောရထားတွဲ ၂၈ တွဲသည် သီလဝါဆိပ်ကမ်းသို့ ယခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်ရောက်ရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ ဖော်ပြချက်အရ သိရသည်။ ချေးငွေ အမျိုးအစားမှာ စာချုပ်ပါအတိုင်း အတိုးမဲ့ ဖြစ်သည်ဟု သိရပြီး စုစုပေါင်းချေးငွေမှာ ယွမ်သန်း ၈၀ ရှိသည်ဟု ဆိုသည်။ ချေးငွေသက်တမ်းမှာ နှစ် ၂၀ ဖြစ်ပြီး ချေးယူကာလ ငါးနှစ်၊ ဆိုင်းငံ့ကာလ ငါးနှစ်နှင့် ပြန်ဆပ်ကာလ ၁၀ နှစ်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ အစည်းအဝေးမှတ်တမ်းများအရ သိရသည်။ အထက်ပါ လူစီး ရထားတွဲများ ဝယ်ယူရေးကိစ္စရပ်များနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းကပင် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးအတည်ပြုခဲ့သည်။

တရုတ်နိုင်ငံမှ ဝယ်ယူမည့် ကိုဗစ်-၁၉ ကာကွယ်ဆေး

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် ဘေဂျင်းမြို့ရှိ မြန်မာသံရုံးက ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများမှာ ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်း အစောဆုံးကာလများတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည့် အခြေအနေရှိကြောင်းနှင့် မြန်မာသံရုံး၏ ကာကွယ်ဆေးရရှိရန် ကြိုးပမ်းမှုအခြေအနေများကို ဖော်ပြထားသည်။ တရုတ်နိုင်ငံအနေဖြင့်လည်း နိုင်ငံတကာ အစည်းအဝေးများတွင် ကာကွယ်ဆေးမိတ်ဖက်ထူထောင်သွားမည့်အကြောင်းများနှင့် များစွာသော နိုင်ငံများအား ကာကွယ်ဆေး ဦးစားပေးဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများကို ကတိပေးချက်များလည်း ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာအတွင်းက တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းတွင်လည်း ကာကွယ်ဆေးနှင့် ပတ်သက်၍ ဦးစားပေးမျှဝေလိုကြောင်းလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံသားယာဉ်မောင်း ၂၃ ဦးကို တရုတ်က ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး နှစ်ပတ်ခန့်အကြာတွင် ဒုတိယအကြိမ်ထိုးနှံရမည်ဖြစ်ကြောင်း 7 Day Daily သတင်းဖော်ပြချက် လည်း ရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာအစိုးရတာဝန်ရှိသူများက ကာကွယ်ဆေးအမည်ကို မေးမြန်းခဲ့သော်လည်း တရုတ်အစိုးရတာဝန်ရှိသူများက ဖြေကြားခြင်းမရှိကြောင်း ဖော်ပြထားသည်။ မြန်မာဘက်က နောင်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမည်ဆိုပါက မြန်မာအစိုးရထံ ကြိုတင်အကြောင်းကြားရန် အသိပေးခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သတင်းဌာနများ၏ ဖော်ပြချက်လည်း ရှိခဲ့သည်။ ဝမ်ယိမှာ တရုတ်အစိုးရအဖွဲ့အတွင်း အရေးပါအရာရောက်သူ တဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရတက်လာပြီးနောက်ပိုင်း မြန်မာ နိုင်ငံသို့ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၉၊ (၂၀၂၀ – တရုတ်သမ္မတရှီကျင့်ဖျင်နှင့်အတူ) နှစ်များအတွင်း လေးကြိမ် လာရောက် ခဲ့သည်။ ဝမ်ယိ၏ ခရီးစဉ်တခုချင်းစီတွင် ထူးခြားချက်များလည်း ရှိနေသည်။ ၂၀၁၆ ခုနှစ် ခရီးစဉ်၌ NLD အစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံးလာရောက်လည်ပတ်သော နိုင်ငံခြားသံတမန်ဖြစ်ခဲ့သည်။ ၂၀၁၇ ခုနှစ် ခရီးစဉ်တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို အဆိုပြုခဲ့သည်။ ၂၀၁၉ ခုနှစ် ခရီးစဉ်အတွင်း ICJ ကိစ္စရပ်များနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း အဆင့်မြင့်အရာရှိများ လည်ပတ်ရေးကိစ္စရပ်များဆွေးနွေးခဲ့ပြီး တလ အကြာတွင် တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ခရီးစဉ်အားလုံး၌ နိုင်ငံတော်သမ္မတ (ဦးထင်ကျော်/ဦးဝင်းမြင့်)၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်ကိုလည်း တွေ့ရသည်။ ယခု ခရီးစဉ်၌လည်း ကိုဗစ်ကာကွယ်ဆေး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စရပ်များ၌ ထူးခြားချက်များရှိလာနိုင်ကြောင်း သုံးသပ်ချက်များလည်း ရှိနေသည်။

 

၂။ သတိပြုစရာ သဘောတူညီမှုများ

မြန်မာတိုင်းမ်သတင်းဌာနတွင် ဖော်ပြခဲ့သော ရှမ်းပြည်နယ်တွင် ကန်ထရိုက်လယ်ယာစနစ် (Contract Farming) ဖြင့် ပြောင်းဧက တသန်းကျော် စိုက်ပျိုးထုတ်လုပ်ရန် ပြည်နယ်အစိုးရ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် တောင်သူများ ပူးပေါင်းစီစဉ်နေသည့် သတင်းမှာ သတိပြုစရာဖြစ်သည်။ မြန်မာတနိုင်ငံလုံး၌ ပြောင်းတန်ချိန် ၂ ဒသမ ၃ သန်းခန့် နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ထိုထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။ ကမ္ဘာဈေးကွက်၌ ပြောင်းဈေးနှုန်းသည်လည်း ၂၀၁၀ ခုနှစ်မှစ၍ ၅၇ ရာခိုင်နှုန်း ကျော်ထိ တဟုန်ထိုး မြင့်တက်လာခဲ့သည်။ ထို့အပြင် တရုတ်ပြည်တွင်း၌ အသားစားသုံးမှုလည်း မြင့်တက်လာရာ ပြောင်းကို တိရစ္ဆာန်အစာကုန်ကြမ်းအဖြစ် ဝယ်ယူမှုလည်း မြင့်တက်လာသည်။ ဈေးကွက်၏ ဝယ်လိုအားကြောင့် တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်၌ ပြောင်းကို တသီးတည်းစိုက်သောစနစ်(Monoculture)ဖြင့် စီးပွားဖြစ် အမြောက်အမြားစိုက်ပျိုးလာကြပြီး ဘေးထွက်ဆိုးကျိုးအနေဖြင့် သစ်တောပြုန်းတီးမှုကို အရှိန်အဟုန် မြင့်မားစွာ ဖြင့် ရင်ဆိုင်နေရကြောင်း ISEAS – Yusof Ishak Institute၏ ၂၀၂၁ ခုနှစ်တွင် ထုတ်ဝေသော စာတမ်းတစောင်၌ ဖော်ပြထားသည်။ ရှမ်းပြည်နယ် လားရှိုးမြို့အတွင်းရှိ တောင်ကုန်းတောင်စောင်းအားလုံးတွင်လည်း ဇီဝမျိုးစုံ သစ်တောများအဖြစ်မှ ပြောင်းစိုက်ခင်းများ အဖြစ်ပြောင်းလဲခဲ့ကြောင်းလည်း အဆိုပါစာတမ်းတွင် ဖော်ပြထား သည်။ ပြောင်းဈေးနှုန်းမြင့်မားခြင်း၊ တရုတ်ဝယ်လိုအား မြင့်မားခြင်းတို့ကြောင့် ပြောင်းစိုက်ပျိုးခြင်းသည် စီးပွားရေးအရ အကျိုးအမြတ်ဖြစ်ထွန်းနိုင်သော်လည်း မြေဧက မြောက်မြားစွာကို တသီးတည်းစနစ်ဖြင့် စီးပွားဖြစ် အမြောက်အမြားစိုက်ပျိုးမှု (Industrial Farming) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မြေယာပြဿနာ၊ သဘာဝ ပတ်ဝန်းကျင်ပြဿနာများကို ကြိုတင်တွက်ချက်၍ စဉ်းစားအဖြေရှာထားရန် လိုအပ်ပေသည်။

 

၃။ သတိပြုစရာ နိုင်ငံတကာသုံးသပ်ချက်

အိန္ဒိယသတင်းဌာနတခုဖြစ်သော The Hitavada တွင် ဖော်ပြထားသည့် “အရှေ့မြောက်ကုန်းတွင်းပိုင်းမှ နဂါး” ဆောင်းပါးတွင် အိန္ဒိယ-မြန်မာနယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ တရားမဝင် တရုတ် လက်နက်များ၊ ယင်းလက်နက်ဈေးကွက်၏ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်မှုများနှင့် အိန္ဒိယ၏ အရှေ့အရပ်သို့ မျှော်(Act East) မူဝါဒအပေါ် သက်ရောက်မှုများကို သုံးသပ်ရေးသားထားသည်။ ရိုင်ဖယ်၊ ပစ္စတိုနှင့် ပခုံးထမ်းဒုံးလက်နက်များ စသည့် တရုတ်နိုင်ငံထုတ်လက်နက်များသည် မြန်မာ-ထိုင်းနယ်စပ်မှတဆင့် မြန်မာ-အိန္ဒိယနယ်စပ်တလျှောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များဆီသို့ ရောက်ရှိနေပြီး ယင်းမှာ တရုတ်က အိန္ဒိယ၏ လက်ရှိကျင့်သုံးနေသော အရှေ့ အရပ်သို့ မျှော်ခြင်း မူဝါဒကို နှောင့်နှေးစေရန် ရည်ရွယ်ချက်ဖြင့် ပြုမူသည့် Diploterrorism ဖြစ်သည်ဟု ဆောင်းပါးရေးသူက သုံးသပ်ထားသည်။ မြန်မာအစိုးရကို ဆန့်ကျင်နေသော လက်နက်ကိုင်များနှင့် အိန္ဒိယ အစိုးရကို ဆန့်ကျင်နေသော လက်နက်ကိုင်များပါ အဆိုပါတရုတ်လက်နက်များကို အသုံးပြုနေကြသည့်အပြင် တရုတ်ထံမှ အကူအညီများရရှိလျက်ရှိခြင်းကြောင့် ဒေသတွင်းလုံခြုံရေး ထိခိုက်လျက်ရှိနေသည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။

 

၄။ သတိပြုစရာအချက်လက်များ

၂၀၂၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများ

၂၀၂၀ ပြည့်နှစ်အတွင်း လူကုန်ကူးမှု ၁၁၁ မှု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ ဖော်ပြချက်အရ သိရသည်။ အဆိုပါ ၁၁၁ မှုအနက် အဓမ္မလက်ထပ်မှု ၈၃ မှု၊ အဓမ္မလုပ်အားစေခိုင်းမှု တမှုနှင့် အဓမ္မအငှားကိုယ်ဝန်ဆောင်မှု တမှု စုစုပေါင်း ၈၅ မှုမှာ တရုတ်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည်မှာ သတိပြုဖွယ်ရာဖြစ်သည်။ လအလိုက်အနေဖြင့် ဇန်နဝါရီတွင် ၁၅ မှု၊ ဖေဖော်ဝါရီတွင် ခုနစ်မှု၊ မတ်တွင် ကိုးမှု၊ ဧပြီတွင် ခြောက်မှု၊ မေတွင် ခြောက်မှု၊ ဇွန်တွင် ၁၅ မှု၊ ဇူလိုင်တွင် ၁၄ မှု၊ ဩဂုတ်တွင် ၁၆ မှု၊ စက်တင်ဘာတွင် ခြောက်မှု၊ အောက်တိုဘာတွင် လေးမှု၊ နိုဝင်ဘာတွင် ရှစ်မှုနှင့် ဒီဇင်ဘာတွင် ငါးမှု အသီးသီးဖြစ်ပွားခဲ့သည်။

 

သန့်အောင်ပိုင်၊ ထက်ရှိန်လင်း


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။