ISP China Desk
Mr. Wang Yi(၀မ်ယိ) Photo - freedomnewspaper.com

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး၀န်ကြီးဌာန၊ ၀န်ကြီးလည်းဖြစ်၊ နိုင်ငံတော်ကောင်စီ၀င်လည်း ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဆက်ဆံမှု၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးပေါင်းအကောင်အထည်ဖော်ရေး ဆေးနွေးညှိနှိုင်းရာတွင် အရေးပါသူဖြစ်သည်။ ယင်းအပြင် မြန်မာနိုင်ငံကို ဖြတ်သန်းသွားမည့် ခါးပတ်နှင့် လမ်းစီမံကိန်း၏ ဦးဆောင်ကော်မတီခေါင်းဆောင်လည်း ဖြစ်သည်။

၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၆ ခုနှစ်၊ မတ်လကုန်တွင် အာဏာရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် နိုင်ငံခြားရေး၀န်ကြီးလည်း ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ နို၀င်ဘာလကလည်း ASEM နိုင်ငံခြားရေး၀န်ကြီးများအစည်းအဝေးတက်ရောက်ရန်  မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံစဥ် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CEMC)စီမံကိန်းကို အဆိုပြုခဲ့သည်။ စီမံကိန်းသည် တရုတ်-မြန်မာအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကို တိုးတက်စေမည်ဟု ၄င်းက ပြောဆိုခဲ့သည်။ စီးပွားရေးစင်္ကြံ(CEMC)သည် ခါးပတ်နှင့် လမ်းကြောင်း(BRI)စီမံကိန်း၏ အစိတ်အပိုင်းလည်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးကျော်တင်သည် ၂၀၁၈ ခုနှစ်က လာအိုနိုင်ငံတွင်ပြုလုပ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ခရီးစဥ်တွင် မစ္စတာ ၀မ်ယိနှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရုတ်နိုင်ငံအခန်းကဏ္ဍ၊ ခါးပတ်နှင့် လမ်းကြောင်းစီမံကိန်း(BRI) စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

၀မ်ယိသည် လက်ရှိတွင် အသက် ၆၆ နှစ်အရွယ်ရှိပြီး မြို့တော် ဘေဂျင်းဇာတိဖြစ်သည်။ အသက် ၂၈ နှစ်အရွယ်တွင် တရုတ်ကွန်မြူနစ်ပါတီသို့ ၀င်ရောက်ခဲ့သည်။ စီးပွားရေးပညာ မဟာဘွဲ့ကိုလည်း ရရှိထားသလို နိုင်ငံခြားရေး၀န်ကြီးဌာနနှင့် ပါတီတွင် ရာထူးအဆင့်ဆင့် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။