ISP China Desk
Mr. Yang Jiechi(ယန်ကျဲ့ချီ) Photo - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝက်ဘ်ဆိုဒ်

တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရို ဗဟိုကော်မတီဝင် မစ္စတာ ယန်ကျဲ့ချီ (Yang Jiechi) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ အဖွဲ့ဝင်နှင့် ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူးလည်း ဖြစ်သည်။ ယန်ကို ၁၉၅၀ ခုနှစ် မေလ ၁ ရက်နေ့က ရှန်ဟိုင်းတွင် မွေးဖွားခဲ့သည်။ အသက် ၂၁ နှစ်တွင် တရုတ်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့ကာ ပါတီသန္ဓေတစ်ဦးဖြစ်ပြီး ၁၉၇၅ ခုနှစ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဘာသာပြန်နှင့် စကားပြန်ဌာနတွင် ဝန်ထမ်းအဖြစ် စတင်အလုပ်ဝင်ခဲ့သည်။ ထို့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် ရာထူးအဆင့်ဆင့် ထမ်းဆောင်ကာ တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်းနိုင်ငံရေးသမားတဦး ဖြစ်လာသည်။ ယန်သည် အမေရိကန် ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးတွင် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြောက်အမေရိကနှင့် သမုဒ္ဒရာဒေသရေးရာဌာနတွင်လည်း လက်ထောက် အထွေထွေဒါရိုက်တာ၊ ဌာနညွှန်ကြားရေးမှူး၊ အကြံပေးပုဂ္ဂိုလ် တာဝန်သုံးခုကို တပြိုင်နက်တည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်း၏ နိုင်ငံရေးဖြတ်သန်းမှုကို လေ့လာပါက အဆင့်မြင့်ရာထူးများကို တပြိုင်နက်တည်း ထမ်းဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးကဏ္ဍတွင် ဩဇာအာဏာအရှိန်အဝါရှိသူ တဦးအဖြစ် ရှုမြင်ခံရသူဖြစ်သည်။

၂၀၀၇ ခုနှစ် မှ ၂၀၁၃ ခုနှစ်အထိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့သော ယန်သည် လက်ရှိတွင် တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရို ဗဟိုကော်မတီဝင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ထိုင်ဝမ်ရေးရာ ဗဟိုဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ဟောင်ကောင်နှင့် မကာအိုရေးရာ ဗဟိုဦးဆောင်အဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး၊ ဘဏ္ဍာရေးနှင့်စီးပွားရေး ဗဟိုဦးဆောင်အဖွဲ့ အဖွဲ့ဝင် နှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ စွမ်းအင်ထိန်းသိမ်းခြင်းနှင့် ညစ်ညမ်းမှု လျှော့ချခြင်း အမျိုးသားအဆင့် ဗဟိုဦးစီးအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး တာဝန်များကိုလည်း ထမ်းဆောင်နေသည်။

မစ္စတာ ယန်ကျဲ့ချီနှင့် မြန်မာ့ခေါင်းဆောင်များ တွေ့ဆုံမှု

  • ၂၀၀၈၊ မေ ၁၉ ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂနှင့် အာဆီယံနိုင်ငံများ ပူးပေါင်း၍ ရန်ကုန်မြို့၌ ကျင်းပခဲ့သော နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံကို လူသားခြင်းစာနာမှု အကူအညီများပေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အထောက်အပံ့ပေးရန် ကတိကဝတ်ပြုသည့် ညီလာခံ (Pledging Conference)သို့ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တက်ရောက်ခဲ့သည်။ မစ္စတာ ယန်ကျဲ့ချီက တရုတ်နိုင်ငံတွင် စီချွမ်ငလျင် လှုပ်ခဲ့စဉ်က မြန်မာနိုင်ငံသားတို့ စိုးရိမ်ပူပန်၍ ဝိုင်းဝန်းကူညီခဲ့သလို ယခု မြန်မာနိုင်ငံသားတို့ ဒုက္ခရောက်ချိန်တွင်လည်း မိမိတို့ဘက်မှ အိမ်နီးချင်းကောင်းပီသသော သွေးချင်းညီအစ်ကို စိတ်ဖြင့် ကူညီသွားရန် အသင့်ရှိကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ပြန်လည်ထူထောင်ရေးအတွက် မြန်မာအစိုးရ၏ မဆုတ်မနစ်ကြိုးပမ်းနေမှုကို အသိအမှတ်ပြုစေလိုကြောင်း၊ နိုင်ငံတကာအခင်းအကျင်းတွင် အာဆီယံ၏ တက်ကြွ၍ ဘက်မလိုက်သော ရပ်တည်ချက်ကို လေးစားပါကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများမှ မိမိတို့နှင့်အတူ မြန်မာနိုင်ငံရှိ အမှန်တကယ် လိုအပ်နေသူများအား ဝိုင်းဝန်းကူညီကြရန် အလေးထားတိုက်တွန်းကြောင်း အမှတ်တရစကား ပြောကြားခဲ့သည်။
  • ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသော ၆၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသော မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျဲ့ချီ (Yang Jiechi) နှင့် အစည်းအဝေးပြင်ပတွင် နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျဲ့ချီက တရုတ် – မြန်မာ ပြည့်စုံသောပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာမိတ်ဖက်ပူးပေါင်းမှုကို မြှင့်တင်နိုင်ရန်၊ နှစ်နိုင်ငံ ကောင်းမွန်သောဆက်ဆံရေးကိုထိန်းသိမ်းထားသင့်ကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများတွင် ပူးတွဲတည်ဆောက်ခြင်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် ပြောကြားခဲ့သည်။
  • ၂၀၁၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယန်ကျဲ့ချီ သည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်နှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် နှစ်နိုင်ငံဝန်ကြီးများက တရုတ် – မြန်မာဆက်ဆံရေး၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာကိစ္စရပ်များအပေါ် နက်ရှိုင်းသောအမြင်များ အပြန်အလှန်ဖလှယ်ခဲ့ကြသည်။
  • ၂၀၁၃ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တို့သည် တရုတ်နိုင်ငံ တရုတ်နိုင်ငံတော်ကောင်စီဝင် မစ္စတာ ယန်ကျဲ့ချီ (Yang Jiechi)  နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံအကြားတရုတ် – မြန်မာဘက်စုံ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။ ထိုခရီးစဉ်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနှင့်လည်း တွေ့ဆုံခဲ့သည်။
  • ၂၀၁၅ ခုနှစ် ဇွန်လ တွင် သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်းတွင် တရုတ်နိုင်ငံတော်ကောင်စီဝင် တဦး ဖြစ်သူ မစ္စတာ ယန်ကျဲ့ချီနှင့် သီးသန့်တွေ့ဆုံခဲ့သည်။
  • ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်ခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကိုယ်စားလှယ်အဖွဲ့တွင် တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရို ဗဟိုကော်မတီဝင် နှင့် နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး မစ္စတာ ယန်ကျဲ့ချီလည်း ပါဝင်လိုက်ပါလာခဲ့သည်။
  • ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရို ဗဟိုကော်မတီဝင် နှင့် နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး မစ္စတာ ယန်ကျဲ့ချီသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုဆွေးနွေးပွဲများတွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည့် အကျိုးတူ စီမံကိန်းများ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီ ပံ့ပိုးသွားရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် လောင်းကစား အပါအဝင် တရားမဝင်ကိစ္စရပ် များကို ပူးတွဲတိုက်ဖျက်သွားရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံမှ ကြွေးမြီ ပေးဆပ်မည့်ကာလကို တရုတ်နိုင်ငံက ရွှေ့ဆိုင်းပေးခြင်းဖြင့် အကူအညီပေးအပ် သွားမည့်ကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့သည်။