ISP China Desk
Mr. Wei Fenghe(‌‌ဝေဖုန်းဟယ်) Photo - countercurrents.org

တရုတ်နိုင်ငံ၊ ကာကွယ်ရေး၀န်ကြီးနှင့် နိုင်ငံတော်ကောင်စီ၀င် ဖြစ်သည်။ မြန်မာတပ်မတော်နှင့် အနီးကပ်ဆက်ဆံရသူဖြစ်ပြီး ကာကွယ်ရေးဆိုင်ရာကိစ္စတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့၏ တပ်မတော်တို့ အချစ်ကြည်ရင်နှီးမှု တိုးမြှင့်နိုင်ရေး၊ နယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံပြည်သူများ၏ လုံခြုံရေး၊ တပ်မတော်နှစ်အကြား မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော် ဆေးဘက်ဆိုင်ရာကိစ္စများ၊ အားကစားနှင့် နိုင်ငံတာလုံခြုံရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ အပြန်အလှန် ဖလှယ်ရေး စသည်တို့သည် ၄င်း၏ အဓိကလုပ်ငန်းဆောင်တာများ ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဇွန်လက နေပြည်တော်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှုရရှိရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရခိုင်ပြည်နယ် အရေးကိစ္စတို့ကို ဆွေးနွေးခဲ့သည်။ အဆိုပါခရီးစဥ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးက အထူးကြိုဆိုခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက တပ်မတော်ကာကွယ်ရေးဦးစိးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဥ်တွင် ၄င်းနှင့်တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စကို  ဆွေးနွေးခဲ့သည်။

‌‌ဝေသည် တရုတ်ပြည် အရှေ့ခြမ်း၊ ရှန်ဒေါင်းပြည်နယ်၊ လိုင်အိုချင်းဇာတိဖွား ဖြစ်သည်။ ၁၉၅၄ ခုနှစ်တွင် ဖွားမြင်ပြီး ၁၆ နှစ်အရွယ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)သို့ ၀င်ရောက်အမှုထမ်းခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်နှင့် ဗဟိုစစ်ကော်မရှင်အဖွဲ့၀င်ဟောင်းလည်း ဖြစ်သည်။