ISP China Desk
တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ်  ဒီဇင်ဘာ စတုတ္ထပတ်(၁၉ မှ ၂၅ ရက် အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၇၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများထဲမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို အနှစ်ချုပ် ဖော်ပြမည် ဖြစ်ပါသည်။

တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်

အာရုံစိုက်ဖွယ် သတင်းတပုဒ်မှာ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးဇုန်စီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်သော ကြူကုတ်-ပန်ဆိုင်း စီမံကိန်းကို တရုတ်ဘက်က ဖြုတ်ချခဲ့သည်ဟူသော Myanmar Times သတင်းဌာန၏ သတင်းဖော်ပြချက်ဖြစ်သည်။ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးဇုန်စီမံကိန်းသည် နိုင်ငံတကာ စီးပွားရေးပင်မဇုန် (Core Zone)၊ ပို့ကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်များ၊ သွင်းကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်များ တည်ဆောက်ရန် နှစ်နိုင်ငံသဘောတူထားသော စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းတွင် ပို့ကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်သိုလှောင်ရုံဇုန်များ၊ အခြားစီမံကိန်းအစိတ်အပိုင်းများနှင့် ချိတ်ဆက် ဆက်သွယ်သော လမ်းကွန်ရက်များ တည်ဆောက်ရန် ကြူကုတ်-ပန်ဆိုင်း၊ ဝမ်တိန်-ကျင်စမ်းကျော့ ဒေသတို့ကို ထောက်ပံရေးဇုန်များအဖြစ် စီမံကိန်းစတင်ရေးစွဲစဉ်က တရုတ်နိုင်ငံဘက်မှ အဆိုပြုခဲ့သည်။ ကြေးမုံ သတင်းစာ၏ ဖော်ပြချက်အရ ဒီဇင်ဘာ ၁၇ ရက်တွင် မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး ဆိုင်ရာ ဗဟိုကော်မတီ၏ (ဆဋ္ဌမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး ထိုအစည်းအဝေးတွင် တရုတ်ဘက်က ကြူကုတ်-ပန်ဆိုင်း စီမံကိန်းကို ပယ်ချခဲ့ခြင်းဖြစ်သည်။ ကြူကုတ်-ပန်ဆိုင်း စီမံကိန်းကို တရုတ်က စတင်အဆိုပြုစဉ်ကပင် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသောနယ်မြေ ဖြစ်၍ မြန်မာအစိုးရက တရားဝင်အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။ ယခုအခါ တရုတ်ဘက်မှလည်း ပြန်လည်ပယ်ဖျက်ခဲ့ပြီး မူဆယ်-ရွှေလီနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တွင် မူဆယ်-ရွှေလီဒေသကို ပင်မဇုန် (Core Zone) အဖြစ်လည်းကောင်း၊ ဝမ်တိန်-ကျင်းစမ်းကျော့ဒေသကို ထောက်ပံ့ရေးဇုန်အဖြစ်လည်းကောင်း နှစ်နေရာတွင်သာ အကောင်အထည်ဖော်ရန် ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပသော ဗွီဒီယိုကွန်ဖရင့်အစည်းအဝေး၌ သဘောတူခဲ့သည်။

ကချင်ကျောက်စိမ်း တရုတ်ဝယ်လက်

ဖားကန့်မြို့၌ ပထမဆုံး အဆင့်မြင့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစင်တာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး ဆိုသော နိုင်ငံပိုင်သတင်းစာ၏ သတင်းဖော်ပြချက်လည်း ရှိခဲ့သည်။ အဆိုပါ စင်တာအတွက် ဖားကန့်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက ဒေသခံလူငယ်များအား မန္တလေး၊ နေပြည်တော်နှင့် ရွှေလီတို့သို့ ပညာသင်စေလွှတ်ထားခဲ့သည်။ အဆိုပါ စင်တာတွင် ကျောက်အရောင်းအဝယ်ပြုလုပ်နိုင်သည့် ရုံသုံးရုံပါဝင်ပြီး တရုံလျှင် ၂၁၆ ခန်းဖြင့် ၆၄၈ ခန်းပါဝင်မည် ဖြစ်ကာ သုံးခန်းတွဲ သုံးထပ်အဆောက်အအုံ နှစ်လုံး၊ စားသောက်ရုံနှစ်ခန်းတွဲ နှစ်လုံးနှင့် စားသောက်ဆိုင် သုံးခန်းတွဲနှစ်လုံးတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။ ထိုအတွက် ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပြီး နိုင်ငံတော်အတွက်လည်း အခွန်စနစ်တကျရရှိလာမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း မီဒီယာဖော်ပြချက်များတွင်မူ ကျောက်စိမ်းဈေးကွက်တွင် တရုတ်ကုန်သည်များလွှမ်းမိုးနေခြင်း၊ ရှိနှင့်ပြီးဖြစ်သော မန္တလေးကျောက်စိမ်းဈေးကွက်တွင်ပင် တရုတ်မိုဘိုင်းလ်ပိုက်ဆံ App ဖြစ်သော WeChat ကို လုံးဝ အားကိုးရောင်းဝယ်နေရပြီး ဈေးအနှိမ်ခံရခြင်းများလည်း ရှိနေကြောင်း တွေ့ရသည်။

တစ်ရှူးငှက်ပျော

ကချင်ပြည်နယ်တွင် စိုက်ဧက တသိန်းခွဲခန့် စိုက်ပျိုးထားပြီး အပင်ပေါင်း သန်း ၂ဝဝ ကျော်ရှိနေသော တစ်ရှူးငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းတွင် တနှစ်ကျော် အရှုံး‌ပေါ်ပြီးနောက် တရုတ်ကုမ္ပဏီ သုံးခုသည်  မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည်ဟု The Daily Eleven သတင်းစာက ဖော်ပြသည်။ လက်ရှိအချိန်တွင် တရုတ်ကုမ္ပဏီသုံးခုသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသွားအလာ၊ ပို့ဆောင်ရေးများ အခက်အခဲကြုံရပြီး တိကျသော ဥပဒေမရှိခြင်းနှင့် မြေပြိုခြင်း၊ ရေကြီးခြင်းများကြောင့် အရှုံးပေါ်ကာ ထွက်ခွာကြသည်ဟုဆိုပြီး ၎င်းတို့အနေဖြင့် လာအိုနိုင်ငံဘက်သို့ ‌ရွှေ့ပြောင်းလုပ်ကိုင်ကြမည်ဟု ဆိုသည်။ အရှုံးပေါ်ကာ ထွက်ပြေးကြသောကုမ္ပဏီ  သုံးခုလည်းရှိပြီး အဆိုပါကိစ္စအတွက် ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းက တရုတ်အစိုးရထံ တိုင်ကြားထားသည်ဟု ဆိုသည်။

အခြားသတင်းများ

ယခုတပတ်အတွင်း ထူးခြားသော တရုတ်လှူဒါန်းမှုများအဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသော SSPP/ SSA နှင့် UWSP/ UWSA တို့သို့ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ လှူဒါန်းခဲ့သည်ကိုလည်း တွေ့ရသည်။ ‘၀’ အထူးဒေသအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများက ကိုဗစ် ကာကွယ်ရေးအတွက် အစားအသောက်၊ ဆေးဝါးနှင့် ပစ္စည်းများလှူဒါန်းခဲ့သည်ဟု The Daily Eleven သတင်းစာက ဖော်ပြခဲ့ပြီး SSPP/ SSA သို့ လှူဒါန်းမှုမှာ လေးကြိမ်မြောက်ဟု သိရသည်။

ဈေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် တရုတ်နိုင်ငံအတွင်းတွင် အလီဘာဘာ ကုမ္ပဏီ စုံစမ်းစစ်ဆေးခံနေရကြောင်း BBC သတင်းဖော်ပြချက်လည်း ရှိခဲ့သည်။ အလီဘာဘာ ကုမ္ပဏီအနေဖြင့် အထူးကုန်သွယ်ရေး သဘောတူစာချုပ်များ လက်မှတ်ထိုးရန် အရောင်းအဝယ်လုပ်သော ကုန်သည်များကို ဖိအားပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဈေးကွက်စည်းမျဉ်းဆိုင်ရာ ထိန်းချုပ်သူများဘက်က မကြာသေးခင်က သတိပေးခဲ့သည်။ ယင်းသဘောတူစာချုပ်အရ အရောင်းအဝယ်လုပ်သူများသည် ပြိုင်ဘက်ကုမ္ပဏီ၏ ဈေးကွက်များတွင် ကုန်ပစ္စည်းတင်သွင်းရောင်းချမှုကို တားမြစ်ထားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တရုတ်အစိုးရ တာဝန်ရှိသူများက အလီဘာဘာ၏ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာကုမ္ပဏီကြီး Ant Group နှင့် တွေ့ဆုံသွားရန်လည်း ရှိနေသည်။ Ant Group သည် မြန်မာနိုင်ငံ၌လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်လျက်ရှိပြီး Wavemoney တွင် အမေရိကန် ဒေါ်လာ ၇၃ ဒသမ ၅ သန်း ထည့်ဝင်ထားသည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။