ISP China Desk
တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

မြန်မာနိုင်ငံမှာ ဩဂုတ်လနှောင်းပိုင်းက စတင်ပြီး ကိုဗစ်-၁၉ရောဂါ စစ်ဆေး တွေ့ရှိမှုတွေ အရှိန်ထိုးတက်လာခဲ့ပါတယ်။ ဩဂုတ် ၁၆ ရက်မှာ ကိုဗစ် အတည်ပြုလူနာ ၃၇၆ ဦးသာ ရှိခဲ့ရာက စက်တင်ဘာ ၂၁ ရက်မှာ ရောဂါတွေ့ရှိသူ ၅,၈၀၅ ဦးနဲ့ သေဆုံးသူ ၉၄ ဦး ရှိလာခဲ့ပါပြီ။ ရောဂါကူးစက်မှုတွေ အလျင်အမြန် တိုးပွားလာတာကြောင့်  ကိုကိုးကျွန်းမှအပ ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်တွေမှာ အိမ်မှာသာနေဖို့ ညွှန်ကြား ချက်တွေ ထွက်ခဲ့သလို ပုံမှန်ပြန်ဖြစ်ဆဲ ရုန်းကန်နေတဲ့ လူနေမှုဘဝတွေ၊ အလုပ်အကိုင်တွေ တော်တော်များများ အခြေပျက်ခဲ့ရပြန်ပါတယ်။

ကူးစက်မှုတွေရော၊ သေဆုံးမှုတွေရော များပြားလာခဲ့တာကို ကြည့်ရင် ဒီရောဂါနဲ့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါ  မြန်မာဟာလည်း ကျန်ဒေသတွင်း နိုင်ငံတွေလို၊ ကမ္ဘာပေါ်က ဖွံ့ဖြိုးဆဲနိုင်ငံတွေလို တူညီတဲ့ကံကြမ္မာနဲ့ ကြုံနေရပါပြီ။ ဒါကြောင့် ဒီရောဂါ ကို ထိန်းချုပ်နိုင်ဖို့  အတတ်နိုင်ဆုံး အိမ်အပြင်မထွက်တာ အကောင်းဆုံးဖြစ်ပေမဲ့ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ အခြေခံလူတန်းစားများတဲ့ ဒီနိုင်ငံမှာ ဒီလိုသာ ကြာကြာ နေရမယ်ဆို နောက်ဆက်တွဲ လူမှုစီးပွားပြဿနာတွေ ကြီးထွားလာနိုင်ပါတယ်။ ဒီလို အခြေအနေမှာ ထိရောက်တဲ့ ကာကွယ်ဆေးပေါ်မှသာ ပုံမှန်လှုပ်ရှားနေတဲ့ လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်တာကြောင့် ကာကွယ်ဆေးကို အားကိုး မျှော်လင့်နေတဲ့ အနေအထား ဖြစ်ပါတယ်။

လက်ရှိမှာ ကာကွယ်ဆေးဖော်ထုတ်မှုတွေကို အရှိန်မြှင့် ဆောင်ရွက်နေကြပေမဲ့ ကာကွယ်ဆေး တမျိုးမျိုးကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ရင်တောင်မှ နိုင်ငံတွေဟာ မိမိနိုင်ငံသားတွေကို ကာကွယ်ဆေးဖြန့်ဝေနိုင်ရေး ရှေးရှုပြီး အပြိုင်အဆိုင် အလုအယက် ဝယ်ယူကြမယ်ဆိုရင် ချမ်းသာတဲ့၊ စီးပွားရေးအင်အား တောင့်တင်းတဲ့ နိုင်ငံ တွေကသာ ကာကွယ်ဆေးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ၂၀ဝ၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့  H1N1 ရောဂါကာကွယ်ဆေး အားလုံးနီးပါးကို ချမ်းသာတဲ့နိုင်ငံတွေက များစွာ ဝယ်ယူ စုဆောင်းခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအဖွဲ့ကြီးက မေတ္တာရပ်ခံမှသာ ဒီနိုင်ငံကြီးတွေက ပြည်တွင်းအသုံးပြုရေးအတွက် လုံလောက်တဲ့ပမာဏကို သေချာတွက်ချက် ချန်ထားပြီးမှ  သူတို့စုဆောင်းထားတဲ့ ကာကွယ်ဆေးတွေရဲ့ ဆယ်ရာခိုင်နှုန်းကို ဆင်းရဲတဲ့ နိုင်ငံတွေအတွက် မျှဝေပေးခဲ့ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ရောဂါ စတင်အရှိန်မြင့်လာချိန်မှာ တရုတ်၊ ပြင်သစ်၊ ဥရောပ သမဂ္ဂနဲ့ အမေရိကန် စတဲ့ နိုင်ငံကြီးတွေဟာ နှာခေါင်းစည်းနဲ့ ဆေးပစ္စည်းတွေကို ပြည်ပကိုမတင်ပို့ဖို့ တားမြစ်ခဲ့တာတွေရှိခဲ့တဲ့ အတွေ့အကြုံတွေကနေ ချိန်ထိုးကြည့်ရင်လည်း အရေးကြုံတဲ့အခါမှာ ကိုယ့်နိုင်ငံအကျိုးကိုသာ ပထမကြည့်ကြတာပါ။ ဒါကြောင့် ကာကွယ်ဆေးကို နိုင်ငံအသီးသီးအကြား မျှတစွာ ဖြန့်ဝေမှုတွေ ဆောင်ရွက် နိုင်ဖို့ သဘောတူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ယန္တရားတရပ် ရှိမနေတာကြောင့် ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံတွေဟာ ကာကွယ်ဆေး ပေါ်ပေါက်လာရင်တောင် အချိန်တို အတွင်း လက်လှမ်းမီဖို့မလွယ်ပါဘူး။

တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေး ဦးစားပေးဖြန့်ဝေပေးမယ်ဆိုတဲ့ ပြောကြားမှုဟာ သံတမန်စကားလုံးတွေကို ကျော်လွန်ပြီး လက်တွေ့ အနှစ်သာရရှိရှိ အကောင်အထည်ဖော်နိုင်ဖို့ (အနည်းဆုံး ၂၀၂၁ ကုန်လောက်အထိတော့) ခက်ခဲနိုင်တယ်လို့ သုံးသပ်ပါတယ်။

ဒီလိုအခြေအနေမှာ စက်တင်ဘာလဆန်းပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာယန်ကျဲ့ချီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ပုံမှန် ဆွေးနွေးပြောဆိုနေကျ ကိစ္စတွေဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းတွေကို အရှိန်မြှင့် အကောင်အထည်ဖော်ဖို့ တိုက်တွန်းတာ၊ ဒေသတွင်း နိုင်ငံ တကာအရေးတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတာတွေအပြင် တရုတ်နိုင်ငံအနေနဲ့ ကာကွယ်ဆေး စတင်ဖြန့်ဝေနိုင်တဲ့အခါ မြန်မာနိုင်ငံကို ဦးစားပေး ဖြန့်ဝေမယ် ဆိုတဲ့ ပြောဆိုချက်ဟာ တရုတ်-မြန်မာအရေး စောင့်ကြည့်လေ့လာသူတွေအကြား သတိပြုစရာ ဖြစ်ခဲ့ပါတယ်။ ဒီဆောင်းပါးမှာ တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ကာကွယ်ဆေး ဖော်ဆောင်မှုအခြေအနေ၊ ကာကွယ်ဆေး သံတမန်ရေးရာ ဆောင်ရွက်နေမှုတွေကို လေ့လာပြီး   တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေး ဦးစားပေးဖြန့်ဝေပေးမယ်ဆိုတဲ့ ပြောကြားမှုဟာ သံတမန်စကားလုံးတွေကို ကျော်လွန်ပြီး လက်တွေ့ အနှစ်သာရရှိရှိ အကောင်အထည်ဖော်နိုင်ဖို့ (အနည်းဆုံး ၂၀၂၁ ကုန်လောက်အထိတော့) ခက်ခဲနိုင်တယ်လို့ သုံးသပ်ပါတယ်။

 

ကာကွယ်ဆေးပြိုင်ပွဲမှာ တရုတ်နိုင်ငံ ဘယ်နေရာမှာရှိလဲ

ဒီနှစ်ဆန်းပိုင်းကစပြီး နိုင်ငံကြီးတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ၂၀၂၀ အစပိုင်းမှ စတင်ပြီး လေ့လာမှုတွေပြုခဲ့တဲ့ ကာကွယ်ဆေး လုပ်ငန်းတွေဟာ ရာချီရှိနေပြီဖြစ်ပြီး ဒီထဲမှာ  လူသားနဲ့ စတင်စမ်းသပ်မှုတွေ ဆောင်ရွက်နေတဲ့ ကာကွယ်ဆေး ၂၀ ကျော် ရှိပါတယ်။ ဒီဆောင်းပါး ကို ရေးနေတဲ့အချိန်မှာ ကာကွယ်ဆေး ကိုးမျိုး လောက်ကတော့ စမ်းသပ်မှုတွေရဲ့ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူပေါင်း ထောင်နဲ့သောင်းနဲ့ချီပြီး စမ်းသပ်မှုတွေ ပြုလုပ်နေပြီး ဒီစမ်းသပ်မှုတွေမှာ  ချွတ်ယွင်းချက် ကြီးကြီးမားမားမရှိဘဲ အောင်မြင်တဲ့ရလဒ်ထွက်မှသာ နောက်ဆုံး အတည်ပြု ခွင့်ပြု ချက်ရရှိပြီး ပမာဏများစွာ ထုတ်လုပ်ဖြန့်ချိနိုင်မှာ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုတွေအရ ရလဒ်ဟာလည်း ကံသေကံမ ပြောလို့မရနိုင်သေးပါဘူး။ နောက်ဆုံး အဆင့် လူပေါင်းများစွာနဲ့ စမ်းသပ်တဲ့အခါမှာ လူ အမျိုးမျိုးမှာ တုံ့ပြန်မှုအမျိုးမျိုး ရှိနိုင်တာကြောင့် အခန့်မသင့်ရင် နှစ်နဲ့ချီပြီး ကြာတတ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးတရပ်ကို ဖော်ထုတ်နိုင်ဖို့ အချိန်ယူရလေ့ရှိပြီး ပျမ်းမျှ ၁၀ နှစ်လောက် ကြာ တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ကပ်ဘေးကို ကျော်လွှားနိုင် ဖို့ အလျင်လိုနေတာကြောင့် ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ ၎င်းတို့ရဲ့ ဆေးကုမ္ပဏီကြီးတွေဟာ ကာကွယ်ဆေးကို  အလျင်အမြန် ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ လက်ရှိအခြေအနေမှာ စမ်းသပ်မှုရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့  ကျယ်ကျယ်ပြန့်ပြန့် စမ်း သပ်လေ့လာနေတဲ့အဆင့်ကို ရောက်ရှိနေတဲ့ ကာကွယ်ဆေးခြောက်မျိုးမှာ သုံးမျိုးက တရုတ်နိုင်ငံမှဖြစ်ပြီး (ဒီစာရေးနေတဲ့အချိန်မှာပဲ အပြောင်းအလဲတွေ ရှိနိုင်ပါတယ်) Cansino, Sinovac နဲ့ Sinopharm က စမ်းသပ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။  အဆင့် ၃ မှာ လူပေါင်း ထောင်သောင်းချီပြီး စမ်းသပ်ရမှာဖြစ်ပေမဲ့ တရုတ်နိုင်ငံထဲမှာ ရောဂါပိုးပြန့်ပွားမှုနှုန်း ကျဆင်းနေတာကြောင့် ပြည်ပနိုင်ငံတချို့မှာ စမ်းသပ်မှုတွေပြုလုပ်ဖို့ နိုင်ငံအချို့နဲ့ သဘော တူညီမှုတွေ ရရှိထားပါတယ်။ ဩဂုတ်လထဲမှာပဲ ဆော်ဒီအာရေဗီးယားနိုင်ငံဟာ Cansino ကာကွယ်ဆေးရဲ့ အဆင့် ၃ စမ်းသပ်မှုကို လက်ခံပြုလုပ်မယ်လို့ ကြေညာခဲ့သလို ပါကစ္စတန်မှာလည်း အလားတူစမ်းသပ်မှုမျိုး ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါ့အပြင် Sinovac က ဇွန်လမှာ အဆင့် ၂ စမ်းသပ်လေ့လာမှုပြီးခဲ့ပြီး အဆင့် ၃ လေ့လာမှု ကို ဇူလိုင်လကစပြီး ဘရာဇီးလ်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ Sinopharm ကလည်း ယူအေအီး၊ ပီရူးနဲ့ မော်ရိုကိုနိုင်ငံတွေမှာ အဆင့် ၃ စမ်းသပ်မှုတွေကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ကာကွယ်ဆေးဖော်ထုတ်နိုင်ဖို့ ပိုမိုနီးကပ်လာတာနဲ့အတူ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးမှာ ကဏ္ဍတခုအဖြစ် ပါဝင်လာတာကို သိသိသာသာ တွေ့လာရပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံကထုတ်လုပ်မယ့် ကာကွယ်ဆေးဟာ အများပြည်သူနဲ့ဆိုင်တဲ့ ပစ္စည်း “Global Public Good” အဖြစ် အသုံးပြုမှာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် တတ်နိုင်ပြီး လက်လှမ်းမီစေဖို့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို ကာကွယ်ဆေး ဦးစားပေးဖြန့်ဝေမယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ပြောကြား ချက်ကို နားလည်ဖို့ရာ နှစ်နိုင်ငံဆက်ဆံရေးကို ကျော်လွန်ပြီး တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို တစုံလုံးခြုံကြည့်ဖို့ လိုအပ်ပါတယ်။

ကာကွယ်ဆေး ဖြန့်ဝေတဲ့အခါမှာ ဦးစားပေးဖြန့်ဝေမယ်ဆိုပြီး တရုတ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်တွေနဲ့ သံတမန်တွေ ပြောကြားခဲ့တဲ့ နိုင်ငံတွေမှာ  မြန်မာနိုင်ငံအပြင် အာဖရိက၊ လက်တင်အမေရိက၊ ကာရေဗီယန်၊ အရှေ့အလယ်ပိုင်း၊ တောင်အာရှနဲ့ အခြားအရှေ့တောင်အာရှနိုင်ငံတွေ များစွာပါဝင်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံက စမ်းသပ်ထုတ်လုပ်နေဆဲ ကာကွယ်ဆေးတွေအတွက် အဆင့် ၃ စမ်းသပ်မှုတွေ လက်ခံ ပြုလုပ်နေတဲ့ နိုင်ငံတွေအပြင် အာဖရိကနိုင်ငံတွေကို ဦးစားပေးပြီး ကာကွယ်ဆေးတွေ ပို့ပေးမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ Sinovac ရဲ့ အဆင့် ၃ စမ်းသပ်မှုကို လက်ခံဆောင်ရွက်ပေးဖို့ သဘောတူခဲ့တာကြောင့် ကာကွယ်ဆေး အလုံးတသိန်းကို အခမဲ့ပေးမယ်လို့ ကုမ္ပဏီက ကတိပြုခဲ့ပါတယ်။ ဝန်ကြီးချုပ် လီခဲ့ချန်ကလည်း မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့ကိုလည်း အလားတူ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အခြားအာဆီယံနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေကိုလည်း ကာကွယ်ဆေးဦးစားပေးပြီး ဖြန့်ဝေမယ်လို့ ပြောခဲ့တာတွေ၊ ကာကွယ်ဆေးရောင်းချပေးဖို့ သဘောတူညီမှုတွေ ပြုလုပ်ခဲ့ပါတယ်။

 

ဝိရောဓိများ

တရုတ်နိုင်ငံက ခေါင်းဆောင်တွေ၊ သံတမန်တွေကတော့ ဗိုင်းရပ်စ်ဟာ နယ်စည်း မခြားတာကြောင့် ကာကွယ်ဆေးကိုလည်း နယ်စည်းမခြားဘဲ နိုင်ငံအားလုံး လက်လှမ်းမီနိုင်ရေးအတွက် နိုင်ငံကြီးတနိုင်ငံရဲ့ တာဝန်ကိုယူပြီး သဘောထားကြီး ရက်ရောစွာနဲ့ သူနိုင်-ကိုယ်နိုင် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ ဝူဟန်မှာ ကိုရိုနာကူးစက်ပြန့်ပွားမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ တရုတ်နိုင်ငံဟာ ဝေဖန်မှုတွေခံခဲ့ရပြီး တရုတ်နိုင်ငံရဲ့ပုံရိပ် ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ကပ်ဘေးကာလ အတွင်း ပထဝီနိုင်ငံရေး တင်းမာမှုတွေအကြား တောင်တရုတ်ပင်လယ်အတွင်း ပိုပြီး တင်းမာတဲ့အပြုအမူတွေ ဆောင်ရွက်တာ၊ ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေး ဥပဒေကို အတည်ပြုတာ၊ ဝေဖန်မှုတွေကို တုံ့ပြန်တဲ့ တရုတ်သံတမန်တွေရဲ့ ဝံပုလွေ စစ်သည် သံခင်းတမန်ခင်းတွေကြောင့် နိုင်ငံတကာမှာ  တရုတ်ဆန့်ကျင်ရေး စိတ်တွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့  ကပ်ဘေး ကနဦးကာလမှာ ကမ္ဘာတဝှမ်းကို နှာခေါင်းစည်းနဲ့ တခြားဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးအပ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အခု တရုတ်နိုင်ငံအနေနဲ့ ကာကွယ်ဆေး အောင်မြင်စွာ ဖော်ထုတ်နိုင်ဖို့ အလားအလာတွေ ရှိလာတဲ့အခါမှာ ဒါကို သံတမန်ရေးရာ အခွင့် အလမ်းတခုအနေနဲ့ အသုံးချပြီး နိုင်ငံတကာစင်မြင့်မှာ တရုတ်ရဲ့ ခေါင်းဆောင်မှုအခန်း ကဏ္ဍကို ပြန်လည်မြှင့်တင်ဖို့ ကြိုးစားတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့လည်း တဖက်မှာလည်း ဝိရောဓိတွေ ရှိနေပါသေးတယ်။ တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖြန့်ဝေပေးခြင်းဟာ ပုံရိပ်ကောင်းနဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကို မြှင့်တင်ရုံတင်မကဘဲ အခြားနိုင်ငံရေးအကျိုးစီးပွား ရည်မှန်းချက်တွေကိုဖော်ဆောင်ဖို့ သံတမန်ရေးဗျူဟာတရပ်အနေနဲ့ အသုံးပြုလာနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုတွေရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ အာရှမှာ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုအများဆုံးနှစ်နိုင်ငံ ဖြစ်ပါတယ်။ ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံဟာ ကာကွယ်ဆေးရရှိရေး တရုတ်နိုင်ငံကို ပြန်လည်ချဉ်းကပ်လာခဲ့ရတာကြောင့် အင်ဒိုနီးရှားဟာ တောင်တရုတ်ပင်လယ်အရေးမှာ အာဆီယံနိုင်ငံတွေကို ဦးဆောင်ပြီး တရုတ်နိုင်ငံနဲ့ သူတင်ကိုယ်တင် အပြန်အလှန်ဆွေးနွေးနိုင်မယ့် မျှော်လင့်ချက်တွေ မှေးမှိန်ခဲ့ရပါတယ်။ အလားတူပဲ ကာကွယ်ဆေးဖြန့်ဝေရာမှာ ဖိလစ်ပိုင်နိုင်ငံကို ဦးစားပေးနေရာမှာထားဖို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ တရုတ်နိုင်ငံကို တောင်းဆိုခဲ့ပြီး တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်တွေ့မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ကာကွယ်ဆေးကို ကိုယ်တိုင်ထုတ်လုပ်နိုင်လောက်တဲ့ အရင်းအမြစ်တွေမရှိသလို  အင်အားကြီးနိုင်ငံတွေနဲ့အပြိုင်  ရယူနိုင်ဖို့  အခြေအနေမပေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်တော့ လူသန်းပေါင်းများစွာရဲ့ အသက်တွေ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို မျက်ဝါးထင်ထင် ခြိမ်းခြောက်နေတဲ့ ကပ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ပထဝီနိုင်ငံရေး စဉ်းစားချက်တွေကို ရှေ့တန်းတင် ထားနိုင်ဖို့ ခက်ခဲပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ကာကွယ်ဆေး လက်လှမ်းမီမှုကို နိုင်ငံရေးအရ အသုံးချပြီး အပြန်အလှန် လိုက်လျောညီထွေရှိဖို့ အသုံးချမလား၊ ဒါမှမဟုတ် နိုင်ငံကြီးပီသစွာ သဘောထားကြီးကြီးနဲ့ တကန့်စီခွဲပြီး စဉ်းစားနိုင်မလားဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒုတိယတချက်ကတော့ ပထဝီနိုင်ငံရေးဆိုင်ရာ အရှုပ်အရှင်းတွေကို ထည့်သွင်းစဉ်းစားခြင်း မရှိဘူးဆိုရင်တောင် မြန်မာနိုင်ငံအနေနဲ့ ကာကွယ်ဆေး ရရှိနိုင်ရေးဟာ လွယ်ကူရိုးရှင်းတဲ့ ကိစ္စရပ်တခုတော့ မဟုတ်ပါဘူး။ နောက်ဆုံးအဆင့် စမ်းသပ်မှုမှာ အောင်အောင်မြင်မြင်ဖြစ်ပြီးလို့ အများတွက်ချက်ထားသလို ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ကာကွယ်ဆေးတွေ စတင် ထုတ်လုပ်နိုင်ရင်တောင်မှ ထုတ်လုပ်နိုင်တဲ့ပမာဏ အကန့်အသတ် ရှိပါ တယ်။ လက်ရှိမှာ Sinopharm နဲ့ Sinovac ကုမ္ပဏီ တွေဟာ တနှစ်ကို ကာကွယ်ဆေးအလုံး သန်း ၃၀ဝ လောက်ထုတ်နိုင်တဲ့စက်ရုံတွေ လည်ပတ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ Cansino ကလည်း ကာကွယ်ဆေး သန်း ၂၀ဝ လောက် ထုတ် လုပ်နိုင်မယ့် အလားအလာရှိတယ်လို့ ခန့်မှန်းပါတယ်။၁၀ ဒီနှုန်းအပြည့်သွားနိုင်မှ ၂၀၂၁ အကုန်မှာ ကာကွယ်ဆေးအလုံး သန်းတထောင် ထုတ်လုပ်နိုင်ပါမယ်။ တရုတ်နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း လောက်ကိုပဲ ကာကွယ်ဆေး အရင်ထိုးမယ်ဆိုရင် တောင် သန်း ၇၀ဝ ကျော်ရှိပါတယ်။ ဆေးပတ်လည် အောင် နှစ်လုံးထိုးရမယ်ဆိုရင် ဆေးအလုံးရေ ပေါင်း သန်း ၁၅၀ဝ လောက် လိုအပ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းသုံးစွဲမှုအတွက်ပဲ ရှိပါသေးတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ ကာကွယ်ဆေးဖြန့်ဝေတဲ့အခါမှာ ဦးစားပေး ဖြန့်ဝေပေးမယ်လို့ ပြောထားတဲ့ နိုင်ငံပေါင်းများစွာ ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကာကွယ်ဆေးတချို့ ရရှိကောင်းရရှိနိုင်ပေမဲ့ ၂၀၂၁ အကုန်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ဖို့ မလွယ်ပါဘူး။ ဒါ့အပြင် ကာကွယ်ဆေးရဲ့ ဈေးနှုန်း ဘယ်လောက်ရှိနိုင်မလဲ ဆိုတာကလည်း မြန်မာနိုင်ငံရဲ့ လက်လှမ်းမီမှုအပေါ်မှာ များစွာ သက်ရောက်မှုရှိမှာပါ။ Sinopharm က တာဝန်ရှိသူတဦး ကတော့ ၎င်းကုမ္ပဏီကထုတ်တဲ့ ကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးဖို့  လိုအပ်မှာဖြစ်ပြီး တကြိမ်ကို ယွမ် သုံးလေးရာဝန်းကျင် ကျနိုင်ပါတယ်။ နှစ်ကြိမ်အတွက် ဆိုရင်တော့ ယွမ် ၁၀ဝ၀ အောက် (အမေရိကန်ဒေါ်လာ ၁၄၅ ဒေါ်လာအောက်)မှာ ရှိမယ်လို့ ပြောပါတယ်။၁၁ ဒါဆိုရင် မြန်မာကျပ် နှစ်သိန်းနီးပါးရှိနိုင်တာမို့ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ တော်တော်များများ လက်လှမ်းမီနိုင်ဦးမှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံအနေနဲ့ ကာကွယ်ဆေး စတင်ဖြန့်ဝေတဲ့အချိန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ လက်လှမ်းမီအောင်နဲ့ တတ်နိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ပြောထားပေမဲ့ ဘယ်လိုအထူးစီမံဆောင်ရွက် မလဲတော့ မသိရသေးပါဘူး။ လက်ရှိ ရှိနေတဲ့ အခြေအနေနဲ့ အချက်အလက်အပေါ် မူတည်ပြီး သုံးသပ်ရရင်တော့  တရုတ်နိုင်ငံအနေနဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ အများပြည်သူ အသုံး ပြုနိုင်ဖို့ ဖြန့်ဝေပေးနိုင်မယ်၁၂လို့  ပြောပေမဲ့ ၂၀၂၁ အကုန်လောက်ထိတော့ နိုင်ငံတော် တော်များများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးနိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ရပါတယ်။

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့ အကောင်အထည်ဖော်နိုင်ရေးဟာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။

နိဂုံး

ကိုဗစ်-၁၉ကာကွယ်ဆေးပြိုင်ပွဲမှာ တာထွက်စောခဲ့သလို ရှေ့တန်းမှာ ပြေးနေတဲ့ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံခြားဆက်ဆံရေးနဲ့ သံတမန်ရေးရာတွေမှာ ကာကွယ်ဆေးက အရေးပါတဲ့ မျက်နှာစာတခုအဖြစ် ပေါ်ထွက်လာနေပါတယ်။ ဒီသံတမန်ရေး လှုပ်ရှားမှုဟာ  ကိုယ်ကျိုးမပါတဲ့ တကမ္ဘာလုံး ကောင်းကျိုးကို ရှေးရှုသလား၊ ဒါမှမဟုတ် နိုင်ငံရေးနဲ့ မဟာဗျူဟာ အကျိုးစီးပွားအတွက် အပြန်အလှန် လိုက်လျောမှုတွေကို ဦးတညသလားဆိုတာကတော့ မတူညီတဲ့အမြင်တွေ ရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေရဲ့ ပေးထားချက်အပေါ်မှာ ကြည့်ရင်တော့ တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့ အကောင်အထည်ဖော်နိုင်ရေးဟာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ ပထမတချက် ကတော့ ကာကွယ်ဆေးဟာ စမ်းသပ်ဆဲကာလမှာပဲ ရှိနေသေးတာကြောင့် စမ်းသပ်မှု အောင်မြင်ရင်တောင် အစောဆုံးအနေနဲ့  ၂၀၂၁ နှစ်ဆန်းပိုင်းလောက်မှာ စတင်ထုတ်လုပ်နိုင်မှာဖြစ်သလို မအောင်မြင်ရင်လည်း နောက်ထပ်လများစွာ ဒါမှမဟုတ်  နှစ်များစွာ ကြာနိုင်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေး စမ်းသပ်အောင်မြင်ပြီး စတင်ထုတ်လုပ်နိုင်ခဲ့ရင်တောင် အလုံအလောက် ထုတ်လုပ်နိုင်ရေး၊ ဖြန့်ဝေနိုင်ရေး အကန့်အသတ်တွေ များစွာရှိနေပါသေးတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အခြား အင်အားကြီးနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှသာ ကာကွယ်ဆေးကို ကမ္ဘာလုံးဆိုင်ရာ ကောင်းကျိုးအတွက် ဖြစ်စေမယ်ဆိုတဲ့ ပြောဆိုချက်ကို တကယ့်လက်တွေ့မှာ အနှစ်သာရရှိရှိ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါ တယ်။ ဒါ့အပြင် ဒီလိပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အသုံးချပြီး မိမိရဲ့ နိုင်ငံရေးအကျိုးစီးပွားတွေကို ရယူနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို လျော့ကျသွားစေနိုင်မှာဖြစ်ပါတယ်။

ကာကွယ်ဆေး ဖော်ထုတ်ဖြန့်ဝေရေးမှာ တရုတ်နိုင်ငံအနေနဲ့ သဘောထားကြီးကြီး အကောင်အထည်ဖော်နိုင်မယ်ဆိုရင် တာဝန်ယူတဲ့ အင်အားကြီးနိုင်ငံဆိုတဲ့ ပုံရိပ်ကောင်းကို တည်ဆောက် နိုင်မယ့်အခွင့်အလမ်းဖြစ်ပေမဲ့  ရေတိုနိုင်ငံရေး အပေးအယူနဲ့ မိမိရဲ့ ဒေသတွင်းအင်အားနဲ့ ဩဇာချဲ့ထွင်မှုအတွက် အသုံးပြုမယ်ဆိုရင်တော့ ရေရှည်မှာ အပြုသဘောမဆောင်တဲ့ ရလဒ်တွေ ကြုံတွေ့လာရနိုင်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဒီအခွင့်အရေးကို ဘယ်လိုကိုင်တွယ်နိုင်မလဲဆိုတာကတော့ နိုင်ငံတကာဇာတ်ခုံပေါ်မှာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

1          Thomas J. Bollyky and Chad P.Bown, ]The Tragedy of Vaccine Nationalism}, Foreign Affairs, September/October 2020,  https://www.foreignaffairs.com/articles/united-states/ 2020-07-27/vaccine-nationalism-pandemic/.

2          Ibid.

3          “China vows to prioritize Myanmar in Sharing COVID 19 vaccine”, CGTN news, September 2, 2020, https://news.cgtn.com/news/2020-09-02/China-vows-to-prioritize-Myanmar-in-sharing-COVID-19-vaccine-TsEetIqmAw/index.html

4          Jonathan Corum, Sui-Lee Wee et.al, “Coronavirus Vaccine Tracker”, The New York Times, September 18, 2020, https://www.nytimes.com/interactive/2020/science/coronavirus-vaccine-tracker.html

5          Pan Zhaoyi, “Chinese vaccine will be made global public good, says Xi”, CGTN news, May 19, 2020,  https://news.cgtn.com/news/2020-05-19/Chinese-vaccines-will-be-made-global-public-good-says-Xi-QCpFSGlL2g/index.html

6          “Xi Jinping promise to prioritize Africa for COVID-19 vaccine”, CGTN news, August 31, 2020.  https://news.cgtn.com/news/2020-08-31/Xi-Jinping-promises-to-prioritize-Africa-for-COVID-19-vaccine–TpAaBgVQXe/index.html

7          Sebastian Strangio, “Southeast Asia’s Coming COVID-19 Vaccine Windfall”, The Diplomat, September 4, 2020, https://thediplomat.com/2020/09/southeast-asias-coming-covid-19-vaccine-windfall/

8          Hua Song, “COVID-19 vaccine: China’s public good versus America First”, Global Times, August 18, 2020, https://www.globaltimes.cn/content/1198456.shtml

9          Lin Yang, “The Price of Beijing’s Vaccine Diplomacy in Southeast Asia”, VOA, September 12, 2020, https://www.voanews.com/east-asia-pacific/voa-news-china/price-beijings-vaccine-diplomacy-southeast-asia

10        Shin Watanabe, ]China}s Sinovac starts production of COVID 19 vaccine candidate}, Nikkei Asian Review, August 28, 2020, https://asia.nikkei.com/Spotlight/Coronavirus/China-s-Sinovac-starts-production-of-COVID-19-vaccine-candidate

11        ]China-developed COVID-19 vaccine to go onto market this Dec}, Global Times, August 19, 2020. https://www.globaltimes.cn/content/1198042.shtml

12        Jane Chai, ]Coronavirus: Chinese vaccine ready for use in November, top scientist says}, South China Morning Post, September 15, 2020, https://www.scmp.com/news/china/society/article/3101632/coronavirus-chinese-vaccine-ready-use-november-top-scientist


Khin Khin Kyaw Kyee

Khin Khin Kyaw is the Deputy Director for Research program and also the head of ISP’s China Desk. Khin Khin Master’s Degree in International Studies from the School of Oriental and African Studies, University of London. Prior to joining ISP, she worked as program coordinator for Institute for Political and Civic Engagement, Center administrator for International Law Development Organization (Rule of Law Centre Project) and independent researcher specializing in China-Myanmar relations.