ISP China Desk
တရုတ်အမှီပြု အထည်ချုပ်စက်ရုံများပိတ်သိမ်းမှုနှင့် အလုပ်လက်မဲ့အလုပ်သမားများ၏ရက်သတ္တပတ် (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ်/ ၂၀၂၀၊ မတ် ပထမပတ်)

တပတ်တာအတွင်း ဖြစ်ပေါ်ခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အခြေအနေများ၊ အကြောင်းအရာများ၊ အကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများတွင် ဖော်ပြခဲ့သည့် သတင်းနှင့် ဖြစ်ရပ်များ၊ သုံးသပ်ချက်များကို ISP-Myanmar China Desk မှ အနှစ်ချုပ်ထုတ်နုတ်ဖော်ပြခြင်း ဖြစ်သည်။

ယခုတပတ်အတွင်းတွင် မီဒီယာဖော်ပြချက်များ၌ ပြန်လည်လမ်းပွင့်လာသည့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအခြေအနေများ၊ ကုန်ကြမ်းပြတ်လပ်မှုကြောင့် ရန်ကုန်နှင့် ပဲခူးဒေသများရှိ စက်ရုံများပိတ်ထားရပြီး အလုပ်သမားထောင်နှင့်ချီကာ အလုပ်လက်မဲ့ဖြစ်နေရသည့်အကြောင်း၊ ကန်ပိုက်တီနယ်စပ်စီးပွားရေးဇုန်စီမံကိန်းကို နားလည်မှုစာချွန်လွှာ(MOU)လက်မှတ်ရေးထိုးခြင်းအကြောင်း စသည်တို့အပါအဝင် စီးပွားရေး၊ လူမှုရေးနှင့် နယ်စပ်ရေးရာကိစ္စများအကြောင်းပါရှိသည့် မီဒီယာဖော်ပြမှုပေါင်း ၈၀ ကျော်ကို ISP-Myanmar China Desk မှ စုစည်းမှတ်တမ်းတင်ထားခဲ့ပါသည်။ အဆိုပါအကြောင်းအရာများကို စီးပွားရေး၊ လူမှုရေး စသဖြင့် ကဏ္ဍအလိုက်ခွဲခြမ်းပြီး အကျဉ်းချုပ်ဖော်ပြသွားမည်ဖြစ်ပါသည်။

စီးပွားရေး

နိုင်ငံပေါင်း ၉၀ နီးပါးသို့ ကူးစက်ပြန့်ပွားလျက်ရှိကာ စုစုပေါင်း လူတသိန်းကျော်သို့ ကူးစက်ခဲ့ပြီး သေဆုံးသူ သုံးထောင်ကျော်လာပြီ ဖြစ်သည့် ကိုဗစ် ၁၉ ကူးစက်ရောဂါ၏ နောက်ဆက်တွဲအဖြစ် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးအပေါ် သက်ရောက်နေမှုအခြေအနေများသည် ယခုတပတ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာသတင်းအများကို ဖုံးလွှမ်းထားသည်။

လက်ရှိတွင် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ အထည်ချုပ်စက်ရုံ ၂၀ ကျော်မှာ ကုန်ကြမ်းပြတ်လပ်မှုကြောင့် ပိတ်သိမ်းထားရပြီး အလုပ်သမား ငါးထောင်ဝန်းကျင်သည် အလုပ်လက်မဲ့ဖြစ်သွားရသည်ဟု သတင်းများတွင် ဖော်ပြကြသည်။ အထည်ချုပ်လုပ်သားများသည် အခြေခံလူတန်းစားများဖြစ်ရာ ၎င်းတို့အလုပ်လက်မဲ့ဖြစ်ပါက လက်တလောစားဝတ်နေရေးကို ထိခိုက်စေမည်ဖြစ်သလို နောက်ဆက်တွဲပေါ်ပေါက်လာမည့် လူမှုပြဿနာများကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ကုန်ကြမ်းပြတ်လပ်မှုသည် လာမည့် ဧပြီလနှောင်းပိုင်းအထိ ကြာမြင့်နိုင်လိမ့်မည်ဟု အထည်ချုပ်လုပ်ငန်းရှင်အချို့က သုံးသပ်ထားရာ ထို့မတိုင်မီကြားကာလတွင် ၎င်းတို့၏ ရပ်တည်ရေးအတွက် တစုံတရာစီစဉ်ထားရှိရန်လည်း လိုအပ်မည်ဖြစ်သည်။ လက်ရှိတွင် ပိတ်သိမ်းရမည့်စက်ရုံများကို အစိုးရက စာရင်းကောက်ယူခဲ့သည်ကိုလည်း တွေ့ရသည်။

ပိတ်သိမ်းရမည့် စက်ရုံများ၏အကျပ်အတည်း၊ အလုပ်လက်မဲ့ဖြစ်ရမည့် အလုပ်သမားများ၏ အခက်အခဲများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းကလည်း စည်းဝေးဆွေးနွေးကာ အဖြေရှာလျက်ရှိသည်။

ယူနန်ပြည်နယ်အစိုးရက ပြန်လည်ဖွင့်လှစ်ပေးလိုက်သည့်နောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းဖြစ်သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးအခြေအနေသည် ယခုတပတ်အတွင်း ပြန်လည်တိုးတက်လာသည်ကို တွေ့ရသည်။ ကုန်သွယ်ရေးအခြေအနေသည် မူလရှိနေခဲ့သည့် ကုန်သွယ်ရေးပမာဏ၏ ၈၀ ရာခိုင်နှုန်းအထိ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းများက ဆိုသော်လည်း ပြဿနာများ ရှိနေသေးသည်ကို အခြားသတင်းဖော်ပြချက်များအရ တွေ့ရသည်။ ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် နယ်စပ်ဂိတ်တွင် ကြပ်မတ်စစ်စေးမှုများရှိနေရာ ကုန်တင်ယာဉ်များသည် လမ်းကြောင်းတွင် ပိတ်ဆို့မှု၊ ကြန့်ကြာမှုများကို ကြုံတွေ့နေရသလို ကုန်စည်တင်ပို့ခနှုန်းထားများလည်း မြင့်တက်ခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်သို့ပို့မည့် သစ်သီးဝလံကုန်တင်မော်တော်ယာဉ် ရာနှင့်ချီ၍ လမ်းပေါ်တွင် သောင်တင်ခဲ့ရသလို ကုန်စည်တင်ပို့ခ ၂၀ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်လာခြင်း ဖြစ်သည်။ ယင်းအပြင် လက်ရှိတွင် တရုတ်ယွမ်ငွေ တန်ဖိုးကျဆင်းမှုကြောင့် မြန်မာ့ပို့ကုန်များသည် ဈေးနှုန်းကျဆင်းလျက်လည်း ရှိနေသည်။

ယင်းသို့သော နောက်ဆက်တွဲပြဿနာများကို ကျော်လွှားနိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများအနေနှင့် ဖြစ်နိုင်ခြေရှိသောနည်းလမ်းများကို ရှာဖွေရန် လိုအပ်မည်ဖြစ်သည်။

ရပ်ဝန်းလမ်းကြောင်းစီမံကိန်းများ

ရပ်ဝန်းလမ်းကြောင်းစီမံကိန်းများ၏ တစိတ်တပိုင်းဖြစ်သော ကန်ပိုက်တီနယ်စပ် စီးပွာရေးဇုန်စီမံကိန်းကို ကချင်ပြည်နယ်လွှတ်တော်က ပြီးခဲ့သည့်ရက်သတ္တပတ်က အတည်ပြုခဲ့ပြီးနောက် ပြည်နယ်အစိုးရနှင့် တရုတ်နိုင်ငံကုမ္ပဏီတို့အကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။

မြေဧက ၇၀ ကျော်တွင် အမေရိကန်ဒေါ်လာ ၂၂ သန်း သုံးစွဲကာ တည်ဆောက်မည့် အဆိုပါစီးပွားရေးဇုန်ကို ကန်ပိုက်တီဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်နှင့် တရုတ်-ယူနန်ထိန်ရင်းကုန်သွယ်ရေးကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းတည်ထောင်ထားသည့် ဟိန်ယရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးရေးကုမ္ပဏီက ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်သည်။

ယခုတပတ်အတွင်း ထူးခြားချက်အနေနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မြန်မာသတင်းသမားနှစ်ကို နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့(နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့)ခြင်းဖြစ်သည်။ အဆိုပါမြဝတီဒေသတွင် တရုတ်နိုင်ငံက ဆောင်ရွက်လျက်ရှိသည့် ရွှေကုက္ကိုစီမံကိန်းလည်း ရှိနေပြီး သတင်းသမားနှစ်ဦးသည် ကာစီနိုလောင်းကစားရုံများနှင့်ဆက်စပ်သည့် အဆောက်အအုံတို့ကို ဓာတ်ပုံရိုက်ယူခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါအချက်က မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် တရုတ်စီမံကိန်းများ၏ပွင့်လင်းမြင်သာမှုအပေါ် မေးခွန်းထုတ်ရမည့်ကိစ္စဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်သည်ဟု သုံးသပ်ရသည်။

မြေယာပြဿနာ

တရုတ်နိုင်ငံက ဆောင်ရွက်သည့် စီမံကိန်းများနှင့်ပတ်သက်၍ နောက်ထပ်သတိပြုရန်မှာ မြေယာပြဿနာဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ်ကျောက်မီးသွေးတွင်း ချဲ့ထွင်ရာတွင် မြေသိမ်းယူမှုများအတွက် ဒေသခံများက အပြင်းအထန်ကန့်ကွက်နေမှုကိုလည်း ယခုတပတ်အတွင်း မီဒီယာဖော်ပြချက်များတွင် တွေ့ရသည်။ မြေယာပြဿနာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာကြာအောင် ရှုပ်ထွေးလျက်ရှိနေပြီး အဖြေမရှာနိုင်သေးသည့် ပြဿနာလည်း ဖြစ်သည်။

အလားတူပင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် သိမ်းယူခဲ့သည့် လယ်ယာမြေများနှင့်ပတ်သက်သည့် ပြဿနာလည်း လက်ရှိအခြေအနေအထိ ပြေလည်ခြင်း မရှိသေးပေ။ မြေယာလျော်ကြေး ထုတ်ယူခြင်းမရှိသေးသော တောင်သူများအား လက်ရှိကာလပေါက်ဈေးဖြင့် ပေးလျော်ရန် အစီအစဉ် ရှိ၊ မရှိကို လွှတ်တော်တွင် မေးမြန်းခဲ့ရာ မရှိသေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်ဖြေဆိုခဲ့သည်။

အဆိုပါအချက်များသည် မြန်မာနိုင်ငံတွင် မြေယာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများတွင် အားနည်းချက်များရှိနေကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။ အထူးသဖြင့် တရုတ်၏စီမံကိန်းများတွင် ယင်းပြဿနာများ ရှိနေခဲ့ရာ မြန်မာနိုင်ငံအနေနှင့် ခိုင်မာ၍ ရှင်းလင်းသည့် မြေယာမူဝါဒများ ရှိနေမှသာ စီမံကိန်းများအပေါ် ဒေသခံများ၏ ကျေနပ်မှု၊ လိုက်လျောထောက်ခံမှုကို ရရှိမည်စေမည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

လူမှုရေး

မြန်မာနိုင်ငံမှအလုပ်သမားများ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေရာမှ ကိုဗစ် ၁၉ ကြောင့် တသုတ်ပြီးတသုတ် နေရပြန်နေကြသလို နေရပ်ပြန်လိုနေကြဆဲလည်း ဖြစ်သည်။ ယင်းတို့နှင့်အတူ တရားမဝင်နေရပ်ပြန်မှုများ၊ ၎င်းတို့အပေါ် အမြတ်ထုတ်မှုများလည်း ရှိနေသည်။

ဘေဂျင်းရှိ မြန်မာသံရုံးသည် အလုပ်သမားများနေရပ်ပြန်နိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသော်လည်း တရုတ်နိုင်ငံရောက်အလုပ်သမားအားလုံးကို လွှမ်းခြုံနိုင်မှုမရှိဘဲ လုံလောက်မှုမရှိဖြစ်နေကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ တရားမဝင်သွားရောက်သည့်အလုပ်သမားများကို နေရပ်ပြန်ပို့ပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်မှုများလည်းရှိနေသဖြင့် သတိထားကြရန် သံရုံးက ထုတ်ပြန်အသိပေးခဲ့သည်။

ယခုတပတ်အတွင်းတွင် တရုတ်နိုင်ငံသားများနှင့်ပတ်သက်၍ ကချင်ပြည်နယ်လွှတ်တော်၏ ဆုံးဖြတ်ချက်တခုမှာလည်း စိတ်ဝင်စားဖွယ်ရာ ဖြစ်ခဲ့သည်။ တရုတ်နိုင်ငံသားများ ဝင်ထွက်သွားလာနေသည့် ကချင်ပြယ်နယ်၊ နယ်စပ်ဂိတ်များကို အချိန်အတိုင်းအတာတခုအထိ ပိတ်ထားပေးရန်၊ လူစုလူဝေးများကို ဟန့်တားပေးရန် အစိုးရကိုတိုက်တွန်းသည့် အဆိုကို ပြည်နယ်လွှတ်တော်က ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။ ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေးအတွက် အစိုးရအနေနှင့် လုပ်ဆောင်လျက်ရှိသောကြောင့် ယင်းသို့ အဆိုတင်ရန် မလိုအပ်ဟု လွှတ်တော်ဥက္ကဋ္ဌက အကြောင်းပြန်ခဲ့သည်ဟု အဆိုတင်ရန်ကြိုးပမ်းသူ အင်ဂျင်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်ခွန်က ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများရှိနေချိန်အတွင်း တရုတ်နိုင်ငံသားများကို ဝင်ထွက်သွားလာခွင့်ပြုထားခြင်းအပေါ် မြစ်ကြီးနားဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

ကိုဗစ် ၁၉ ကူးစက်ခံရသူဟူ၍ မြန်မာနိုင်ငံတွင် တရားဝင်မတွေ့ရှိသေးသော်လည်း နေရပ်ပြန်အလုပ်သမားများနှင့်အတူ အဆိုပါရောဂါပိုး လိုက်ပါလာမည်ကို ပြည်သူလူထုက ပူပန်လျက်ရှိသည်ကို တွေ့ရသည်။ အဆိုပါကိစ္စများနှင့်ပတ်သက်၍လည်း အစိုးရအနေနှင့် စနစ်တကျကိုင်တွယ်နိုင်ရန်လိုအပ်မည်ဖြစ်သည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။