ISP China Desk
ရခိုင်အရေးတွင် တရုတ်နိုင်ငံ၏ အစဉ်အလာရပ်တည်ချက်နှင့် ဆက်လက်ညှိနှိုင်းဖြေရှင်းရဦးမည့် နယ်နိမိတ်ပြဿနာ(တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ်/၂၀၂၀၊ မတ် ဒုတိယပတ်)

တပတ်တာအတွင်း ဖြစ်ပေါ်ခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အခြေအနေများ၊ အကြောင်းအရာများ၊ အကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများတွင် ဖော်ပြခဲ့သည့် သတင်းနှင့် ဖြစ်ရပ်များ၊ သုံးသပ်ချက်များကို ISP-Myanmar China Desk မှ အနှစ်ချုပ်ထုတ်နုတ်ဖော်ပြခြင်း ဖြစ်သည်။

ယခုတပတ်အတွင်းတွင် ရခိုင်အရေးကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အနေနှင့် နှစ်နိုင်ငံတွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများဖြင့် ပြေလည်အောင်ဖြေရှင်းရန် တရုတ်ဘက်က တောင်းဆိုလိုက်မှု၊ တရုတ်-မြန်မာ နယ်နိမိတ်မျဉ်းကို ပြန်လည်စိစစ်ရေးလုပ်ဆောင်နေမှု၊ တရုတ်အမှီပြု အထည်ချုပ်စက်ရုံများပြဿနာ၊  ဟောင်ကောင်နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ရန်ကုန်သို့ ထပ်မံဝင်ရောက်လာခြင်း  စသည့်အကြောင်းအရာများအပါအဝင် သတင်းဖော်ပြမှုပေါင်း ၇၀ ဝန်းကျင်ကို ISP-Myanmar China Desk မှ စုစည်းမှတ်တမ်းတင်ထားခဲ့ပါသည်။ အဆိုပါအကြောင်းအရာများကို ကဏ္ဍတခုချင်းစီခွဲခြမ်းကာ အကျဉ်းချုပ်ဖော်ပြသွားမည်ဖြစ်ပါသည်။

ရခိုင်ပြည်နယ်အရေးနှင့် တရုတ်၏ကဏ္ဍ

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၄၃ ကြိမ်မြောက်ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသော မွတ်စလင်ဒုက္ခသည်များအရေးကိုဆွေးနွေးရာတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကာကွယ်ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် လျူဟွာက နေရပ်စွန့်ခွာထွက်ပြေးသူများ ပြန်လည်နေရာချထားရေးကို  မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုများ၊ ညှိနှိုင်းမှုများမှ တဆင့်သာ ဖြေရှင်းရန် တိုက်တွန်းခဲ့ပြီးဒုက္ခသည်များ အစောဆုံးနေရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံဘက်မှလည်းအကူအညီများပေးနေခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာအပေါ် ပိုပြီးအပြုသဘောဆောင်သော အကူအညီများ ပေးရန်၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို လေးစားရန်၊ မြန်မာ့အရေးကို မျှမျှတတ ရှုမြင်ရန်၊ ကုလသမဂ္ဂအနေနှင့်လည်း ရခိုင်ပြည်နယ်ကိစ္စတွင် ဓမ္မဓိဋ္ဌာန်ကျကျ ချဉ်းကပ်ပြီး ပြဿနာပြေလည်စေရေးကိုသာ ရှေးရှုရန် စသည့်အချက်များလည်း ပါဝင်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသော မွတ်စလင်ဒုက္ခသည်များအရေး ကုလသမဂ္ဂ တွင်ဆွေးနွေးရာ၌ တရုတ်နိုင်ငံသည် မြန်မာဘက်မှ အစဉ်တစိုက် ရပ်တည်ပြောဆိုခဲ့ရာ ယခုဆွေးနွေးချက်များသည်လည်း ရခိုင်အရေးအပေါ်တွင်ထားရှိသော တရုတ်နိုင်ငံ၏ အစဉ်အလာ သဘောထားကို ဆက်လက်ထင်ဟပ်လျက်ရှိသည်ကို တွေ့ရသည်။

နယ်နိမိတ်အရေးကိစ္စ

ယခုတပတ်အတွင်း ထူးခြားချက်တခုအနေနှင့်တွေ့ရသည်မှာ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်နိမိတ်များကို ပြန်လည်တိုင်းထွာစိစစ်သည့် သတင်းဖော်ပြမှုများဖြစ်သည်။ ပြီးခဲ့သည့်ရက်များအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်ခရိုင်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နှစ်နိုင်ငံနယ်စပ်ရှိ ရေနယ်နိမိတ်တွင် တရုတ်နိုင်ငံဘက်မှ တိုးချဲ့မြေဖို့ကာ မြေထိန်းနံရံတည်ဆောက်နေမှု၊ လမ်းဖောက်လုပ်မှုတို့ကို မြန်မာအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်။

အဆိုပါနယ်မြေများသည် UWSP/UWSA(ဝပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော်)၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် နယ်မြေများဖြစ်ပြီး မြန်မာအစိုးရတာဝန်ရှိသူများအနေနှင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရုံသာဖြစ်ကာ မည်သို့ဆက်လက်ဆောက်ရွက်မည်ဆိုသည်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။

တချိန်တည်းမှာပင် မြန်မာ-တရုတ် တတိယအကြိမ်မြောက် ပူးတွဲစစ်ဆင်ရေးအဖြစ် နှစ်နိုင်ငံနယ်နိမိတ်အားလုံးကို ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်း လုပ်ဆောင်ခဲ့သည်ဆိုသည့်သတင်းဖော်ပြမှုကိုလည်း တွေ့ရှိရသည်။ ယင်းမှတဆင့် နှစ်နိုင်ငံဆွေးနွေးစည်းဝေးပွဲများကို ဆက်လက်လုပ်ဆောင်သွားရန်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုခဲ့သည်။

တရုတ်-မြန်မာ နယ်နိမိတ်ပြဿနာသည် ၁၉၆၀ ပြည့်နှစ်မတိုင်မီကာလများတွင် ကြီးကြီးမားမားရှိနေခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် နှစ်နိုင်ငံသဘောတူစာချုပ်ကို ချုပ်ဆိုထားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံအနေနှင့် နှစ်နိုင်ငံဖြတ်ကျော်မည့် စီးပွားရေးစင်္ကြံအပြင် ကမ္ဘာတခွင်သို့ ဖြန့်ကျက်မည့် ရပ်ဝန်းလမ်းကြောင်း(BRI) စီမံကိန်းများကို ဆောင်ရွက်ရန်ရှိနေရာ ထိုစီမံကိန်းများနှင့် နယ်နိမိတ်ကိစ္စသည် ဆက်စပ်စဉ်းစားဖွယ်ရာ ဖြစ်သည်။

မြန်မာသို့ တရုတ်၏တန်ပြန်အလှူ

ကိုဗစ် ၁၉ သည် တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ပြီး ၎င်းတနိုင်ငံတည်းမှာပင် ကူးစက်ခံရသူ ရှစ်သောင်းကျော်နှင့် သေဆုံးသူ သုံးထောင်ကျော် ရှိခဲ့သည်။ သို့သော် ယခုအခါတွင် တရုတ်နိုင်ငံသည် အခြေအနေများကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး ရောဂါကူးစက်ပြန့်ပွားမှုသည် တရုတ်နိုင်ငံပြင်ပတွင် အရှိန်မြင့်တက်လာ ခဲ့သည်။

လက်ရှိတွင် ကမ္ဘာတလွှား၌ ရောဂါကူးစက်ခံရသူပေါင်း တသိန်းခွဲကျော်နှင့် သေဆုံးသူ ခြောက်ထောင့်ငါးရာကျော်ရှိလာပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ရောဂါကူးစက်ခံရသူကို တွေ့ရှိရခြင်း မရှိသေးသည့်တိုင် မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးသည် ကိုဗစ် ၁၉ ကာကွယ်တားဆီးရေးအတွက် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နှာခေါင်းစည်း ဘူးတသောင်းနှင့် ပိုးသတ်ဆေးရည် ဘူးငါးရာကို လှူဒါန်းခဲ့သည့်သတင်းကိုလည်း ယခုတပတ်တွင် တွေ့ရသည်။ ယင်းသို့လှူဒါန်းမှုသည် ကိုဗစ် ၁၉ ဒဏ်ကို အပြင်းအထန်ခံခဲ့ရသည့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်၍ ပထမဆုံး လှူဒါန်းခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက မြန်မာအစိုးရ၊ တပ်မတော်နှင့် လူမှုအဖွဲ့အစည်းများက တရုတ်နိုင်ငံသို့ ဆေးပစ္စည်းနှင့် ဆန်များ လှူဒါန်းခဲ့သေးပြီး တရုတ်နိုင်ငံက တဖန်ပြန်လည်ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး

၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ် ၁၉) အဆုတ်ရောင်ကူးစက်ရောဂါကြောင့် နှစ်နိုင်ငံ ခရီးသွားလာရေး၊ ကူးလူးဆက်ဆံရေးတို့ကို တင်းကျပ်ကန့်သတ်ခဲ့ရရာ ကုန်စည်စီးဆင်းမှုများလည်း ရပ်ဆိုင်းသွားခဲ့ရသည်။

ယင်းမှ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံဘက်ခြမ်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများ စသည့် စီးပွားရေးရပ်ဝန်းတွင် အကျပ်အတည်းများဖြစ်ပေါ်ခဲ့ပြီးနောက် လတ်တလောတွင် အထည်ချုပ်အလုပ်သမား ရှစ်ထောင်ကျော်မှာ အလုပ်လက်မဲ့ဖြစ်လျက်ရှိသည်။

ယခုတပတ်အတွင်း ထူးခြားချက်အနေဖြင့် တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံနှစ်ရုံ၏ ပိုင်ရှင်နှစ်ဦးသည် လုပ်ခလစာကိစ္စကို ဖြေရှင်းခြင်းမပြုဘဲ ထွက်ပြေးသွားရာ အဆိုပါစက်ရုံနှစ်ရုံမှ အလုပ်သမား ရှစ်ရာဝန်းကျင်မှာ လုပ်ခလစာမရရှိဘဲဖြစ်နေသည်ဆိုသည့် သတင်းများကို တွေ့ရသည်။ လုပ်ငန်းရှင်ထွက်ပြေးသွားသည့် စက်ရုံများကို ချိတ်ပိတ်ကာ လေလံတင်ထုခွဲရောင်းချ၍ ရရှိသည့်ငွေကြေးဖြင့် လုပ်ခလစာများကို ပေးချေပေးမည်ဖြစ်ကြောင်း အစိုးရက ပြောဆိုထားသည်။ မတ်လ ၁၃ ရက်နေ့တွင်မူ ကိုဗစ် ၁၉ ကြောင့် ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းများ ကျဆင်းနေမှုများနှင့်ပတ်သက်၍ အရေးပေါ်စီမံခန့်ခွဲမည့်နည်းလမ်းများ၊ ရေတို၊ ရေရှည် ဆောင်ရွက်မည့်နည်းလမ်းများ၊ အစီအစဉ်များရေးဆွဲခြင်း၊ အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းများကို ဆောင်ရွက်ရန် လုပ်ငန်းကော်မတီတရပ်ကို မြန်မာနိုင်ငံ၏ အရေးပါသည့်ပြည်ထောင်စုဝန်ကြီးဌာန ဝန်ကြီးများဖြင့် ဖွဲ့စည်းလိုက်သည်။ ထိုကော်မတီအနေနှင့် မည်မျှ လွှမ်းခြုံ၊ ထိရောက်အောင် လုပ်ဆောင်နိုင်မည်ဆိုသည်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေး နယ်ပယ်တွင်လည်း တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိရေးအတွက် လုပ်ငန်းရှင်များအနေနှင့် ကြိုးပမ်းနေရဆဲဖြစ်သလို တရုတ်ယွမ်ငွေ ဈေးနှုန်းကျဆင်းနေမှုကြောင့် တင်ပို့ခွင့်ရရှိသည့် ကုန်စည်များအနေနှင့်လည်း တွက်ခြေမကိုက်ဖြစ်နေသည်ဆိုသည့်သတင်းများကိုလည်း တွေ့ရသည်။

ကိုဗစ် ၁၉ ကြောင့် စက်ရုံအလုပ်ရုံများ အကျပ်အတည်းကြုံနေသည့် တချိန်တည်းမှာပင် ဟောင်ကောင်နှင့် တရုတ်ကုမ္ပဏီအချို့(သုံးခုထက်မနည်း)ကို ရန်ကုန်တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇ သန်းကျော်ဖြင့် အထည်ချုပ်နှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများလုပ်ကိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်သည်ကိုလည်း ယခုတပတ်အတွင်း တွေ့ရသည်။ ယခုရက်ပိုင်းအတွင်းသတင်းများတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ မြေပဲဆန်ကို တန်ချိန် ၁၀၀ ဝန်းကျင်အထိ ဝယ်ယူရန် ကမ်းလှမ်းခဲ့သည်ဆိုသည့် ဖော်ပြမှုကိုလည်း တွေ့ရသည်။

သို့ဖြစ်ရာ တရုတ်နိုင်ငံကို မှီခိုလွန်းမှုကြောင့် မြန်မာ့စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုကဏ္ဍများ၌ လတ်တလောတွင် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသော်လည်း လာမည့်ကာလများတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် နှစ်နိုင်ငံကုန်သွယ်ရေးအခြေအနေသည် မြန်မာနိုင်ငံတွင် အရေးပါသည့်ကဏ္ဍတခုအဖြစ် ဆက်လက်ရှိနေမည်ဟု သုံးသပ်ရပါသည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။