ISP China Desk
ကိုရိုနာဂယက်နှင့် သံခင်းတမန်ခင်း၊ လူမှုစီးပွားအခြေအနေ (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ်/ ၂၀၂၀၊ ဖေဖော်ဝါရီ စတုတ္ထပတ်)

တပတ်တာအတွင်း ဖြစ်ပေါ်ခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အခြေအနေများ၊ အကြောင်းအရာများ၊ အကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများတွင် ဖော်ပြခဲ့သည့် သတင်းနှင့် ဖြစ်ရပ်များ၊ သုံးသပ်ချက်များကို ISP-Myanmar China Desk မှ အနှစ်ချုပ်ထုတ်နုတ်ဖော်ပြခြင်း ဖြစ်သည်။

ယခုတပတ်အတွင်းတွင် မီဒီယာဖော်ပြချက်များ၌ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ တရုတ်နိုင်ငံ၏ ကိုရိုနာရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံမှ အကူအညီပေးမှုများ၊ တရုတ်နိုင်ငံမှ အဆိုပြုထားသော BRI စီမံကိန်း နှင့်ပတ်သက်သည့် အကြောင်းအရာများအပါအဝင်နှင့် အခြားစီးပွားရေး၊ လူမှုရေးရာ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၈၁ ခုဝန်းကျင်ကို ISP Myanmar China Desk မှစုစည်းမှတ်တမ်းတင်ထားခဲ့ပါသည်။ ထိုအကြောင်းအရာများကို စီးပွားရေး၊ လူမှုရေးနှင့် သံတမန်ရေးရာလှုပ်ရှားမှုများဟု ကဏ္ဍအလိုက်ခွဲခြမ်းပြီး အကျဉ်းချုပ်ဖော်ပြသွားမည်ဖြစ်ပါသည်။

သံတမန်ရေး

ကိုရိုနာကူးစက်မြန်ရောဂါကြောင့် နှစ်နိုင်ငံစီးပွားရေး၊ ဆက်ဆံရေးတွင် စိန်ခေါ်မှုများနှင့်ကြုံတွေ့နေသော်လည်း သံတမန်ရေးရာရပ်ဝန်းတွင် အပြန်အလှန်အားပေးကူညီသည့် ချစ်ကြည်ရေးလှုပ်ရှားမှုများကိုတွေ့ရသည်။ အဆုတ်ရောင်ကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် မြန်မာတပ်မတော်က အမေရိကန်ဒေါ်လာ သုံးသိန်း(ကျပ်သိန်း ၄၂၀၀ ကျော်) တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းခဲ့သည်။ လှူဒါန်းခြင်းကို တပ်မတော်ပိုင်လေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ကိုယ်တိုင်သွားရောက်ပေးပို့ခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းအပြင် အစိုးရကလည်း ဆန်တန်ချိန် ၂၀၀ ကို တရုတ်နိုင်ငံသို့ လှူဒါန်းခဲ့ပြီး မူဆယ်လမ်းကြောင်းမှ ပေးပို့ရန် စီစဉ်လျက်ရှိသည်။ အလားတူပင် မြန်မာပြည်သူများကလည်း ဆေးဝါးပစ္စည်းများ၊ နှာခေါင်းစည်းများ စသည့် အကူအညီများ ပေးအပ်လှူဒါန်းခဲ့သည်များလည်းရှိသည်။

ပြီးခဲ့သည့်အပတ်ကလည်း တရုတ်နှင့် မြန်မာသည် ဆက်လက်လက်တွဲခိုင်မြဲနေကြောင်းများပါရှိသည့် ဆောင်းပါးတပုဒ်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ရေးသားခဲ့ပြီး မြန်မာ့နိုင်ငံပိုင် သတင်းစာတို့တွင် ဖော်ပြခဲ့သည်။ အလားတူပင် ယခုဗိုင်းရပ်စ်ကပ်ရောဂါအရေးတွင် မြန်မာ၏ထောက်ပံ့မှုသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းခိုင်မြဲစေသည်ဆိုသည့် ဆောင်းပါးကိုလည်း တရုတ်နိုင်ငံပိုင်သတင်းဌာနတခုဖြစ်သည့် Global Times သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ ယင်းတို့အချက်တို့ကြောင့် စိန်ခေါ်မှုများအကြားပေါ်ပေါက်လာသည့် ကိုရိုနာသံခင်းတမန်ခင်းများသည် စိတ်ဝင်စားစရာပင်ဖြစ်သည်။

လူမှုရေး

နှစ်ဖက်အစိုးရများအကြား သံတမန်ရေးလှုပ်ရှားမှုများဖြင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို အားပေး အကောင်အထည်ဖော်နေချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပြန့်ပွားနေချိန်အတွင်း တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်း၊  တရုတ်နိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများ နေရပ်ပြန်လာခြင်းများ၊ တရုတ်နိုင်ငံသို့ ထွက်ခွာနေကြသူများလည်း ရှိနေသည်။ ယင်းတို့ကို အစိုးရအနေနှင့် ကြပ်မတ်ကိုင်တွယ်နိုင်ခြင်းမရှိရာ လူထုတွင် စိတ်ပျက်မှုဖြစ်စေပြီး တရုတ်နိုင်ငံနှင့် အဆက်အဆံပြုနေရသည့်အခြေအနေအပေါ် စိုးရိမ်မှုများလည်း ရှိနေသည်မှာ သတိပြုစရာတခုဖြစ်သည်။ ယခုရက်သတ္တပတ်အတွင်း ကိုရိုနာကူးစက်မြန်ရောဂါ ဖြစ်ပွားနေချိန်အတွင်း တရုတ်နိုင်ငံသားများနှင့် တရုတ်နိုင်ငံမှာ ကုန်တင်ကားများ မြန်မာနိုင်ငံသို့ ဆက်လက်ဝင်ရောက်နေခြင်းအပေါ် မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသလို တရုတ်နိုင်ငံသားများကို ဗီဇာခွင့်မပြုရန် တောင်းဆိုမှုများပြုလုပ်ခဲ့သည်။ သို့သော် တရုတ်နိုင်ငံကို ဗီဇာပိတ်ပင်လိုက်ပါက နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မန္တလေးတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်၏နောက်ဆက်တွဲ သက်ရောက်မှုများမှုများအား ကိုင်တွယ်ရာတွင် စီးပွားရေးရှုထောင့်၊ သံတမန်ရေးရာရှုထောင့်များအပြင် အခြားသော လူမှုရေးသက်ရောက်မှုများနှင့် သမရိုးကျမဟုတ်သောလုံခြုံရေးကိစ္စများကိုပါ ထည့်သွင်းစဉ်းစာရန်လိုအပ်သည်ကို သတိပြုရမည်ဖြစ်သည်။ နှစ်နိုင်ငံ စီးပွားရေး၊ သံတမန်ရေးရာ ကဏ္ဍအသီးသီးတွင် ကောင်းမွန်သော ဆက်ဆံရေးတရပ်ကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် အများပြည်သူ၏ စိုးရိမ်ပူပန်မှုများကို စနစ်တကျကိုင်ကွယ်ဖြေရှင်းနိုင်ရန်မှာ အလေးပေးချိန်ဆရမည့် အကြောင်းအရာတခုဖြစ်သည်ဟု သုံးသပ်ရပါသည်။

စီးပွားရေး

ယခုတပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးသတင်းများတွင် အဓိကလွှမ်းမိုးနေသော အကြောင်းအရာတခုမှာ တကမ္ဘာလုံးအား ခြိမ်းခြောက်နေသော ကိုရိုနာရောဂါ၏ နောက်ဆက်တွဲ စီးပွားရေးရိုက်ခတ်မှုများ ဖြစ်သည်။တရားဝင်ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ရောဂါကူးစက်သူ မရှိသေးသော်လည်း ကိုဗစ် ၁၉ ကြောင့် နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ဖိုး ကျဆင်းခဲ့ရသည်ဟု သတင်းများက ဖော်ပြကြသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာ(ကိုဗစ် ၁၉)အဆုတ်ရောင်ရောဂါပြန့်ပွားမှုထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားရသောကြောင့် တရုတ်နိုင်ငံမှ ကုန်ကြမ်းများကို တင်းသွင်းနေရသော စက်ရုံများမှာ ကုန်ကြမ်းပြတ်လတ်မှုများနှင့် ရင်ဆိုင်နေရပြီး တရုတ်နိုင်ငံကို၏ဈေးကွက်ကို ရည်ရွယ်တင်ပို့သော ပို့ကုန်များ ကျဆင်းခဲ့သည်။ တရုတ်နိုင်ငံမှ ကုန်ကြမ်းများနှင့် ဈေးကွက်အား အဓိကအားကိုးနေရသည့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ ဖရဲသခွားစသည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် တွေ့ရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော ဖရဲသခွားများကို တနေ့လျှင် ကားအစီးရေ ၅၀၀၊ ၆၀၀ ကျော် တင်ပို့နေရရာမှ ၃၀၊ ၄၀ သာတင်ပို့နိုင်သောကြောင့် အမေရိကန်ဒေါ်လာ သန်းငါးဆယ်ခန့် နစ်နာဆုံးရှုံးလျက်ရှိသည်။ ယခုတပတ်အတွင်း ကုန်သွယ်ရေးမျေား ပြန်လည်ကောင်းမွန်လာသော်လည်း ယခုနှစ်တွင်း ရာထားချက်ကိုပြည့်မီအောင်တင်ပို့နိုင်မည်မဟုတ်ဟု မြန်မာနိုင်ငံ ဖရဲသခွားတင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌက ပြောဆိုခဲ့သည်။ အလားတူပင် တရုတ်နိုင်ငံ၏ ကုန်ကြမ်းများကို မှီခိုနေရသော စက်ရုံအလုပ်ရုံများ၊ အထူးသဖြင့် အထည်ချုပ်စက်ရုံများတွင် ကုန်ကြမ်းတင်သွင်းရန် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသောကြောင့် စက်ရုံယာယီရပ်နားခြင်း၊ လုပ်သားများလျော့ချခြင်းများရှိလာခဲ့သည်။ အထည်ချုပ်လုပ်ငန်းများသည် အခြေခံလူတန်းစားများစွားကို အလုပ်အကိုင်ပေးထားသည့် ကဏ္ဍတစ်ခုဖြစ်ရာ စီးပွားရေးအပြင် လူမှုရေးကဏ္ဍများအထိပါ သက်ရောက်မှုများရှိလာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး၏ အရေးပါသည့် အင်ဂျင်ဖြစ်နေရာ ယခုဖြစ်ပွားလျက်ရှိသော ကိုရိုနာကူးစက်မြန်ရောဂါ၏ နောက်ဆက်တွဲဂယက်သည် ကမ္ဘာ့တဝှမ်းတွင် သက်ရောက်မှုခံရမည်ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့သော တရုတ်နိုင်ငံ၏စီးပွားရေးကို အချိုးမညီစွာ မှီခိုနေရသည့် နိုင်ငံများသည် ပိုမိုထိရှလွယ်သည့်အခြေအနေမျိုးတွင် ရှိနေသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် ရေတို ဖြစ်လာနိုင်မည့် အလားအလာများကို ရင်ဆိုင်ဖြေရှင်းရန် ကြိုတင်စဉ်းစားပြင်ဆင်မှုများ ဆောင်ရွက်ရန်လိုအပ်သလို ရေရှည်စီမံကိန်းများရေးဆွဲရာတွင်လည်း အလားတူကိစ္စများပေါ်ပေါက်လာပါက ထိရှလွယ်မှုအနည်းဆုံးဖြစ်စေရန် ထည်သွင်းစဉ်းစားရန် လိုအပ်နေပါသည်။

ရပ်ဝန်းလမ်းကြောင်းစီမံကိန်းများ

ကိုရိုနာအဆုတ်ရောင်ကူးစက်ရောဂါသည် တရုတ်နိုင်ငံ၏ ကုန်ထုန်လုပ်မှု၊ ဝန်ဆောင်မှုများနှင့် စီးပွားရေးကို တုံ့နှေးကျဆင်းစေခဲ့သလို  ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် အရင်းအမြစ်များစွာသုံးစွဲရသောကြောင့် ၎င်း၏ ကမ္ဘာတခွင်သို့ ဖြန့်ကျက်မည့် ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်း(BRI)ကို  လေးဖင့် စေနိုင်သည်ဟူသော သုံးသပ်ချက်များလည်းရှိနေသည်။ သို့သော် မြန်မာနိုင်ငံတွင်မှု ရပ်ဝန်းလမ်းကြောင်းစီမံကိန်းများ၏ တစိတ်တပိုင်းဖြစ်သော ကန်ပိုက်တီနယ်စပ် စီးပွာရေးဇုန်စီမံကိန်းကို ကချင်ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည်။ အလားတူပင် မြန်မာနိုင်ငံ၏ ပင်မမြစ်ကြီးဖြစ်သော ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပြီး သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရည်ရွယ်သည့် ဧရာဝတီ စီးပွားရေးရပ်ဝန်းစီမံကိန်းကို ထပ်မံအဆိုပြုလာခဲ့သည်။(ဧရာဝတီ စီးပွားရေးရပ်ဝန်းစီမံကိန်းအသေးစိတ်ကို ISP Myanmar China Desk Website ၏အထူးကဏ္ဍတွင် ဝင်ရောက်လေ့လာနိုင်သည်)။

တဘက်တွင်လည်း တပ်မတော်အစိုးရလက်ထက်က တရုတ်ဖွံ့ဖြိုးရေးဘဏ်(CDB) ထံမှ ယူရို ၁ ဒသမ ၁၁၇ ဘီလီယံချေးယူခဲ့သော မြင်းခြံသံမဏိစက်ရုံစီမံကိန်းသည် အရူံးပါ်သဖြင့် ရပ်ဆိုင်းထားရသော်လည်း လက်ရှိအချိန်တွင် နေ့စဉ် ကျပ်ဘီလီယံနှင့်ချီကာ အတိုးပေးနေရသည်ဟူသောသတင်းများသည် တရုတ်စီမံကိန်းများ၊ ချေးငွေများနှင့်ပတ်သတ်၍ သတိပြုစရာတခုဖြစ်ပါသည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။