ISP China Desk
ဝူဟန်ကြောင့် မြန်မာနှင့် ခွာပြဲမည်ကို စိုးရိမ်နေသည့် တရုတ်(တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ်/ ၂၀၂၀၊ ဖေဖော်ဝါရီ တတိယပတ်)

တပတ်တာအတွင်း ဖြစ်ပေါ်ခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အခြေအနေများ၊ အကြောင်းအရာများ၊ အကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများတွင် ဖော်ပြခဲ့သည့် သတင်းနှင့် ဖြစ်ရပ်များ၊ သုံးသပ်ချက်များကို ISP-Myanmar China Desk မှ အနှစ်ချုပ်ထုတ်နုတ်ဖော်ပြခြင်း ဖြစ်သည်။

ယခုတပတ်အတွင်းတွင် မီဒီယာဖော်ပြချက်များ၌ တရုတ်သို့ ဆန်လှူဒါန်းရေး၊ ဗိုင်းရပ်စ်ကူးစက်အတွက် နှစ်နိုင်ငံပူးပေါင်းတားဆီးရေး၊ ကျောက်ဖြူစက်မှုဇုန်၊ အကြွေးတင် သံမဏိစက်ရုံစီမံကိန်း၊ အထည်ချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ထိခိုက်နစ်နာနေမှု၊ တရုတ်နိုင်ငံရောက်အလုပ်သမားများ နေရပ်ပြန်လာနေမှု၊ နှစ်နိုင်ငံ ခရီးသွားလာမှု အပြန်အလှန်ပိတ်လိုက်မှု စသည့်အကြောင်းအရာများ ဖုံးလွှမ်းနေခဲ့သည့် ရက်သတ္တပတ် ဖြစ်သည်။ ယခုတပတ်အတွင်း ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက ဖော်ပြသည့် တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ သတင်းနှင့် အကြောင်းအရာပေါင်း ၈၁ ခုကို ISP-Myanmar China Desk က  စုစည်းမှတ်တမ်းတင်ခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ် ၁၉) အဆုတ်ရောင်ကူးစက်ရောဂါသည် တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ပြီး နှစ်လဝန်းကျင်ကြာမြင့်လာသည့် လက်ရှိအချိန်အထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ ကမ္ဘာတဝန်း နိုင်ငံပေါင်း ၃၀ တွင် ကူးစက်ခံနေရပြီး တရုတ်နိုင်ငံအတွင်း ကူးစက်ခံရသူ ခုနစ်သောင်းကျော်၊ သေဆုံးသူ နှစ်ထောင်ကျော်လာပြီ ဖြစ်သည်။ ယခုတပတ်အတွင်း သေဆုံးသူ တထောင်ဝန်းကျင် ရှိခဲ့ခြင်း ဖြစ်သည်။

တရားဝင်ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ရောဂါကူးစက်သူ မရှိသေးသော်လည်း ရောဂါ၏နောက်ဆက်တွဲကြောင့် တရုတ်ကိုအားထားပြီးလုပ်ဆောင်နေရသည့် စီးပွားရေးလုပ်ငန်းများတွင် ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်နေသည်။

တရုတ်နိုင်ငံသည် စီးပွားရေးအသာစီးရယူမှု၊ လူမှုရေးစည်းကမ်းများကို မလိုက်နာမှု စသည်တို့ကြောင့် ယခင်ကပင် မြန်မာလူထုသည် ၎င်းတို့နှင့်ပတ်သက်လျှင် အမြင်မကြည်မှုများ ရှိနေခဲ့သည်။ ယင်းအခြေအနေများအတွင်း ယခု ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ် ၁၉) ကြောင့် နှစ်နိုင်ငံ ကူးလူးဆက်ဆံမှု တုံ့နှေးသွားခြင်းအပြင် နှစ်နိုင်ငံဆက်ဆံရေးအနေအထားသည် နောက်သို့ ပြန်ဆုတ်သွားမည့်အရေးလည်း ရှိနေသည်။ အဆိုပါအချက်ကို တရုတ်အစိုးရအသိုင်းအဝိုင်းက သဘောပေါက်နားလည်ပုံရှိနေကြောင်း ယခုတပတ်အတွင်း မြင်တွေ့ရသည်။

ယင်းအခြေအနေတို့ကို ကုစားသည့်အနေဖြင့် နှစ်နိုင်ငံအရာရှိကြီးများ တွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံပိုင်မီဒီယာစာမျက်နှာများအားအသုံးပြု၍ လူထုကို ဆွဲဆောင်သိမ်းသွင်းခြင်းတို့ကို တရုတ်၊ မြန်မာ နှစ်ဖက်စလုံးက လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးရေးသားပြီး တရုတ်နှင့် မြန်မာသည် ဆက်လက်လက်တွဲခိုင်မြဲနေကြောင်းများပါရှိသည့် ဆောင်းပါးတပုဒ်ကို မြန်မာ့နိုင်ငံပိုင်း သတင်းစာတို့တွင် ဖော်ပြခဲ့သည်။ အလားတူပင် တရုတ်နိုင်ငံပိုင်သတင်းဌာနတခုဖြစ်သည့် Global Times သတင်းဌာနကလည်း ယခု ဗိုင်းရပ်စ်ကပ်ရောဂါအရေးတွင် မြန်မာ၏ထောက်ပံ့မှုသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းခိုင်မြဲစေသည်ဆိုသည့် ဆောင်းပါးကိုလည်း ရေးသားဖော်ပြခဲ့သည်။

သံအမတ်ကြီးသည် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးတို့နှင့် တွေ့ဆုံကာ တရုတ်နိုင်ငံသို့ မြန်မာ၏ ကူညီထောက်ပံ့မှု၊ ဝူဟန်ဗိုင်းရပ်စ် တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ယင်းအချက်များသည် လက်ရှိရှိနေသည့် တရုတ်-မြန်မာ ဆက်ဆံရေးအခြေအနေမှ ယိုင်ထွက်မသွားစေရန် တရုတ်နိုင်ငံက ကြိုးပမ်းနေကြောင်း ပြသနေပါသည်။

သတင်းအနှစ်ချုပ်

သံတမန်ရေး

ဆန်လှူရေး သံအမတ်ကြီးနှင့် ဆွေးနွေး ဝူဟန်ဗိုင်းရပ်စ်(ကိုဗစ် ၁၉)ကူးစက်ခံနေရသည့် တရုတ်နိုင်ငံသားများအတွက် မြန်မာနိုင်ငံက ဆန်တန်ချိန် ၂၀၀ လှူန်းဒါန်းနိုင်ရေး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချင်းဟိုင်တို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တွေ့ဆုံဆွေးနွေးသည်။

ကျန်းမာရေးဝန်ကြီးနှင့် တရုတ်သံအမတ်တွေ့ဆုံ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ဖောက်ကားခြင်းကို တိုက်ဖျက်ရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လိုသည်ဟု သံအမတ်ကြီးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးနှင့် တွေ့ဆုံရာတွင် သံအမတ်ကြီးက ပြောဆိုသည်။ ကိုဗစ် ၁၉ ဗိုင်းရပ်စ်သည် တိရစ္ဆာန်များမှတဆင့် လူကို ကူးစက်ခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်ရခြင်းကြောင့် ယင်းသို့လုပ်ဆောင်ရန် လိုလားကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တွေ့ဆုံရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သံအမတ်ကြီး၏ ဆောင်းပါး ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ် ၁၉) အဆုတ်ရောင်ကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ဆောင်ရင်း တရုတ်နှင့် မြန်မာသည် ပို၍ နီးကပ်လာကာ ဆက်ဆံရေးခိုင်မြဲတိုးတက်လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချင်းဟိုင်ရေးသားသည့်ဆောင်းပါးကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

စီးပွားရေး

ကျောက်ဖြူစက်မှုဇုန် တရုတ်နှင့် မြန်မာ ၅၁-၄၉ အချိုးဖြင့် ဆောင်ရွက်ရန် ကြိုးပမ်း – ရပ်ဝန်းနှင့် လမ်းကြောင်းအစီအစဉ်နှင့်တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင်စီမံကိန်းတွင်ပါဝင်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အောက်ရှိ‌ ကျောက်ဖြူစက်မှုဇုန်ကို တရုတ်ဘက်မှ ၅၁ ရာခိုင်နှုန်း၊ မြန်မာဘက်မှ ၄၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံကာ အကောင်အထည်ဖော်နိုင်ရေး လုပ်ဆောင်လျက်ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီးက ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် လွှတ်တော်အစည်းအဝေး၌ ပြောဆိုသည်။

သံမဏိစက်ရုံအတွက် တရက်သိန်းငါးထောင်အကြွေးဆပ် တရုတ်ချေးငွေဖြင့် လုပ်ဆောင်ခဲ့ပြီး ယခုအခါ ရပ်ဆိုင်းခြင်းခံထားရသည့် မြင်းခြံသံမဏိစက်ရုံစီမံကိန်းအတွက် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် အတိုးအရင်းပေါင်း ကျပ် သိန်းငါးထောင်ကို အကြွေးဆပ်နေရကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးက ပြောဆိုသည်။ တရုတ်နိုင်ငံ CDB ဘဏ်ထံမှ စုစုပေါင်း ယူရို ၁၁၁၇ သန်း(ကျပ်ဘီလီယံ ၁၇၀၀ ကျော်) ချေးယူထားခြင်း ဖြစ်သည်။

အထည်ချုပ်လုပ်ငန်းအထိနာ တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ် ၁၉) ရောဂါကြောင့် နှစ်နိုင်ငံကူးလူးဆက်ဆံမှုများ၊ ကုန်သွယ်မှုများ ပြတ်တောက်လျက်ရှိရာ မြန်မာနိုင်ငံအတွင်းရှိ အထည်ချုပ်လုပ်ငန်းများအနေနှင့် ကုန်ကြမ်းပြတ်လပ်မှုကြုံရမည်ကို စိုးရိမ်နေရသည်။ တချိန်တည်းမှာပင် ကုန်စည်တင်ပို့နိုင်ခြင်းမရှိသောကြောင့် အထည်ချုပ်လုပ်ငန်းများသည် ထိခိုက်နစ်နာလျက်ရှိသည်။ အဓိကလမ်းကြောင်းဖြစ်သည့် မူဆယ်ဂိတ်သည် လက်ရှိတွင် ကုန်သွယ်ရေးရပ်ဆိုင်းလျက်ရှိပြီး ရပ်ဆိုင်းမှုသည် လာမည့်မတ်အလအထိ ကြာမြင့်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရအရာရှိများက ခန့်မှန်းထားသည်။ သို့သော် ဖေဖော်ဝါရီလလယ်ပိုင်းတွင်မူ အနည်းငယ်ပြန်လည်တက်လာခဲ့ပြီး တစ်နေ့တာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သုံးသန်းဖိုးခန့်အထိ ရှိလာခဲ့သည်။ ပုံမှန်အားဖြင့် နေ့စဉ်ကုန်သွယ်မှုသည် ဒေါ်လာ ၁၅ သန်းမှ သန်း ၂၀ ဝန်းကျင်ရှိနေခြင်း ဖြစ်သည်။

ဆန်ကွဲတင်ပို့မှုမြင့်တက် သမ္မတ ရှီကျင့်ဖျင်၏ မြန်မာပြည်ခရီးစဉ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ဆန်ကွဲတင်ပို့မှုဆိုင်ရာသဘောတူညီချက်နောက်ပိုင်းတွင် တရုတ်နိုင်ငံသို့ ဆန်ကွဲတင်ပို့မှုမြင့်တက်လာနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆိုသည်။ ယမန်နှစ်တွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် တသန်းကျော် တင်ပို့နိုင်ခဲ့ရာမှ ယခုနှစ်တွင် တန်ချိန်သုံးသိန်းကျော် ပိုမိုများပြားခဲ့သည်ဟု ဆိုသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ရတတ်ပွေ တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ် ၁၉) ရောဂါကြောင့် မြန်မာနိုင်ငံရှိ ဖရဲ၊ သခွား စသည့် သစ်သီးဝလံ စိုက်ပျိုးရောင်းချသူများနှင့် မွေးမြူရေးလုပ်ငန်းများ ဈေးကွက်ပျောက်လျက်ရှိပြီး အခက်ပွေနေသည်။

မြန်မာ့ကုန်စည် ဈေးကွက်သစ်ရှာ တရုတ်ဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံတွင် အထိနာလျက်ရှိသည့် အထည်ချုပ်လုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အစိုးရအနေနှင့် နိုင်ငံတကာသို့စေလွှတ်ထားသည့် စီးပွားရေးသံမှူးများနှင့် ညှိနှိုင်းကာ တရုတ်နိုင်ငံမဟုတ်သည့် အခြားဈေးကွက်သစ်ကို ရှာဖွေလျက်ရှိသည်။  

ကုန်သွယ်မှု မြန်မာအနည်းငယ်သာ ယခုဘဏ္ဍာရေးနှစ်၏ ပထမသုံးလတာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဘီလီယံကျော်ရှိခဲ့သည်။ ၁ ဒသမ ၇ ဘီလီယံဖိုးကို မြန်မာက တင်ပို့နိုင်ခဲ့ပြီး တရုတ်ဘက်မှ တင်ပို့မှုသည် ၁ ဒသမ ၆ ဘီလီယံကျော်ရှိရာ မြန်မာက အနည်းငယ်သာလွန်သည်ကို တွေ့ရသည်။

မြန်မာ့ရေထွက်ကုန် ထိုင်းဈေးကွက်တွင် မျက်နှာမရ တရုတ်နိုင်ငံက ဝယ်ယူတင်သွင်းနိုင်ခြင်းမရှိသောကြောင့် ထိုင်းနိုင်ငံဈေးကွက်သို့ တင်ပို့နေရသည့် မြိတ်ကျွန်းစုရှိ ပဂဲ၊ ကဏန်းနှင့် ပကန်း စသည့် ရေထွက်ကုန်များမှာ ဈေးကောင်းမရရှိဘဲ ၎င်းတို့ ပေးဝယ်သည့်ဈေးအတိုင်းသာ ရောင်းချနေရသည်။

လူမှုရေး

အလုပ်သမားများနေရပ်ပြန် တရုတ်နိုင်ငံသို့ သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမားများသည် ဝူဟန်ဗိုင်းရပ်စ်(ကိုဗစ် ၁၉)ကြောင့် အသုတ်လိုက်၊ အဖွဲ့လိုက် နေရပ်ပြန်လျက်ရှိသည်။ နယ်စပ်ဂိတ်များမှတဆင့် ပြန်ကြသူများအပြင် အစိုးရနှင့်ချိတ်ဆက်၍ တရားဝင်လမ်းကြောင်းဖြင့် ပြန်ကြသူများလည်း ရှိသည်။ အရေအတွက်အားဖြင့် ထောင်နှင့်ချီရှိမည်ဟု ခန့်မှန်းနိုင်သော်လည်း အတိအကျကိုမူ မသိရပေ။ နေရပ်ပြန်လိုကြောင်း ဘေဂျင်းရှိ မြန်မာသံရုံးသို့ ဆက်သွယ်ထားသူလည်း ထောင်ဂဏန်းဝန်းကျင် ရှိနေသည်။ တချိန်တည်းမှာပင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ထွက်ခွာနေသူများလည်း ရှိနေသည်။

တရုတ်ဆောက်လက်စအဆောက်အဦးပြို မြန်မာနှစ်ဦးသေ ကရင်ပြည်နယ်၊ မြဝတီဒေသရှိ ရွှေကုက္ကို တရုတ်အိမ်ရာစီမံကိန်းတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဆောက်လက်စအဆောက်အဦးပြိုကျရာမှ မြန်မာအလုပ်သမားနှစ်ဦး သေဆုံးခဲ့သည်။

ဝူဟန်သို့ ငှက်ပျောဆယ်စီး လှူဒါန်းခွင့်ပြု ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုကြောင့် တရုတ်နှင့် မြန်မာ နှစ်ဖက်အဝင်အထွက်များ ကန့်သတ်ထားသော်လည်း ကချင်ပြည်နယ်ရှိ တစ်သျှူးငှက်ပျောခင်းမှ ငှက်ပျောသီးတင် မော်တော်ယာဉ်ဆယ်စီးကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့် ပြုခဲ့သည်။ အဆိုပါငှက်ပျောသီးများသည် ဝူဟန်မြို့သို့ လှူဒါန်းမည်ဖြစ်ပြီး ငှက်ပျောကုမ္ပဏီက ပြည်နယ်အစိုးရသို့ ခွင့်ပြုချက်တောင်းခံခဲ့ခြင်း ဖြစ်သည်။

တရုတ်မြန်မာ ခရီးသွားမှု အပြန်အလှန်ပိတ် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ် ၁၉) ကြောင့် တရုတ်နှင့် မြန်မာအကြား နှစ်နိုင်ငံအလည်အပတ်ခရီးစဉ်များကို ယာယီရပ်ဆိုင်းကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကြေညာသည်။ တရုတ်ခရီးသွားများနှင့်ပတ်သက်၍ ကျန်းမာရေးကောင်းမွန်ပါက လာရောက်မှုကို လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်အသိပေးခဲ့သော်လည်း မန္တလေးဧည့်လမ်းညွှန်များအသင်းက အပြင်းအထန် ကန့်ကွက်ခဲ့သည်။

ဧရာတိုင်းသို့ရောက်လာသည့် ပေါက်ဖော်ပညာသင်ဆု မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လွန်ခဲ့သည့် လေးနှစ်ကစတင်ခဲ့သည့် ပေါက်ဖော်ပညာသင်ဆုသည် ယခုအခါ ဧရာဝတီတိုင်းဒေသကြီးသို့လည်း ဝင်ရောက်လာပြီ ဖြစ်သည်။ မအူပင်နှင့် ဟင်္သာတတက္ကသိုလ်နှစ်ခုမှ ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပညာသင်ဆုထောက်ပံ့ခဲ့သည်။ ပေါက်ဖော်ပညာသင်ဆုကို တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျော့ချရေးဖောင်ဒေးရှင်းက ပေးအပ်ခြင်း ဖြစ်သည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။