ISP China Desk
တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် စက်တင်ဘာ နောက်ဆုံးပတ် (စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက်အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့် သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၆၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk မှ အနှစ်ချုပ် ဖော်ပြပေးမည် ဖြစ်ပါသည်။

တရုတ်-မြန်မာ နယ်စပ် ထူးခြားအခြေအနေ

မြန်မာပြည်တွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုများ မြင့်တက်လျက်ရှိခြင်းသည် တရုတ်-မြန်မာနယ်စပ် ရေးရာများကို ရိုက်ခတ်မှုများ ရှိစေခဲ့သည်။ ကပ်ဘေးကာလအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကို တရုတ်နိုင်ငံအနေဖြင့် ပိုမိုတင်းကြပ်စွာ ကိုင်တွယ်လာခဲ့သည်။ စက်တင်ဘာ ၂၈ ရက် Global Times မှ သတင်းဆောင်းပါးတပုဒ်၌ ကိုဗစ်ကာလအတွင်း ယူနယ်ပြည်နယ်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်သူ အယောက် ၂၀ ကျော်ကို အရေးယူထားကြောင်း ဖော်ပြထားသည်။ ပြီးခဲ့သော ရက်သတ္တပတ်ကလည်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်ရန် တရုတ်အစိုးရသည် ရွှေလီမြို့တွင် နယ်စပ်ကင်းစခန်း ၅၀၀ ကျော်ကို ထပ်မံတည်ဆောက်နေသည်ကို  7 Day Daily သတင်းစာနှင့် ပေါက်ဖော် မီဒီယာများတွင် ဖော်ပြချက်များ ရှိခဲ့သည်။

ထို့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ တရားမဝင် ဝင်ရောက်ခြင်းများကို ထိန်းချုပ်ရန် အကြောင်းပြချက်ဖြင့် တရုတ်-မြန်မာ နယ်စပ်မျဉ်းနှင့် ကပ်လျက် ၁၀ မီတာအတွင်း နေရာသုံးခု၌ အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းမှ စတင်ကာ တရုတ်ဘက်က ခြံစည်းရိုးခတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု Eleven Media Group ၏ သတင်းဖော်ပြချက် ရှိခဲ့သည်။  နယ်စပ်ဒေသများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခြေပြစာချုပ် အပိုဒ်(၅)၊ ပုဒ်မ(၄)တွင် “နယ်နိမိတ်မျဉ်းတစ်လျှောက် ၁၀ မီတာအတွင်း မည်သည့် အဆောက်အအုံမျိုးမဆို ဆောက်လုပ်ခြင်းမှ တားဆီးကာကွယ်ရန်” ဟူသည့် သဘောတူညီမှုများအရ တရုတ်နိုင်ငံဘက်မှ ခြံစည်းရိုးခတ်ခြင်းကို မြန်မာဘက်မှ ကန့်ကွက်ထားသည်။

ယခုနှစ်များအတွင်း တရုတ်-မြန်မာ နယ်စပ် အငြင်းပွားမှုများ ကြိမ်ဖန်များစွာ ရှိခဲ့သည်မှာလည်း သတိပြုဖွယ်ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွေဟော်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်တွင် လွှင့်ထူထားသော မြန်မာအလံတိုင်ကို တရုတ်နယ်ခြားစောင့်တပ်မှ လက်နက်အပြည့်အစုံဖြင့် လာရောက်ဖြုတ်ချခြင်းများ ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံအကြား နယ်နိမိတ် ပြန်လည် တိုင်းတာရန် သဘောတူညီမှုများ ရှိခဲ့သည်။  ကီလိုမီတာ ၂၀၀၀ ကျော် ရှည်လျားသော နယ်စပ်တလျှောက်တွင် နယ်စပ်မျဉ်းသတ်မှတ်ခြင်း ပူးပေါင်းလုပ်ငန်းစဉ်ကို ၁၉၉၅ ခုနှစ်က နောက်ဆုံးအကြိမ် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

နှင်းဆီပါတီနှင့် တရုတ်ဂယက်

မြန်မာနိုင်ငံတွင် မကြာမီ အချိန်အတွင်း ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်ရာ လက်ရှိတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် တရုတ်နိုင်ငံ၏ ပတ်သက်ဆက်စပ်မှုများကို ဖော်ထုတ်ထားသော သတင်းဖော်ပြချက်မှာ သတိပြုဖွယ်ရာ အကြောင်းအရာ တခုဖြစ်သည်။ ရန်ကုန်ခေတ်သစ် မီဒီယာ သတင်းဖော်ပြချက်အရ UDP ကို ၂၀၀၈ ခုနှစ်တွင် ကနေဒါနိုင်ငံ၌ တရုတ်ဘာသာစကား ကျွမ်းကျင်သော ပါတီဥက္ကဋ္ဌသည် ထိုစဉ်ကပင် ကနေဒါရောက် တရုတ်အသိုင်းအဝိုင်းအပြင် ကနေဒါနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ရင်းနှီးသောဆက်ဆံရေးများ ရှိသည်ဟု ဆိုသည်။

ထိုအပြင် ၂၀၁၀ ခုနှစ်တွင် UDP က ရွေးကောက်ပွဲ ဝင်ရောက်မည်ဟု ကြေညာပြီးနောက် တရုတ်နိုင်ငံ ရွှေလီတွင် အခြေချကာ ပါတီရုံးချုပ် ဖွင့်လှစ်ခဲ့ပြီး ထိုကာလများတွင်လည်း ပါတီကိစ္စများအတွက် ဗိုလ်မှူးကြီးအဆင့်ရှိ တရုတ်နိုင်ငံသားတဦးပင် ပါဝင်ပတ်သက်မှုများ ရှိခဲ့ကြောင်း ဖော်ထုတ်ရေးသားထားသည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ရပြီးနောက် ပါတီဥက္ကဋ္ဌသည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အမြင်များ ဖလှယ် ဆွေးနွေးခြင်းများလည်းရှိခဲ့၍ တရုတ်သံရုံး၏ သတိထားစောင့်ကြည့်နေသည့် ပါတီဖြစ်သည်ဟုဆိုသည်။

ဦးကျော်မြင့်နှင့် ပတ်သက်၍ ၂၀၀၉ ခုနှစ် ဝန်းကျင်က မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများနှင့် ပတ်သက်သူ၊ မြန်မာနိုင်ငံမှ ထောင်ပြေး နောက်ခံရှိပြီး မြန်မာနိုင်ငံတွင် တရားဝင် စီးပွားရေး လုပ်ငန်းများ ထူထောင်ကာ ရွေးကောက်ပွဲတွင်လည်း ပါဝင်လာသည်တို့ကို Myanmar Now သတင်းဌာနက စုံစမ်းဖော်ထုတ် ရေးသားခဲ့သည်။ ထို့နောက် စက်တင်ဘာ ၂၉ ရက်တွင် ရဲတပ်ဖွဲ့က ဦးကျော်မြင့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ တရုတ်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် အကျဉ်းထောင်မှ ထွက်ပြေးခဲ့သော  ရာဇဝတ်သားတဦးဖြစ်သူက ပြည်တွင်းတွင် စီးပွားရေးလုပ်ငန်းများ တရားဝင်လုပ်ကိုင်နေခြင်း၊ နိုင်ငံရေးပါတီ တည်ထောင်ထားခြင်းနှင့် ပတ်သက်၍ ယနေ့အထိ အစိုးရအာဏာပိုင်များက မည်သည့် ရှင်းလင်းချက်မှ မထုတ်ပြန်သေးကြောင်း ဧရာဝတီ သတင်းဌာနက ဖော်ပြထားသည်။

မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း ကိုးနှစ်ပြည့်

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်က မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း ကိုးနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ စီမံကိန်းရပ်ဆိုင်းမှု နှစ်ပတ်လည်နေ့ရောက်တိုင်း ဒေသခံများနှင့် မြစ်ဆုံဆည် အပြီးတိုင် ရပ်ဆိုင်းလိုသူများက ဆုတောင်းပွဲများ၊ သတင်းစာရှင်းလင်းပွဲများ၊ နှစ်ပတ်လည် အခမ်းအနားများ ပြုလုပ်ကာ မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ကြောင်း ထုတ်ဖော်ခဲ့ကြသည်။ မြစ်ဆုံအနီးရှိ တန်ဖဲကျေးရွာတွင် ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးအတွက် လူစုလူဝေးဖြင့် စုဝေးခြင်း မပြုလုပ်ရသောကြောင့် မြစ်ဆုံစီမံကိန်း ဧရိယာတွင် ပါဝင်နေသော တန်ဖဲရွာဟောင်းရှိ ခြုံနွယ်များကိုသာ ရှင်းလင်းကာ စီမံကိန်း ကန့်ကွက်ကြောင်း လှုပ်ရှားမှုကို ဒေသခံများက စုပေါင်း လုပ်ဆောင်ခဲ့ကြသည်။

နောက်တက်လာမည့် မည်သည့်အစိုးရမဆို မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းစေလိုကြောင်း စီမံကိန်းရပ်ဆိုင်းခြင်း ကိုးနှစ်ပြည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဒေသခံများက ပြောကြားခဲ့သည်ဟု The Daily Eleven သတင်းစာတွင် ဖော်ပြထားသည်။ မြစ်ဆုံ စီမံကိန်းမှာ ယာယီရပ်စဲခြင်းသာ ဖြစ်သောကြောင့် ဒေသခံပြည်သူများအနေဖြင့် စီမံကိန်း ပြန်စမည်ကို စိုးရိမ်မှုများရှိနေကြောင်း၊ အစိုးရအား စီမံကိန်းကို ထာ၀ရ ဖျက်သိမ်းပေးစေလိုကြောင်း ဒေသခံ တက်ကြွလှုပ်ရှားသူများမှ ပြောကြားခဲ့ကြပြီး၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌမှ တရုတ်နိုင်ငံအနေဖြင့် မြစ်ဆုံစီမံကိန်း ဆောင်ရွက်မည့် အစီအစဉ်ကို လက်လျှော့သင့်ပြီဟု ပြောကြားကြောင်း 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့သည်။

မြစ်ဆုံဆည်စီမံကိန်း ပါဝင်သော တရုတ်နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ၏ ဧရာဝတီ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် တည်ဆောက်ရေးစီမံကိန်းတွင် လိုင်ဇာ(မလိယန်)စီမံကိန်း၊ ချီဖွေစီမံကိန်း၊ အူဆောက်စီမံကိန်း၊ ဖီဆော်စီမံကိန်း၊ ခေါင်လန်ဖူးစီမံကိန်း၊ ရီနန်စီမံကိန်း တို့ ပါဝင်သည်။ (အဆိုပါစီမံကိန်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်လက်များ၊ ဒေသခံများ၏ တုံ့ပြန်မှုများကို ISP China Desk တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။)

အခြား

မြန်မာပြည်တွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်း ဝင်ရောက်လျက်ရှိချိန်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်၌ တရားမဝင် နှာခေါင်းစည်း ၇၀,၀၀၀ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ နှာခေါင်းစည်းများသည် တရုတ်နိုင်ငံမှ ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ပို့‌ဆောင်ရန် ဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံမှ ဦးဆောင်၍ ဖွံ့ဖြိုးဆဲနိုင်ငံ ၁၃ နိုင်ငံ ပါဝင်သည့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့် အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးကို စျေးနှုန်းချိုသာစွာဖြင့် စောစီးစွာရရှိရေး၊ နယ်စပ်ဒေသ ပုံမှန်ကုန်သွယ်မှုချောမွေ့ရေးတို့ကို မေတ္တာရပ်ခံ ပြောကြားခဲ့သည်ဟု 7 Day Daily သတင်းစာ၊ Eleven Media Group တို့တွင် ဖော်ပြခဲ့သည်။

ယခုတပတ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ဖမ်းဆီးရမိမှု မရှိသော်လည်း ISP-Myanmar China Desk က စုစည်းထားခဲ့သော သတင်းဖော်ပြချက်များအရ ဩဂုတ် ၁ ရက်နေ့မှစ၍ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အရေအတွက် ၁၉၁ ဦး အထိ ရှိခဲ့သည်။ စက်တင်ဘာလအတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားအရေအတွက် ကျဆင်းလျက်ရှိပြီး မြန်မာပြည်တွင်း၌ ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက်လျက်ရှိနေခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။