ISP China Desk
တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် စက်တင်ဘာ စတုတ္ထပတ် (စက်တင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၆၀ နီးပါးကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများမှ အလေးပေး အာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk မှ အနှစ်ချုပ် ဖော်ပြပေးမည် ဖြစ်ပါသည်။

တရုတ်-မြန်မာ နယ်စပ် အခြေအနေ

စက်တင်ဘာ ၁၅ ရက်နေ့မှစ၍ ပိတ်ထားခဲ့သော မူဆယ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တပတ်အကြာ စက်တင်ဘာ ၂၂ ရက် နေ့တွင် ရွှေလီတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်သူ ထပ်မံတွေ့ရှိခြင်း မရှိ၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့သည်ဟု 7 Day သတင်းဖော်ပြချက်အရ သိရသည်။ ယခင်က တရက်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ဆယ်သန်းကျော် ကုန်သွယ်မှုပမာဏ ရှိခဲ့ရာမှ ယခုနယ်စပ်မပိတ်ခင်မှာပင် အမေရိကန်ဒေါ်လာ ခြောက်သန်းခန့် အထိ ကျဆင်းနေကြောင်း Eleven သတင်း ဖော်ပြချက်ကိုလည်း တွေ့ရသည်။

ဒေသခံ ပြည်သူများ၏ တောင်းဆိုချက်အရ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ကို စက်တင်ဘာ ၁၈ ရက်မှ စတင်၍ ၅ ရက်တာ Lockdown ပြုလုပ်ထားပြီး ကုန်တင်ယာဉ်များကိုလည်း သွားလာခွင့် မပြုတော့ကြောင်း သိရသည်။ အဆိုပါ ၅ ရက်ကြာ Lockdown အပြီး၌ ကုန်စည်ပို့ဆောင်နိုင်ရေး အတွက် တရုတ်နိုင်ငံနှင့် ညှိနှိုင်း၍ ခွင့်ပြုပေးနိုင်ရေး လုပ်ဆောင်ပေးနေသော်လည်း ကျန်ကန့်သတ်ချက်များ ဆက်လက် ရှိနေမည်ဖြစ်ကြောင်း ကမ္ဘောဇတိုင်းတွင် ဖော်ပြထားသည်။ ပုပ်သိုးလွယ်သော ရေထွက်ကုန်များဖြစ်သည့် ငါးရှဉ့်၊ ဂဏန်း၊ ရေခဲငါး၊ ပုစွန်တို့ကို ချင်းရွှေဟော်နယ်စပ်ဂိတ် ပိတ်သဖြင့် မူဆယ်ဘက်သို့ ပြောင်းလဲပို့ဆောင်နိုင်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကားတစ်စီးလျှင်ကျပ်သိန်း ၂၅ဝ မှ ၃ဝဝ အထိ ရှိခဲ့ပြီး ကားစီးရေ ခုနစ်စီးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ယင်းသတင်းဖော်ပြချက်အရ သိရသည်။

အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ

ယခုတပတ်အတွင်း အခြားအာရုံပြုဖွယ်ရာသတင်းများမှာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဌာနဝန်ကြီး Mr. Huang Kunming သည် မြန်မာနိုင်ငံ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တို့နှင့်အတူ အွန်လိုင်းအစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ်သည်။  ထိုအစည်းအဝေးတွင် နှစ်နိုင်ငံ ပြန်ကြားရေးဌာနများအကြား နိုင်ငံတော် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံဖလှယ်မှုများ နှင့်  ယဉ်ကျေးမှုကဏ္ဍ ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုမျာမြှင့်တင်ရေး ဆွေးနွေးခဲ့ကြသည်။ အဆိုပါအစည်းအဝေနှင့် တဆက်တည်းမှာပင် တရုတ်နိုင်ငံမှ မြန်မာ့ရုပ်ရှင်ဇာတ်ကား ‘ငဘ’ကို ဒစ်ဂျစ်တယ် နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ပြီး မြန်မာ့ရုပ်ရှင်နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်နှင့် တရုတ်-မြန်မာသံတမန်ဆက်ဆံရေးနှစ်(၇၀) ပြည့်အထိမ်း အမှတ်အဖြစ် လွှဲပြောင်းပေးအပ်ပွဲ Video Conferencing အခမ်းအနားကို ကျင်းပခဲ့သည်။

ထို့အပြင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် စက်တင်ဘာ ၂၅ရက်နေ့က မြန်မာနိုင်ငံအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ (နည်းပညာသုံးပစ္စည်းများအပါအဝင်) ရုံးသုံးပစ္စည်းများ လှူဒါန်းခဲ့သည်။  ထိုလှူဒါန်းပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ရဲသံမှူး Mr. Liu Yongzan၊ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။ တရုတ်သံရုံးမှ ယခုလှူဒါန်းမှုသည် လုပ်ငန်းဆောင်ရွက်မှု ပိုမိုတွင်ကျယ်စေရန်၊ နှစ်နိုင်ငံနယ်စပ် စီမံခန့်ခွဲရေးနှင့် နိုင်ငံဖြတ်ကျော် မှုခင်းနှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ရည်ရွယ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသည် ပြည်ပနိုင်ငံများ၏ သတင်းနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ကာ ထိုနိုင်ငံများ၏ သတင်းအချက်အလက်ရပ်ဝန်းအား လွှမ်းမိုးနိုင်ရန်ဆောင်ရွက်နေသည်ဟူသော ဝေဖန်မှုများလည်း ပေါ်ထွက်လျက်ရှိသည်။ သို့ဖြစ်ရာ တရုတ်ကွန်မြူနစ်ပါတီ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီး ဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုများမှာ ဆက်လက်စောင့်ကြည့်လေ့လာရမည့် နယ်ပယ်တစ်ခုဖြစ်သည်ဟု သုံးသပ်ရပါသည်။

ဒေသအစိုးရမဟုတ်သော အဖွဲ့အစည်းများ အပေါ်တရုတ်နိုင်ငံ၏အမြင်

တရုတ်နိုင်ငံ၏ နိုင်ငံပိုင်သတင်းစာဖြစ်သည့် The Global Times သတင်းစာတွင် ဖော်ပြ ထားသော “အရှေ့တောင်အာရှ နိုင်ငံများရှိ အနောက်နိုင်ငံအခြေစိုက် အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းအချို့က တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှု များကို အားပေးနေ” သည်ဟူသော ဆောင်းပါးကိုဖော်ပြခဲ့သည်။ အဆိုပါဆောင်းပါးမှာ တရုတ်နိုင်ငံရှိ လူပုဂ္ဂိုလ်များ၊ အဖွဲအစည်းများ၏  မြန်မာနိုင်ငံအတွင်းရှိ အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ အမြင်ကို ပေါ်လွင်စေသည် ဖြစ်ရာ သတိပြုဖွယ်ဖြစ်ပါသည်။  ဆောင်းပါးတွင် အမေရိကန်နိုင်ငံ အခြေစိုက် အဖွဲ့များမှ သဘာဝပတ်ဝန်းကျင်အရေး ဟူသော ခေါင်းစဉ်အောက်တွင် မြန်မာပြည်တွင်းရှိ ရွှေသဘာဝဓာတ်ငွေ့လုပ်ရှားမှုအဖွဲ့ (SGM) အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးကို ထောက်ပံ့နေပြီး ထိုအဖွဲ့အစည်းများက တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို ဝေဖန်ကာ ဒေသခံများက ပါဝင်ဆန့်ကျင်လာရန် ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့၏ ပူးတွဲတည်ထောင်သူက Global Times ၏ ဖော်ပြချက်မှာ မှားယွင်းကြောင်း ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုများမှာ အရေးကြီးကြောင်း နှင့် ထိုသို့ ရင်းနှီးမြှုပ်နှံမှုများဆိုလျှင် ဆန့်ကျင်သွားမည်မဟုတ်ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။ မြန်မာပြည်တွင်းရှိ သဘာဝသယံဇာတ ထုတ်ယူရေး လုပ်ငန်းများနှင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများမှာ တရုတ်ကုမ္ပဏီများ၏ အကြီးစားရင်းနှီးမြှုပ်နှံမှုများကြောင့် အဓိကအားဖြင့် ဖြစ်ပွားနေရကြောင်း၊ ထို့ကြောင့်သာ ဝေဖန်မှုများ ထွက်ပေါ်နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံအပေါ် တိုက်ခိုက်ခြင်းမဟုတ်ကြောင်း Equality Myanmar ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဦးအောင်မျိုးမင်းက ဧရာဝတီသို့ ပြောကြားခဲ့သည်။ ၎င်းတို့သည် အဖိနှိပ်ခံ ပြည်သူများ၏အသံကို နားစွင့်၍ လူ့အခွင့်အရေး စံနှုန်းများကိုသာ ကိုင်စွဲရပ်တည်နေခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

အခြား

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်ချက်နှင့် တင်းကျပ်မှုများ ရှိနေသော်လည်း နယ်စပ်ဒေသများမှဆင့် တရားမဝင်ဝင်ရောက်မှုများလည်း ရှိနေသည်ကိုတွေ့ရပါသည်။  ယခုတပတ်တွင်လည်း တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသား ၁၁ ဦးကို ဖမ်းမိခဲ့ပါသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲအစိုးရသည် မြန်မာနိုင်ငံတွင် တကျော့ပြန် ပြန်လည်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနတို့ထံ နှာခေါင်းစည်းအခုရေ ၄ သိန်း အား  စက်တင်ဘာ ၂၁ ရက်နေ့တွင်လှူဒါန်းခဲ့သည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။