ISP China Desk
မြန်မာ့စိုက်ပျိုးရေးကဏ္ဍအတွက် လမ်းသစ်ရှာဖွေရေးနှင့် နယ်စပ်လုံခြုံရေးပြဿနာ (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ် – ၂၀၂၀၊ မေ စတုတ္ထပတ်)

ပြည်တွင်း၊ ပြည်ပ မီဒီယာများက ဖော်ပြခဲ့သော တရုတ်-မြန်မာ ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သတင်းဖော်ပြမှုပေါင်း ၆၀ ကျော်ကို ယခုသီတင်းပတ်အတွင်း၌ ISP-Myanmar China Desk က စုစည်းခဲ့ရာတွင် တရုတ်နိုင်ငံဈေးကွက်ပျက်သဖြင့် မြန်မာစိုက်ပျိုးရေးတောင်သူများ ထိခိုက်နေရမှု၊ ဆန်ကို တရုတ်တနိုင်ငံတည်းအပေါ် မှီခိုနေရမှုမှ ဈေးကွက်သစ်ရှာဖွေရေးအတွက် တိုက်တွန်းမှု၊ နယ်စပ်တွင် တရုတ်နိုင်ငံသားများနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိမှု စသည်တို့အပါအဝင် ကိုဗစ်-၁၉ အတွက် တရုတ်၏ အကူအညီများ၊ တရုတ်နိုင်ငံမှ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများနှင့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ သတင်းများကို တွေ့ရသည်။ ယင်းဖော်ပြမှုများကို ကဏ္ဍတခုချင်းစီခွဲခြမ်း၍ ဖော်ပြသွားပါမည်။

လုံခြုံရေး

တရုတ်-မြန်မာ နယ်စပ်တွင် ဖောက်ခွဲရေးပစ္စည်းများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှုနှစ်ခုမှာလည်း ယခုတပတ်အတွင်း သတိပြုဖွယ်ရာ သတင်းများ ဖြစ်သည်။

မူဆယ်နယ်စပ်၊ မန့်ဝိန်း စစ်ဆေးရေးဂိတ်အနီးတွင် ကျပ်သိန်းပေါင်း တထောင့်သုံးရာကျော် တန်ဖိုးရှိသည့် ဖောက်ခွဲရေးပစ္စည်းများအား နှစ်နိုင်ငံ ဝင်ထွက်ပေါက်အနီး၊ မြန်မာဘက်ခြမ်းတွင် ရပ်နားထားသည့် ကုန်တင်မော်တော်ယာဉ်ပေါ်မှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါယာဉ်ပေါ်တွင် တင်ဆောင်လာသော ကတ်ထူစက္ကူပုံး ၃၁၆ ပုံးအတွင်းမှ Shock Tube Detonator ဖောက်ခွဲရေးပစ္စည်းအချောင်း ကိုးသောင်းခွဲကျော်ကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ၎င်းမော်တော်ယာဉ်မှာ တရုတ်နံပါတ်ပြားကို တပ်ဆင်ထားသည်ဟု ဆိုသည်။ တရားခံကိုမူ လိုက်လံစုံစမ်းဆဲ ဖြစ်သည်။

နယ်စပ်တွင် ဖောက်ခွဲရေးပစ္စည်းများဖမ်းဆီးရမိမှုသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့်မတ်လအတွင်း မူဆယ်နှင့် သိန္နီတို့တွင်လည်း ဖမ်းမိခဲ့သေးသည်။

အလားတူပင် မူဆယ်မြို့အနီး ပြည်ထောင်စုလမ်းမကြီးပေါ်၌ တရားမဝင် ဝင်ရောက်လာသောတရုတ်နိုင်ငံသားခြောက်ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့ကို ဖမ်းဆီးမိခဲ့သလို ၎င်းတို့နှင့် ဆက်စပ်၍ အဆောက်အအုံဟောင်းတလုံးအတွင်းမှ အမ် ၂၂ သေနတ် ကျည်အိမ်ပါ သုံးလက်၊ ကျည် ၆၉ တောင့်တို့ကို သိမ်းဆည်းနိုင်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု

ယခုတပတ်အတွင်း သတိပြုဖွယ်ရာကိစ္စတခုမှာ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတခုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၂ သန်း တန်ဖိုးရှိသည့် ယင်းရင်းနှီးမြှုပ်နှံမှုမှာ  လက်ခစားစနစ်(CMP) ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်းကို လုပ်ကိုင်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ သို့သော် အလုပ်အကိုင် အခွင့်အလမ်း မည်မျှအား ဖော်ဆောင်ပေးနိုင်မည်ဆိုသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ကုန်သွယ်ရေး

ယခင်သီတင်းပတ်များနည်းတူပင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ချောမွေ့နေခြင်းမရှိသေးဘဲ ဆက်လက်ဆွေးနွေး၊ ညှိနှိုင်းစရာများ ရှိနေသေးသည်။

ဖရဲ၊ သခွား ဈေးကွက်မှာလည်း ပျက်လျက်ရှိပြီး ယခုနှစ် ရာသီချိန်တွင် အမေရိကန်ဒေါ်လာ သန်း ၆၀ ဖိုးဝန်းကျင် နစ်နာဆုံးရှုံးခဲ့ရသည်ဟု တင်ပို့ရမှုမှာလည်း မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုးသူများအသင်း ဥက္ကဋ္ဌက ခန့်မှန်းသည်။ မြန်မာနိုင်ငံတွင် ဖရဲနှင့် သခွားကို ချင်းပြည်နယ်မှလွဲ၍ ကျန်ဒေသများ၌ ဧက တသိန်းနှစ်သောင်းကျော်တွင် တောင်သူ လေးသောင်းကျော်က စိုက်ပျိုးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ ယခုအခါတွင် တရုတ်နိုင်ငံအတွင်း၌ ဖရဲ၊ သခွား ပေါ်ချိန်ဖြစ်သဖြင့် မြန်မာနိုင်ငံမှ တင်ပို့မှုကိုလည်း ရပ်နားလိုက်ပြီ ဖြစ်သည်။ နှစ်စဉ် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဖရဲတန်ချိန် ရှစ်သိန်းကျော်နှင့် သခွားမွှေးတန်ချိန် တသိန်းခွဲကျော် တင်ပို့နိုင်ခဲ့ရာမှ ယခုနှစ်တွင် ဖရဲတန်ချိန် ငါးသိန်းကျော်နှင့် သခွားတန်ချိန် တသိန်းသုံးသောင်းကျော်သာ တင်ပို့နိုင်ခဲ့သည်။

ပြီးခဲ့သည့်လများအတွင်းက တရုတ်နိုင်ငံတွင် သောင်တင်နေသည့် ဆန်အိတ် တသိန်း(တန် ငါးထောင်)ကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခဲ့ပြီဖြစ်ကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။ အဆိုပါဆန်များမှာ ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်မပါသဖြင့် ကျယ်ဂေါင်တွင် ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ပြန်လည်စစ်ဆေးနိုင်ရန် မြန်မာဘက်သို့ ပြန်လည်သယ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ စစ်ဆေးပြီးပါက တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဟုလည်း ဆိုသည်။

ထို့အတူ ကချင်ပြည်နယ်အတွင်းက တစ်ရှူးငှက်ပျောစိုက်ခင်းများအနေနှင့်လည်း အခက်အခဲများရှိနေပြီး မြန်မာအလုပ်သမားများအား လုပ်ခလစာ မပေးချေနိုင်သည့် ပြဿနာရှိနေသည်။ ကိုဗစ်-၁၉ ကြောင့် ငှက်ပျောတင်ပို့ရာတွင် အခက်အခဲများရှိနေခြင်း၊ ငှက်ပျောခြံများတွင် မခုတ်သိမ်းနိုင်သဖြင့် အသီးများအမှည့်လွန်ခြင်းများအပါအဝင် ငှက်ပျောလုပ်ငန်းများအတွင်း ငွေကြေးစီးဆင်းမှု ကျပ်တည်းနေရာ အလုပ်သမားများအား လုပ်ခရှင်းမပေးနိုင်သည့်အခက်အခဲများရှိနေကြောင်း ကချင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၏ ပြောဆိုမှုကို ကိုးကားရေးသားထားသော သတင်းတပုဒ်တွင် ပါရှိသည်။

ယခုတပတ်အတွင်း စိတ်ဝင်စားဖွယ်ရာမှာ ဆန်အပါအဝင် မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်များအား နိုင်ငံတခုတည်းကိုသာ မှီခိုအားထားပြီး ရောင်းချနေရခြင်းမျိုး မရှိစေရန် ဈေးကွက်သစ်များ ရှာဖွေကြရေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာ သန်းမြင့်က တိုက်တွန်းပြောကြားလိုက်ခြင်း ဖြစ်သည်။ ဆန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်သစ်ရှာဖွေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် မြန်မာ့လယ်ယာထွက်ကုန်အများစုမှာ တရုတ်နိုင်ငံဈေးကွက်ကိုသာ အားထားနေရခြင်း ဖြစ်သည်။

အလားတူပင် နယ်စပ်ကုန်သွယ်ရေးကန့်သတ်ချက်များနှင့်ပတ်သက်၍ နှစ်နိုင်ငံတာဝန်ရှိသူတို့က ဆွေးနွေးခဲ့ခြင်းမှာလည်း နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်ပတ်သက်၍ ယခုတပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ လက်ရှိ ရှိနေသည့် ကန့်သတ်ချက်များထဲမှ အချို့ကို ဖြေလျှော့ရန် ယူနန်ပြည်နယ်၊ လင်ချိုင်းခရိုင် ဒုတိယမြို့တော်ဝန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ချင်းရွှေဟော်နယ်စပ်ရှိ နှစ်နိုင်ငံနယ်နိမ်စည်းတွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆွေးနွေးမှုမှာ ဆက်လက်လုပ်ဆောင်ရဦးမည်ဖြစ်သည်။  အလားတူပင် တစ်ရှူးငှက်ပျောကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေးအတွက် အပင်ပိုးမွှားကင်းစင်ရေးဆိုင်ရာ အခြေပြစာချုပ်ချုပ်ဆိုရန် နှစ်ဖက် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်းလည်း သတင်းတပုဒ်တွင် ဖော်ပြခဲ့သည်။

နေရပ်ပြန်များ

ကိုဗစ်-၁၉ ကာလအတွင်း တရုတ်နိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် နေရပ်သို့ ပြန်လာနေမှုများသည်လည်း ဆက်လက်ရှိနေသေးသည်။ ၎င်းတို့၏ နေ့စဉ်ဝင်ရောက်မှုစာရင်းကို အတိအကျမသိရသော်လည်း သတင်းဖော်ပြမှုများအရမူ ယခုတပတ်အတွင်းတွင်လည်း ထောင်ဂဏန်းဝန်းကျင် ရှိနေသည်။ အများစုမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်နယ်စပ်ဂိတ်မှဖြစ်ပြီး လားရှိုးမှတဆင့် မီးရထားဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်ခြင်း ဖြစ်သည်။ အဆိုပါပမာဏမှာ မေ ၆ ရက်မှ ၂၈ ရက်အထိ စုစုပေါင်း ရှစ်ထောင်ကျော်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့ကိုဗစ်အတွက် တရုတ်၏ အလှူ

တရုတ်နိုင်ငံ၏ အစိုးရနှင့် အရပ်ဘက်ပုဂ္ဂလိကအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများအနေနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများမှာလည်း ဆက်လက်၍ ရှိနေသေးသည်။

၎င်းလှူဒါန်းမှုများထဲမှာ တချို့ကို ထုတ်နှုန်ဖော်ပြရလျှင် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းတို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း နှစ်သောင်းနှင့် N95 ၃၆၀၀ ကို ပေးအပ်လှူဒါန်းခဲ့သည်။ ထို့အတူ တရုတ်ကွန်မြူနစ်ပါတီကလှူဒါန်းသည့် နှာခေါင်းစည်း တသိန်းအပါအဝင် ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသည့် အထူးလေယာဉ်သည်လည်း ရန်ကုန်မြို့သို့ ယခုတပတ်အတွင်း ရောက်ရှိခဲ့သည်။ ၎င်းတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံထံသို့ တရုတ်စစ်သံမှူး Senior Colonel Xiong Shaowei နှင့် တရုတ်သံရုံး သံမှူး Mr. Lin Tao တို့က လွှဲပြောင်းပေးခဲ့သည်။

မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းကလည်း စုစုပေါင်း ကျပ်သိန်း ၁၈၀ တန်ဖိုးရှိ နှာခေါင်းစည်း တသောင်းခွဲ၊ ရောဂါကာကွယ်ရေးဝတ်စုံ ၅၀ နှင့် Disinfection Channel နှစ်ခုတို့ကို ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးမှတဆင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ လှူဒါန်းခဲ့သည်။

ထို့အပြင် ယူနန်ပြည်နယ်၊ ယူနန်တီဗီနှင့် Myanmar-China Lancang Mekong Culture Communication Co., Ltd တို့ကလည်း နှာခေါင်းစည်း တသောင်းကို မြန်မာအစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းများအတွက် လှူဒါန်းခဲ့သလို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရကလည်း ကျပ်သိန်း ၃၇၀၀ ကျော် တန်ဖိုးရှိသည့် ဓာတ်ခွဲရှာဖွေရေးစက်ကိရိယာတစုံနှင့် ခြောက်ဦးပါဝင်သည့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ကို မန္တလေးမြို့သို့စေလွှတ်ခဲ့သည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။