ISP China Desk
တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ်  ဒီဇင်ဘာ ပထမပတ် (နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ)

ယခု ရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့် သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ် ချက်ပေါင်း ၆၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့ သော သတင်များအနက် အလေးပေး အာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk က အနှစ်ချုပ် ဖော်ပြပေးမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ

(၂၀၂၀ ရွေးကောက်ပွဲအလွန် ISP-Myanmar ၏ မြန်မာ့နိုင်ငံခြားရေးမူဝါဒသုံးသပ်ချက်ကို ဖတ်ရှုရန်)

နိုဝင်ဘာ ၂၇ ရက်က နန်နင်းမြို့၌ ကျင်းပခဲ့သော (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ်ကုန်စည်ပြပွဲတွင် မြန်မာ သမ္မတ ဦးဝင်းမြင့်လည်း မိန့်ခွန်းတရပ်ပြောကြားခဲ့ပြီး အဆိုပါ မိန့်ခွန်းတွင် တရုတ်-အာဆီယံဆက်ဆံရေးသည် ဒေသတွင်းတည်ငြိမ်မှုအတွက် အကျိုးရှိပြီး ‘ဘက်ပေါင်းစုံ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” သို့ အဆင့်မြှင့်တင်‌‌ရေးနှင့် အာဆီယံ-တရုတ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးနှစ်အဖြစ် ၂ဝ၂၁ အား သတ်မှတ်ရေးအတွက် ကြိုဆိုကြောင်းပြောဆိုခဲ့သည်ဟု မြန်မာတိုင်းမ် သတင်းဌာနက ဖော်ပြသည်။ ထို့အပြင် အဆိုပါမိန့်ခွန်း၌ တရုတ်နိုင်ငံသည် အာဆီယံ၏ ဒေသတွင်းတည်ငြိမ်မှုအတွက်လည်း အရေးပါကြောင်း ပြောဆိုခဲ့သည်ဟု The Daily Eleven သတင်းစာက ဖော်ပြသည်။

လာမည့်အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲမရှိနိုင်ဘဲ ဖော်ဆောင်မှု အပိုင်းတွင်သာ အပြောင်းအလဲများရှိနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၏ ပြောဆိုချက်ကို ဖော်ပြထားသော သတင်းတပုဒ်ကိုလည်း RFA သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါသတင်း၌ပင် နိုင်ငံခြားရေး မူဝါဒ အပြောင်းအလဲမရှိနိုင်လျှင် အနောက်အင်အားကြီးနိုင်ငံများထက် တရုတ်နိုင်ငံနှင့် ပိုမို နီးစပ်လာနိုင်သည် ဟူသော သုံးသပ်ချက်များကိုလည်း ဖော်ပြထားသည်။

Japan Forward သတင်းဌာနတွင်လည်း “မြန်မာ့ဒီမိုကရေစီအရေးသည်ပင်လျှင် တရုတ်နိုင်ငံ၏ မြန်မာ့အရေးတွင် ဝင်ရောက်ပါဝင်နေမှုများအား ရပ်တန့်နိုင်မည့်အရာ ဖြစ်သည်”ဆိုသော  အယ်ဒီတာ့ အာဘော် တပုဒ်ကို ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် မဖြစ်မနေကျော်ဖြတ်ရမည့် အခက်အခဲ တခုဖြစ်သော လွှတ်တော်အသီးသီးတွင် တပ်မတော်၏ ၂၅ ရာခိုင်နှုန်းပါဝင်နေမှုကိုလည်း လျှော့ချရန် လိုအပ်ကြောင်း ဖော်ပြသည်။၊ မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာအရေး၌ (ဆောင်းပါးမူရင်း ဖော်ပြချက်အရ) တပ်မတော်အား အကာအကွယ် ပေးခဲ့ခြင်းကြောင့် အနောက်နိုင်ငံများ၏ ဝေဖန်ပြောဆိုခံချိန်တွင်  တရုတ်နိုင်ငံသည် အဆိုပါအရေးအား ပြည်တွင်းရေး ပြဿနာတခုအနေဖြင့်သာ မြန်မာအစိုးရကို အားပေးခဲ့ခြင်းသည်လည်း အကြောင်းတချက်အနေဖြင့် ပါဝင်သည်ဟုဆိုသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ မသိမသာ ပိုမိုပါဝင်လာမှုကို လျှော့ချနိုင်ရန်အတွက် မြန်မာအစိုးရအနေဖြင့် တပ်မတော်၏ နိုင်ငံ‌ရေးထွက်ပေါက်ကို ဖော်ဆောင်ရန် အရေးကြီးကြောင်းနှင့် ဂျပန်အစိုးရအနေဖြင့်လည်း မြန်မာ့ဒီမို‌ကရေစီအရေးအတွက် ကူညီပံ့ပိုးပေးသင့်ကြောင်း ဖော်ပြထားပါသည်။

ကိုဗစ်အလွန် စီးပွားရေး ထိခိုက်နစ်နာမှုများကို တရုတ်စီမံကိန်းများက လျှော့ချပေးနိုင်ခြေ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး ထိခိုက်နစ်နာမှုများကို လျှော့ချနိုင်ရန် ရပ်ဝန်း လမ်းကြောင်းအစီအမံ (BRI)ကို နှစ်နိုင်ငံလုံးအတွက် အကျိုးရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သမ္မတဦးဝင်းမြင့်က နိုဝင်ဘာ ၂၇ ရက်က ကျင်းပခဲ့သော တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ပါသည်။

“ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်းများကို နှစ်နိုင်ငံလုံးအတွက် အကျိုးရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနဲ့ ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ခြင်းတို့ဟာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရေးနဲ့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုမြှင့်တင်ရေးတို့ကို အထောက် အကူပြုစေမှာ ဖြစ်သလို COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး ထိခိုက်နစ်နာမှုများကိုလည်း လျှော့ချစေနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့သည်။

သမ္မတဦးဝင်းမြင့်၏ တရုတ်စီမံကိန်းများကို ပိုမိုမြှင့်တင်ပူးပေါင်းဆောင်ရွက်ရန် မိန့်ခွန်းပြောကြားခဲ့ပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၂၉ ရက်တွင် လက်ပံတောင်းသပိတ်စခန်း ဖြိုခွင်းခံရမှု ရှစ်နှစ်ပြည့် နှစ်ပတ်လည် အစီအစဉ်ကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်နိုင်ငံပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ရန် တပ်မတော် အစိုးရလက်ထက်တွင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုစီမံကိန်းအတွင်းရှိ ရွာလေးရွာကို ရွှေ့ပြောင်းခဲ့ရပြီး ဒေသခံများ၏ လယ်ယာမြေ ဧက ၇,၈၀၀ ကျော်လည်း သိမ်းဆည်းခံခဲ့ရသည်။ ဖိအားပေးမြေယာသိမ်းဆည်းမှုကို ဆန့်ကျင်သောကြောင့် သိမ်းဆည်းခဲ့သော လယ်ယာမြေများအတွက် လျော်ကြေးကို လက်မခံသေးသော ဒေသခံများလည်း ရှိနေသေးသည်။

“သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေက ထိခိုက်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေကို ဝန်ချ တောင်းပန်တာတွေ ဒီနေ့အထိ မလုပ်သေးတာကြောင့် အောက်မေ့ဖွယ်အစီအစဉ်တွေကို နှစ်စဉ်ကျင်းပနေတာလို့ အကြမ်းဖက် ဖြိုခွင်းတာကြောင့် ဒဏ်ရာရခဲ့တဲ့ ဆရာတော် ဦးဝဏ္ဏသိဒ္ဓိက မိန့်ပါတယ်” ဟု RFA သတင်းဌာနက ဖော်ပြထားသည်။

တပ်ချုပ်ခရီးစဉ်အပြီး ကချင်ပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား မြစ်ဆုံစီမံကိန်းအရေး သဘောထားကွဲလွဲ

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကချင်ဘာသာရေးခေါင်းဆောင်ဒေါက်တာ ခလမ်ဆမ်ဆွန် ဦးဆောင်သောအဖွဲ့တို့သည် ဒီဇင်ဘာ ၁ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တွေ့ဆုံခဲ့ပြီး မြစ်ဆုံစီမံကိန်းအပါအဝင် ကိုဗစ်ရောဂါကူးစက်မှု၊ ငြိမ်းချမ်းရေးနှင့် ဒုက္ခသည် နေရပ် ပြန်လည် အခြေချရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း RFA သတင်းဌာနတွင် ဖော်ပြခဲ့သည်။

တွေ့ဆုံမှုတွင် ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌ ‌ဒေါက်တာခလမ်ဆမ်ဆွန်က “မြစ်ဆုံကိုမထိဘဲ မေခ၊ မလိခမြစ်ဘက်မှာ စီမံကိန်းဆောင်ရွက်လျှင် လူထုကန့်ကွက်မှုမရှိနိုင်ကြောင်း” တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ပြောကြားခဲ့သည်။ ၎င်း၏ အကြံပြုချက်အပေါ် ကာကွယ်ရေးဦးစီးချုပ်ကလည်း ပိုမို နှစ်သက်သည့် သဘောလက္ခဏာ ဆောင်သော အရိပ်အယောင်တွေ့ရကြောင်း ဒေါက်တာခလမ်ဆမ်ဆွန်က ပြောကြားသည်။

ဒေါက်တာခလမ်ဆမ်ဆွန်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြစ်ဆုံအရေးပြောကြားမှုအပေါ် ကချင်ပြည် နယ် ပြည်သူ့ပါတီ KSPP ဒုတိယဥက္ကဋ္ဌ (၁) ကွမ်ဂေါင်အောင်ခမ်းက မြစ်ဆုံအပါအဝင် မေခနှင့် မလိခ မြစ်ရိုး တလျှောက်တွင် ပြုလုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းများကို လက်မခံနိုင်ဟု ပြန်လည်ပြောဆိုခဲ့သည်။

မေခနှင့် မလိခတွင် ဆောင်ရွက်လျှင် ပြည်သူသဘောတူနိုင်သည်ဟု  ဒေါက်တာခလမ်ဆမ်ဆွန်၏ ပြောကြားမှုကို ပြည်သူလူထုအနေဖြင့် လက်ခံမည်မဟုတ်ဟု ထင်မြင်ပြီး ထိုပြောဆိုမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သဘောတူသည့်ပုံစံဖြစ်သွားလျှင် နောက်ဆက်တွဲပြဿနာများစွာဖြစ်ပွားနိုင်သည့် အနေအထားရှိကြောင်း KSPP ဒုဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်ဟု ဒီဇင်ဘာ ၄ ရက်ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြထားသည်။

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး အခြေအနေ

မူဆယ်နယ်စပ်တွင် တရုတ်ကုမ္ပဏီတခုက ဆန်တန်ဖိုးငွေ ကျပ်သိန်း ၈၀,၀၀၀ ကျော် လိမ်လည်သွားသည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော သတင်းမှာ ကောလာဟလသာ ဖြစ်ကြောင်း မူဆယ်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌက ငြင်းဆိုထားခဲ့သည်။ တရုတ်လုပ်ငန်းရှင်မှာ ခရီးလွန်နေခြင်းနှင့် ရုတ်တရက်ငွေမပေါ်သေးခြင်းသာဖြစ်ပြီး ကုမ္ပဏီ၏ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များနှင့် ပုံမှန်အဆက်အသွယ်ရှိနေကြောင်း ဒုတိယဥက္ကဋ္ဌက Myanmar Times သတင်းဌာနသို့ နိုဝင်ဘာ ၂၇ ရက်တွင် ဖြေကြားခဲ့သည်။ ဤကဲ့သို့ သတင်းများ ပျံ့နှံ့သွားခြင်းကြောင့် မြန်မာကုန်သည်များ တရုတ်ဘက်သို့ ဆန်ရောင်းရန် တွေဝေလာပြီး နယ်စပ်ဆန်ဈေးကွက် အေးစက်သွားနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။  ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံသို့ တင်ပို့သော ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှု စုစုပေါင်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ရှိပြီး အကြီးမားဆုံးဈေးကွက်လည်း ဖြစ်သည်။

ဆန်ဈေးကွက်သာမက ငါး၊ ပုစွန်အရှင်တင်ပို့သော ဈေးကွက်တွင် တရုတ်နိုင်ငံသို့ အမြောက်အမြားတင်ပို့ခဲ့သော်လည်း ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တရုတ်နိုင်ငံဘက်မှ ငါး၊ ပုစွန်ဝယ်လိုအားကျဆင်းခဲ့သည်။ တရုတ်ဝယ်လက် ကင်းမဲ့သွားသောကြောင့် မွန်ပြည်နယ်ရှိ ငါး၊ ပုစွန်လုပ်ငန်းများ ၅၀ ရာခိုင်နှုန်းခန့်အထိ လျော့ကျခဲ့ကြောင်း Myanmar Times သတင်းဌာန၌ ဖော်ပြထားသည်။

ဆိတ်အရောင်းအဝယ်ဈေးကွက်တွင်လည်း ကိုဗစ်ကာလဖြစ်သောကြောင့် တရုတ်ဘက်မှ ဆိတ်ဝယ်ယူမှု ရပ်ဆိုင်းထားရာ မူဆယ်ကွင်းအတွင်း ဆိတ်ကောင်ရေများစွာပိတ်မိနေကြောင်း သတင်းဖော်ပြချက်များရှိခဲ့သည်။ ဆိတ်ကို တရုတ်နှင့် ထိုင်းသို့ အဓိကတင်ပို့နေပြီး တရုတ်ဈေးကွက်ကို အလွန်မှီခိုနေရ၍ ဈေးကွက် တည်ငြိမ်မှုမရှိဖြစ်ရခြင်းမှာ တင်ပို့သူ၊ မွေးမြူသူများအတွက် အဓိက စိန်ခေါ်မှုဖြစ်နေကြောင်း ​မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အကြံပေး ဒေါက်တာသက်ခိုင်က ပြောကြားခဲ့သည်။

ဆိတ်များသာမက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တရုတ်ဝယ်လက်မရှိသဖြင့် ကျွဲ၊ နွားများပါ အကောင်ရေသောင်းချီ၍ နယ်စပ်တွင် သောင်တင်နေကြောင်း သတင်းဖော်ပြချက်လည်း ရှိခဲ့သည်။ တရုတ်နိုင်ငံဘက်မှ ကျွဲ၊ နွား တင်ပို့သော ကုမ္ပဏီများကို ကုမ္ပဏီတခုလျှင် သုံးလသက်တမ်းဖြင့် တင်ပို့ခွင့်ပါမစ် ထုတ်ပေးခဲ့ပြီး အဆိုပါသုံးလအတွင်း တင်ပို့ခြင်းမရှိပါက အရေးယူမည့်စည်းကမ်းကိုလည်း ထည့်သွင်းထားခဲ့သည်။ ထို့အပြင် ပါမစ်၏ ခွင့်ပြုချက်မှာ မူဆယ်နယ်စပ်အထိသာ တင်ပို့ခွင့် ရရှိမည်ဖြစ်သည်။ သုံးလအတွင်း တင်ပို့နိုင်ရန် ကုမ္ပဏီ ၁၅၀ ခန့်မှ ကျွဲ၊ နွားကောင်ရေ သောင်းချီ၍ မူဆယ်နယ်စပ်သို့ တင်ပို့ခဲ့သော်လည်း ယခုအခါ ကပ်ရောဂါကြောင့် တရုတ်ဝယ်လက်မရှိသဖြင့် ကျွဲ၊ နွားများ နယ်စပ်တွင် သောင်တင်လျက် အခက်တွေ့နေရကြောင်း Myanmar Times သတင်းဖော်ပြချက် ရှိခဲ့သည်။

တဖက်တွင်လည်း ဖရဲ၊ သခွားဈေးကွက်၌ တရုတ်ဝယ်လိုအား မြင့်မားလျက်ရှိပြီး ကပ်ရောဂါကြောင့် မြန်မာဘက်၌ စိုက်ပျိုးမှုကျဆင်းခဲ့ရာ ဖရဲ၊ သခွားများမှာ ဆယ်စုနှစ်အတွင်း စံချိန်တင် ဈေးကောင်း ရရှိနေပြီး ယခုအခါ တရုတ်နိုင်ငံသာမက ဒူဘိုင်းနှင့် ကာတာနိုင်ငံများသို့ပါ တင်ပို့ရန် စီစဉ်နေကြောင်း သတင်းဖော်ပြချက်များ ရှိခဲ့သည်။

အခြားသတင်းများ

တရုတ်နိုင်ငံ Bank of China က မြန်မာနိုင်ငံ ကျောင်းသား/သူများအတွက် ပညာတော်သင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့လည်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ အခမ်းအနားတွင် Bank of China နှင့် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (CFPA) တို့မှ တာဝန်ရှိသူများက ရန်ကုန်တက္ကသိုလ်သို့ တရုတ်ယွမ်ငွေ တသန်း (မြန်မာကျပ်ငွေ သိန်း ၁,၉၀၀ ခန့်)ကို လွှဲပြောင်းပေးအပ်ခဲ့သည်။ တရုတ်နိုင်ငံ၏ ပြောင်းလဲလာသော မူဝါဒတွင် အစိုးရချင်းဆက်ဆံရေးမှသည် ပြည်သူချင်းဆက်ဆံရေးဟူသော အလွှာစုံထိတွေ့ဆက်ဆံ‌ရေး မဟာဗျူဟာအရ မြန်မာနိုင်ငံရှိ အင်အားစုအသီးသီးအား ထိတွေ့ကာ လှုဒါန်းမှုများ ပြုလုပ်လေ့ရှိသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်ချက်နှင့် တင်းကျပ်မှုများ ရှိနေသော်လည်း နယ်စပ်ဒေသများမှတဆင့် တရားမဝင် ဝင်ရောက်မှုများလည်း ရှိနေသည်ကို တွေ့ရပါသည်။ ယခုတပတ်အတွင်း တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၁၂ ဦးကို ဖမ်းမိခဲ့ကြောင်း ကမ္ဘောဇတိုင်း သတင်း ဖော်ပြချက်အရ သိရသည်။ ထူးခြားချက်မှာ တရုတ်-မြန်မာနယ်စပ်မှ ဝင်ရောက်လာခြင်းမဟုတ်ပဲ ထိုင်း-မြန်မာနယ်စပ်မှ ဝင်ရောက်လာခြင်းဖြစ်သည်။ အခြားမှုခင်းသတင်းတပုဒ်တွင် တရုတ်နိုင်ငံသို့ အဓမ္မ လက်ထပ်လူကုန်ကူးမှုများကို စုစည်းဖော်ပြထားပြီး နိုဝင်ဘာအတွင်း ခုနစ်မှုနှင့် အောက်တိုဘာအတွင်း လေးမှုရှိခဲ့ကြောင်း The Daily Eleven သတင်းစာဖော်ပြချက်အရသိရသည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။