ISP China Desk
တရုတ်ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့်အနှစ်ချုပ်

တရုတ်ကွန်မြူနစ်ပါတီရဲ့  နှစ်တရာပြည့်အခမ်းအနားကို ဇူလိုင် ၁ ရက်က ပေကျင်းရှိ တီယန်မင် ရင်ပြင်မှာပြုလုပ်ခဲ့ပါတယ်။ ၁၉၂၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ ပြည်တွင်းစစ်မှာ အနိုင်ရပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ၇၂ နှစ်လုံးလုံး တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာ ယန္တရားတခုလုံးကို အပြည့်အဝချုပ်ကိုင်ထားတဲ့ ပါတီဖြစ်တာကြောင့် ကမ္ဘာမှာ အအောင်မြင်ဆုံး အာဏာရှင်ပါတီလို့ ခေါ်ကြပါတယ်။ ပါတီရဲ့ နှစ်တရာပြည့် အခမ်းအနားဟာ ကြီးကျယ်ခမ်းနားပြီး အတိတ်ကိုပြန်အောက်မေ့ခြင်း အခမ်းအနားတွေ၊ ဆုတံဆိပ်ချီးမြှင့်တဲ့အခမ်းအနားတွေ၊ ကွန်မြူနစ်ပါတီရဲ့ဦးဆောင်မှုကြောင့် အောင်မြင်ခဲ့တဲ့ သမိုင်းကြောင်းတွေကို ဝေဝေဆာဆာ အခမ်းအနားပေါင်းစုံ၊ ပြခန်းပေါင်းများစွာနဲ့ ခင်းကျင်းပြသခဲ့ပါတယ်။

နှစ်တရာအတွင်းမှာ တရုတ်နိုင်ငံက ကျင်းပတဲ့ အကြီးကျယ်ဆုံးနိုင်ငံရေး အခမ်းအနားဖြစ်ပြီး ကွန်မြူနစ်ပါတီဝင်တွေရဲ့ ထိပ်တန်းခေါင်းဆောင်ဟောင်းတွေအပါအဝင် ပြည်သူပေါင်း ၇၀,၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ဇူလိုင်လရဲ့ နိုင်ငံတကာအရေး သတင်းမီဒီယာ သုံးသပ်ချက်တွေမှာလည်း ကွန်မြူနစ်ပါတီ နှစ်တရာပြည့်အခမ်းအနားနဲ့ ပတ်သက်ပြီး ပါတီရဲ့ အောင်မြင်မှု၊ အနာဂတ်၊ အငြင်းပွားဖွယ်ရာကိစ္စတွေကို ဝေဝေဆာဆာဖော်ပြခဲ့ကြပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့  နှစ်တရာအတွင်း အဓိကဖြတ်သန်းခဲ့တဲ့ သမိုင်းမှတ်တိုင်တွေ၊ ပါတီရဲ့ ရှေ့ဆက်မယ့် နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံခြားရေးမူဝါဒတွေ၊ နောက်ခံသမိုင်းအကျဉ်း၊ ဖွဲ့စည်းပုံနဲ့ မြန်မာပြည်သူတွေဂရုပြုစရာကောင်းတဲ့ ကိန်းဂဏန်းတွေ၊အချက်အလက်တွေကို အပိုင်းငါးပိုင်းခွဲပြီး ရွေးချယ်တင်ပြလိုက်ပါတယ်။

(၁) တရုတ်ကွန်မြူနစ်ပါတီ၏ သမိုင်းမှတ်တိုင်အကျဉ်း

တရုတ်ကွန်မြူနစ်ပါတီ၏ သမိုင်းမှတ်တိုင်အကျဉ်း

 

(၂) တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီဝင်အရေအတွက်နှင့် အချိုးအစား

တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီဝင်အရေအတွက်

အထက်ပါကိန်းဂဏန်း အချက်အလက်တွေကိုတရုတ်နိုင်ငံပိုင်သတင်းမီဒီယာများဖြစ်တဲ့ ဂလိုဘယ်တိုင်းမ်၊ CGTN နှင့် Central Organization Department of CCP တို့မှရယူထားပြီး ၂၀၂၁ ခုနှစ် ဇွန် ၅ ရက်အထိနောက်ဆုံးတွက်ချက်ထားတဲ့ ကိန်းဂဏန်းများဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အချက်အလက်များအရ တရုတ်ကွန်မြူနစ်ပါတီမှာ ပါတီဝင်ပေါင်း ၉၅ သန်းကျော်ရှိပါတယ်။ တရုတ်နိုင်ငံရဲ့လူဦးရေဟာ ၁ ဒသမ ၄ ဘီလီယံရှိတာကြောင့် ကွန်မြူနစ်ပါတီဝင်အရေအတွက်ဟာ လူဦးရေစုစုပေါင်းရဲ့ ၆ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။ ကွန်မြူနစ်ပါတီဝင်တွေဟာ အလုပ်အကိုင်နဲ့ပုံရိပ်ကောင်းမှုဆိုတဲ့ အခွင့်အကောင်းတွေရရှိပေမယ့် ပါတီဝင်ဖြစ်ဖို့ အင်မတန်မှခက်ခဲပါတယ်။ ၈၀ ရာခိုင်နှုန်းသော ပါတီဝင်လျှောက်လွှာတွေဟာ ပယ်ချခံရပါတယ်။ ပါတီဝင်ဖြစ်ဖို့အတွက် ပါတီဝင် နှစ်ဦးရဲ့ ထောက်ခံချက် လိုအပ်သလို တကယ်လို့ အဲဒီအဆင့်ကိုကျော်ဖြတ်သွားနိုင်ပြီဆိုရင်တောင် လျှောက်ထားသူရဲ့  နောက်ခံသမိုင်းကြောင်းကို အသေးစိတ်စစ်ဆေးဦးမှာပါ။ ဒါ့အပြင် ပါတီအဖြစ်လျှောက်ထားသူတွေဟာ  ထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ မော်စီတုန်း၊ တိန့်ရှောင်ဖိန်၊ ရှီကျင့်ဖျင်တို့ရဲ့ တရုတ်နိုင်ငံရေးဖွံ့ဖြိုးမှု မူဝါဒတွေ အတွေးအခေါ်တွေကို သင်ကြားတဲ့သုံးရက်တာသင်တန်းကို အောင်မြင်မှသာ တနှစ်တာသက်တမ်းရှိတဲ့ ပါတီဝင်ဖြစ်လာပါမယ်။

တရုတ်ကွန်မြူနစ်ပါတီဝင် ပြည်သူအချိုးအစား

 

ကွန်မြူနစ်ပါတီဝင်များ၏ အသက်အရွယ်အပိုင်းအခြား

 

(၃)ကွန်မြူနစ်ပါတီ၏ ဖွဲ့စည်းပုံနှင့် အာဏာတည်ဆောက်ပုံ

တရုတ်ကွန်မြူနစ်ပါတီ ဖွဲ့စည်းပုံ

တရုတ်ကွန်မြူနစ်ပါတီက အစိုးရယန္တရား တခုလုံးကို ဘယ်လိုထိန်းချုပ်ထားသလဲဆိုရင် ၉၂ သန်းသော ပါတီဝင်တွေထဲက ပါတီညီလာခံကိုယ်စားလှယ် ၂,၃၀၀ ကျော်ကို ရွေးချယ်ပါတယ်။ အမျိုးသားညီလာခံကိုယ်စားလှယ်တွေကို ငါးနှစ်တကြိမ် ပြန်လည်ရွေးချယ်ပါတယ်။ ညီလာခံကိုယ်စားလှယ်တွေထဲကနေ ဗဟိုကော်မတီဝင် ၃၇၆ ဦးခန့်ကို ပြန်လည်ရွေးချယ်ပါတယ်။ ဗဟိုကော်မတီဝင်ထဲကနေ ပေါလစ်ဗျူရို ၂၅ဦးနဲ့ ပေါလစ်ဗျူရိုအမြဲတမ်း အဖွဲ့ဝင် ခုနစ်ဦး (လက်ရှိ) ကို တင်မြှောက်ထားပါတယ်။ အဲဒီ ခုနစ်ဦးရဲ့အပေါ်မှာ ထိပ်သီးခေါင်းဆောင်အနေနဲ့ အထွေထွေအတွင်းရေးမှူး နေရာကို ယူထားသူကတော့ လက်ရှိသမ္မတ ရှီကျင့်ဖျင်ပဲဖြစ်ပါတယ်။ ဗဟိုကော်မတီဟာ တနှစ်တကြိမ် တွေ့ဆုံလေ့ရှိပြီး ဗဟိုကော်မတီ မရှိတဲ့ အချိန်တွေမှာ ဆုံးဖြတ်ချက်တွေကို ပေါလစ်ဗျူရိုအဖွဲ့ဝင် ၂၅ ဦးက ချမှတ်ပါတယ်။ ပေါလစ်ဗျူရို အစည်းအဝေး မကျင်းပတဲ့အချိန်တွေမှာ ဆုံးဖြတ်ချက်တွေကို အမြဲတမ်းအဖွဲ့ဝင် ခုနစ်ဦးကသာ ဆုံးဖြတ်ရတာဖြစ်ပါတယ်။ အမြဲတမ်းပေါလစ်ဗျူရို အဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းဆုံးဖြတ်ချက်တွေကို ချမှတ်ခွင့်ရှိတဲ့အာဏာ အရှိဆုံး အဖွဲ့ဖြစ်ပါတယ်။

 

တရုတ်ကွန်မြူနစ်ပါတီ၏ အာဏာတည်ဆောက်ပုံ

 

ပေါလစ်ဗျူရို အမြဲတမ်းကော်မတီဝင် ခုနှစ်ဦးနှင့် သူတို့၏တာဝန်များ

 

(၄) ရှီကျင့်ဖျင်၏ကွန်မြူနစ်ပါတီ နှစ်တရာပြည့်မိန့်ခွန်း

ကွန်မြူနစ်ပါတီ နှစ်တရာပြည့်မှာ တရုတ်နိုင်ငံရဲ့  အနာဂတ်ရာစုနှစ်အတွင်း လုပ်ဆောင်မယ့် လမ်းပြမြေပုံလို့ပြောရမယ့် မူဝါဒတွေပါတဲ့ မိန့်ခွန်းကို တရုတ်သမ္မတ ရှီကျင့်ဖျင်ကပြောခဲ့ပါတယ်။ အဲဒီမိန့်ခွန်းဟာ တနာရီကျော်ရှည်လျားပြီး အင်္ဂလိပ်လို တရားဝင် ဘာသာပြန်ထားပါတယ်။ စာလုံးရေပေါင်း ၅,၁၅၁ လုံးရှိပါတယ်။ အဲဒီမိန့်ခွန်းထဲက အဓိကကျတဲ့အချက်တွေကိုဆန်းစစ်ပြီး ဖော်ပြလိုက်ပါတယ်။

ရှီကျင့်ဖျင်၏မိန့်ခွန်း လေ့လာဆန်းစစ်ချက်

 

(၅) တရုတ်ကွန်မြူနစ်ပါတီနှင့် ပတ်သက်ပြီး နိုင်ငံတကာပညာရှင်များ၏ ဝေဖန်မှုများ 

တရုတ်နိုင်ငံအနေနဲ့ ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးဦးဆောင်မှုကြောင့်ရလာတဲ့ အောင်မြင်မှုတွေကို  နှစ်တရာပြည့်အခမ်းအနားမှာ ဝေဝေဆာဆာ ထုတ်ဖော် ဂုဏ်ပြုခဲ့ပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းမှာတော့ ပါတီအပေါ် ဝေဖန်သုံးသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပါတယ်။ ကွန်မြူနစ်ပါတီ နှစ်တရာပြည့် အတွက် နိုင်ငံတကာဝေဖန်သုံးသပ်မှုတွေကို အနှစ်ချုပ်ပြီး တင်ပြလိုက်ပါတယ်။

  • တရုတ်နိုင်ငံရဲ့  စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းတွေဟာ သဘာ၀ပတ်ဝန်းကျင်ကို များစွာထိခိုက်စေခဲ့တာကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း လေထုညစ်ညမ်းမှုတွေ၊ ရေအရင်းအမြစ်ရှားပါးမှုတွေစတဲ့ သဘာ၀ပတ်ဝန်းကျင်ပြဿနာတွေ ရင်ဆိုင်နေရ။
  • ပါတီရဲ့ စီးပွားရေးမှာ ထိန်းချုပ်မှုဟာ ပုဂ္ဂလိက လုပ်ငန်းတွေကို အားနည်းစေပြီး အနာဂတ်စီးပွားရေးတိုးတက်မှုကို ထိခိုက်နေ။
  • ပါတီဟာ မိမိရဲ့ နိုင်ငံရေးဦးဆောင်မှုကို ထိန်းသိမ်းဖို့ အင်တာနက်လွတ်လပ်ခွင့်တွေ၊ ပြည်သူလူထုရဲ့ လွတ်လပ်စွာပြောခွင့်တွေကို ပိတ်ပင်ပြီး နည်းပညာကိုအသုံးပြုစောင့်ကြည့်ထိန်းချုပ်မှုတွေပြုလုပ်ခဲ့သလို နိုင်ငံရေးဆန့်ကျင်ဘက်များကို အပြင်းအထန်ဖိနှိပ်နေ။
  •  အိုမင်းလူဦးရေများပြားလာတာကြောင့် အလုပ်လုပ်နိုင်သူ လူဦးရေကျဆင်းလာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်လာ။
  • ပါတီအတွင်းအုပ်စုကွဲမှု၊ အချင်းချင်းတိုက်ခိုက်မှုများကြောင့်ပါတီပြိုကွဲနိုင်။
  • ပါတီတခုမှအလုံးစုံထိန်းချုပ်မှုဟာ ခေတ်သစ်စီးပွားရေးအတွက် လိုအပ်တဲ့ လွတ်လပ်မှုနဲ့ မကိုက်ညီ။
  • ကြီးထွားလာတဲ့လူလတ်တန်းစားများက လွတ်လပ်မှုကို ပိုလိုချင်လာပြီးပါတီကိုဆန့်ကျင်လာနိုင်။
  • နိုင်ငံတော် လုံခြုံရေးနဲ့ပတ်သတ်ပြီး ကာကွယ်ဖို့ ဦးစားပေးပြောဆိုပြီးလာတာ၊ ဝံပုလွေစစ်သည် ကျင့်ထုံးတွေနဲ့ အမျိုးသားရေးဝါဒကို မြှင့်တင်လာတာတွေကြောင့် တရုတ်နိုင်ငံကို ပိုမိုရဲတင်းတဲ့မူဝါဒတွေ ပြုလုပ်ဆောင်ရွက်လာစေနိုင်။
  • ရပ်ဝန်းလမ်းကြောင်းအစီအမံအောက်မှာ ဖွံ့ဖြိုးစနိုင်ငံတွေကို  သြဇာလွှမ်းမိုးရန်ကြိုးပမ်းနေ။
  • ကိုဗစ်-၁၉ ကပ်ရောဂါကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သည်ဟု ယူဆရသော်လည်း အမှန်တကယ် သေဆုံးရမှုမှာ လက်ရှိကိန်းဂဏန်းထက်များပြားနေနိုင်၊ ထို့အပြင် ဗိုင်းရပ်စ်ပိုးစတင်ရာနိုင်ငံဆိုသည့် အချက်နှင့် ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအချို့နဲ့ အငြင်းပွားခဲ့၊ နိုင်ငံတကာအဖွဲ့အစည်းများမှ စုံစမ်းစစ်ဆေးခြင်းကိုလည်း လက်မခံခဲ့။

 

နန်းလွင်၊ သန့်အောင်ပိုင်

၁၆.၇.၂၀၂၁

နန်းလွင်သည် ISP-Myanmar ၏ Web Content Editor ဖြစ်ပြီး သန့်အောင်ပိုင်သည် Research Assistant ဖြစ်ပါသည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။