ISP China Desk
China Foundation for Poverty Alleviation-CFPA(ဆင်းရဲမှုလျော့ချရေး တရုတ်နိုင်ငံဖောင်ဒေးရှင်း)

ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူမှုအသိုင်းအဝိုင်း၏ဆင်းရဲမှု တိုက်ဖျက်ရေး၊ ကျန်းမာရေးနှင့် နေထိုင်မှု တိုးတက်ကောင်းမွန်စေရေးတို့ကို လုပ်ဆောင်လျက်ရှိသည်။

၂၀၁၅ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ရုံးအဖွဲ့ခွဲ ဖွင့်လှစ်ထားပြီး ပညာရေးဆိုင်ရာစီမံချက်များကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်း(INGO) အဖြစ်လည်း မြန်မာနိုင်ငံအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည်။

နှစ်နိုင်ငံပြည်သူအချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးစေရေးကို ရှေးရှုသည့် ပေါက်ဖော်ပညာသင်ဆုစီမံကိန်း၏ အစိတ်အပိုင်းအဖြစ် မြန်မာတက္ကသိုလ်ကျောင်းသားများအား ပညာသင်စရိတ်ထောက်ပံ့ခြင်း  တရုတ်နိုင်ငံသို့ ပညာတော်သင် ပို့ဆောင်ခြင်းတို့ကိုလည်း ဆောင်ရွက်သည်။

ကချင်၊ ရခိုင်၊ ရှမ်း၊ မကွေး၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန် စသည့် နိုင်ငံတဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ ဒေသများတွင် ဖွံ့ဖြိုးရေးအကူအညီနှင့် လှူဒါန်းထောက်ပံ့ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်အတွင်းက မူလတန်းကျောင်းတကျောင်းသို့ သင်ထောက်ကူပစ္စည်းများဖြစ်သည့် လွယ်အိတ်၊ စာရေးကိရိယာများ၊ ပန်းချီဆွဲပစ္စည်းများ စသည့်တို့အပါအဝင် ကျောင်းသုံးလွယ်အိတ်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့သည်။ သြဂုတ်လတွင်လည်း လွယ်အိတ်၊ စာရေးကိရိယာနှင့် ကျောင်းသုံးပစ္စည်းများအစုံ တစ်သိန်းကို မြန်မာကျောင်းသူ၊ ကျောင်းသားများအတွက် လှူဒါန်းခဲ့သည်။ အောက်တိုဘာလအတွင်းကလည်း မကွေးတိုင်းဒေသကြီးအတွင်းရှိ မူလတန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၇၂ ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ၄၀၂၀ ဦးတို့အတွက် ကျောပိုးအိတ်အပါအဝင် စာရေးကိရိယာပစ္စည်းများ လှူဒါန်းခဲ့သည်။

ယင်းအပြင် ၂၀၁၈ ခုနှစ်က ရေဘေးသင့်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး ဆွာမြို့ရှိ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများကိုကို လွယ်အိတ်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့သည်။

ငါးနှစ်တာကာလအတွင်း၌ မြန်မာနိုင်ငံတွင် ယွမ် ၄၈၃ ဒသမ ၉ သိန်း (အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၇ သိန်းခန့်) ထည့်ဝင်ကာ အရည်အသွေးမြင့်ပညာရေး၊ ငတ်မွတ်ခေါင်းပါးမှုကင်းစင်ရေးနှင့် ရေကောင်းရေသန့်ရရှိရေးဟူသည့် ကဏ္ဍကြီးသုံးခု စီမံကိန်း ခုနစ်ခု ဖော်ဆောင်ကာ လူဦးရေပေါင်း ၃ ဒသမ ၂၈ သိန်း အကျိုးခံစားခဲ့ရသည်။

ဆင်းရဲမှုလျော့ချရေး တရုတ်နိုင်ငံဖောင်ဒေးရှင်း(CFPA)ကို ၁၉၈၉ ခုနှစ်တွင် တည်တောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။