ISP China Desk
တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်း

တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်း ကို  ၂၀၁၈ ခုနှစ်၊ ဇွန်တွင် အကျိုးအမြတ်မယူသော နိုင်ငံတကာလူမှုရေးအဖွဲ့အစည်း (Non-profit international social group service organization)  တခုအဖြစ် ဖွဲ့စည်းထားသည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးတက်လာစေရေးအတွက် ရည်ရွယ်သည်ဟု ဆိုသည်။  

တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်းကို မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများက အသိမှတ်ပြုထားသည်ဟု ဆိုသည်။ 

တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်းကို တရုတ်နိုင်ငံမှ ဂုဏ်ထူးဆောင် နာယက သုံးဦး၊ မြန်မာနိုင်ငံမှ အထူးအကြံပေး နှစ်ဦး၊ တရုတ်နိုင်ငံမှ အမှုဆောင်ဥက္ကဋ္ဌ တဦး၊  တရုတ်နိုင်ငံမှ အကြီးတန်းအကြံပေး သုံးဦး၊ တရုတ်နိုင်ငံမှ အလှည့်ကျ ဒုဥက္ကဋ္ဌ ငါးဦး၊ တရုတ်နိုင်ငံမှ ဒုဥက္ကဋ္ဌ ခြောက်ဦး၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှလက်ထောက်အထွေထွေအတွင်းရေးမှူး နှစ်ဦးနှင့် အဖွဲ့ဝင် ခုနစ်ဦး တို့ဖြင့် ဖွဲ့စည်းထားသည်။ အထူးသဖြင့် မြန်မာနိုင်ငံမှ စီးပွားရေးအထူးအကြံပေး နှစ်ဦး၏ ကိုယ်ရေးအချက်အလက်များမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဦးကျော်စွာမြင့်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ စီးပွားရေးအကြံပေးတဦး ဖြစ်ပြီး နိုင်ဖောင်ဒေးရှင်းတည်ထောင်သူ ဦးနိုင်ဝင်းသန်းသည်  မြန်မာနိုင်ငံရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ အသင်းများတွင် ဥက္ကဋ္ဌ တာဝန်နှင့် ထိပ်ပိုင်းတာဝန်များထမ်းဆောင်နေသူ တဦးဖြစ်သည်။ ထို့အပြင် ဒုဥက္ကဋ္ဌ ခြောက်ဦး ထဲမှ နှစ်ဦးသည် တရုတ်ကွန်မြူနစ်ပါတီတွင် လက်ရှိရာထူးကြီးတာဝန်များကို ထမ်းဆောင်နေသူများဖြစ်သည်။  

တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်း၏ ဥက္ကဋ္ဌ လီဖူချွမ်ကို CMECD Website ၏ အသင်းဖွဲ့စည်းပုံတွင် ဖော်ပြထားခြင်း မရှိဘဲ အသင်း၏ သတင်းများတွင်သာ တွေ့မြင်ရသည်။   ဥက္ကဋ္ဌ လီဖူချွမ် အကြောင်းကို မိမိတို့၏ ISP China Desk ဝက်ဘ်ဆိုက်တွင် ဖော်ပြပြီး ဖြစ်သည်။(ဥက္ကဋ္ဌ လီဖူချွမ် အကြောင်းကို ယခု Link တွင် ဆက်လက်ကြည့်ရှုနိုင်ပါသည်။

၂၀၁၉၊ ဧပြီ ၁၇ ရက်က China- Myanmar Economic Cooperation and Development Promotion Association ဖွင့်ပွဲ အခမ်းအနားနှင့် ပထမအကြိမ် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို ရန်ကုန်မြို့ Sedona Hotel, The Grandball Room တွင် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသောင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်း မစ္စတာဂွမ်မူ၊ တရုတ် – မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ အဆင့်မြင့်အစိုးရအရာရှိများ၊ နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ တက်ရောက်ခဲ့သည်။ 

CMECD အသင်း၏ ဝက်ဘ်ဆိုက်တွင် ထူးခြားမှု တခုမှာ မြန်မာ ကေဘလော့(ခ်) ကုမ္ပဏီလီမိတက်၏ ကရင်ပြည်နယ်ရှိ စီးပွားရေးအခွင့်အလမ်းများ အကြောင်း ရေးသားထားသော အစီရင်ခံစာကို ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှ စတင်ကာ ဖော်ပြထားသည်။ ထိုအစီရင်ခံစာတွင် မြ၀တီမြို့အနီး မိနစ် နှစ်ဆယ်လမ်းလျှောက်ရုံမျှ အကွာအဝေးရှိ နေရာများသည် ရင်နှီးမြှုပ်နှံမှုလုပ်ရန် အကောင်းဆုံးသော ဧရိယာများဖြစ်သည်ဟု ဖော်ပြထားပြီး ရင်းနှီးမြှုပ်နှံရန်အကြံပြုထားသော လုပ်ငန်းများတွင် ကာစီနိုလုပ်ငန်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ဆေးရုံနှင့် စားသောက်ဆိုင်လုပ်ငန်းများ ပါဝင်သည်။ အထူးသဖြင့် ကရင်ပြည်နယ်သည် မပြီးပြတ်သေးသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်  လက်နက်ကိုင်များ၏ အုပ်ချုပ်မှုနယ်မြေ အများအပြားရှိသော ဒေသဖြစ်သောကြောင့် အစိုးရနှင့် သက်ဆိုင်သော Stakeholder များ၏ ထိန်းချုပ်နယ်မြေများတွင်သာ ရင်းနှီးမြှုပ်နှံရန် အကြံပြုထားသည်။ ၂၀၁၉၊ မေ ၁၄ ရက်တွင် CMECD အသင်းဥက္ကဋ္ဌ လီဖူချွမ် ထံသို့ ကရင်ပြည်နယ်ရှိ ရွှေကုက္ကိုလ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသော Yatai International Holdings Group ၏ ဥက္ကဋ္ဌ  မစ္စတာ Lunkai သည် မြန်မာနိုင်ငံသို့ လာရောက်တွေ့ဆုံခဲ့သေးသည်။ 

အသင်း၏ ဥက္ကဋ္ဌ ဖြစ်သူ လီဖူချွမ် သည် ၂၀၁၈၊ စက်တင်ဘာတွင်  ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မြင့်ထွေး၊ ၂၀၁၉၊ ဖေဖော်ဝါရီတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ၂၀၁၉၊ မတ်တွင် ပို့ဆောင်ရေးဦးစီးဌာန၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ မောင်အောင်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ ၂၀၁၉၊ မေတွင် DICA မှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်တို့နှင့် တွေ့ဆုံကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအတွက် ဆွေးနွေးခဲ့သည်ကိုလည်း တွေ့ရသည်။