ISP China Desk
မြန်မာပြည်အနှံ့အပြားသို့ ဝင်ရောက်လာမည့် တရုတ်မှ နေရပ်ပြန်အလုပ်သမားများနှင့် ကိုဗစ် ၁၉  (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ်/ ၂၀၂၀၊ ဧပြီ နောက်ဆုံးပတ်)

ယခုသီတင်းပတ်အတွင်းတွင် ISP-Myanmar China Desk က စုစည်းခဲ့သော တရုတ်-မြန်မာဆက်ဆံရေးနှင့်စပ်လျဉ်းသည့် သတင်းဖော်ပြမှုပေါင်း ၇၀ ဝန်းကျင်ရှိခဲ့ပြီး ကိုဗစ် ၁၉ အတွက် တရုတ်နိုင်ငံအလွှာစုံအဖွဲ့အစည်းများက ကူညီထောက်ပံ့မှုများ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာနေသည့် နေရပ်ပြန်အလုပ်သမားအရေး မြန်မာဘက်ခြမ်းက ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် အကျပ်အတည်းများ ကြုံတွေ့နေရသည့်အခြေအနေများ စသည့်အကြောင်းအရာများအား အလေးပေးတင်ပြသွားပါမည်။

မြန်မာ့ကိုဗစ်အတွက် တရုတ်၏ကူညီထောက်ပံ့မှုများ

ယခင်အပတ်များနည်းတူပင် တရုတ်နိုင်ငံ အဖွဲ့အစည်းများ(အစိုးရ၊ ပုဂ္ဂလိက)၏ ကူညီထောက်ပံ့မှုများသည် ဆက်လက်ရှိနေသေးသည်။

ယခုတပတ်အတွင်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များသည် မြန်မာနိုင်ငံသို့လာရောက်ခဲ့ကြပြီး မြန်မာတပ်မတော် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံကာ ကိုဗစ် ၁၉ နှင့်ပတ်သက်၍ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာတို့ကို ဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံ ပြည်သူများနှင့် အဖွဲ့အစည်းများက နှာခေါင်းစည်း ငါးသောင်းကို တရုတ်-မြန်မာ ယဉ်ကျေးမှုနှင့် စီးပွားရေးဖလှယ်မှုစင်တာမှတဆင့် ဘေဂျင်းမြို့ရှိ မြန်မာနိုင်ငံသံရုံးသို့ လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေက လက်ခံရယူခဲ့သည်။ အလားတူပင် Bank of China ရန်ကုန်ရုံးခွဲနှင့် Power China ကုမ္ပဏီတို့ကလည်း ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမှတဆင့် ကျပ်သိန်း နှစ်ရာနှင့် ရောဂါကာကွယ်ရေးဆိုင်ရာ ဆေးပစ္စည်းများကို လှူဒါန်းခဲ့သည်။ လှူဒါန်းမှုကို ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံကိုယ်စား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက လက်ခံခဲ့သည်။

ထို့အပြင် မူဆယ်၊ ချင်းရွှေဟော်၊ ချီဖွေ စသည့် ဒေသများသို့လည်း တရုတ်ဘက်မှ နှာခေါင်းစည်းနှင့် ရောဂါကာကွယ်ရေးဆိုင်ရာပစ္စည်းများကို သီးခြားလှူဒါန်းမှုများလည်း ရှိခဲ့သည်။

နယ်စပ်အရေး

ယခုတပတ်အတွင်းတွင် တရုတ်-မြန်မာ နယ်စပ်၊ မူဆယ်မြို့ရှိ ပန်ဆေးပြည်သူ့စစ်ပိုင် အဆောက်အုံကို လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ရာတွင် တရုတ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည် သုံးလုံး ကျရောက်ပေါက်ကွဲခဲ့သည်။ ယင်းလုပ်ရပ်နှင့်ပတ်သက်ပြီး ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) က ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ရှင်းလင်းခဲ့သည်။

တပ်မတော်ကမူ အဆိုပါပစ်ခတ်မှုသည် တအန်း(TNLA) လက်ချက်ဖြစ်သည်ဟု ပြောဆိုထားသည်။ ပစ်ခတ်မှုသည် ဧပြီ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး TNLA အဖွဲ့သည် ပန်ဆေးပြည်သူ့စစ်အဖွဲ့သို့ တရုတ်ယွမ် ၁၅ သိန်းကို ဆက်ကြေးအဖြစ် တောင်းခံခဲ့မှုကို ပန်ဆေးပြည်သူ့စစ်အဖွဲ့က ပေးဆောင်ခဲ့ခြင်းမရှိ၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်ဟု သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေနှင့် ၎င်းနယ်မြေအတွင်းသို့ လက်နက်ကျည်များ ကျရောက်မှုနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်က ကိုးကန့်အရေးအခင်းအတွင်း ပြင်းပြင်းထန်ထန်သတိပေးထားခဲ့သည်။ သို့သော် ယခုဖြစ်စဉ်နှင့်ပတ်သက်၍မူ တုံ့ပြန်မှု မတွေ့ရသေးပေ။

အလားတူပင် ယခုတပတ်အတွင်းတွင် တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် အလုပ်ရှင်နှင့် အလုပ်သမား ခိုက်ရန်ဖြစ်ပွားမှုနှင့်ပတ်သက်၍ အလုပ်သမားငါးဦးကို တရုတ်ရဲတပ်ဖွဲ့က မှားယွင်းဖမ်းဆီးခဲ့သည်ဟု မြန်မာနိုင်ငံသံရုံးက ထုတ်ပြန်ခဲ့သည်။

တရုတ်မှ နေရပ်ပြန်အလုပ်သမားများအရေး နိုင်ငံတဝန်း ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများ

တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမားများ နေရပ်သို့ ပြန်လည်ဝင်ရောက်မှုများသည် ပြီးခဲ့သည့်ရက်များအတွင်း ဆက်တိုက်ရှိနေခဲ့သည်။ တရားဝင်ကိန်းဂဏန်းဖြင့် အတိအကျမသိရသော်လည်း အလုပ်သမား သုံးထောင်ထက်မနည်းသည် ချင်းရွှေဟော်၊ လွယ်ဂျယ်၊ မူဆယ်စသည့် နယ်စပ်ဝင်ပေါက်များမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာနေခြင်း ဖြစ်သည်။ နေရပ်ပြန်လာသူများတွင် မိုင်းလားအထူးဒေသ ၄ မှတဆင့် ဝင်ရောက်လာသူများလည်း ရှိသည်။ ယင်းပမာဏသည်ပင် နှစ်ထောင်ကျော် ရှိနေသည်။ အဆိုပါရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်း ရှမ်း၊ မန္တလေး၊ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ရခိုင် စသည့် ဒေသအသီးသီးသို့ ဖြန့်ခွဲနေထိုင်ကြမည့်သူများဖြစ်သည်။

ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်ပွားနေခြင်းကြောင့် အလုပ်အကိုင်နှင့် အသွားအလာများ ကန့်သတ်ထားရှိသည့် မြန်မာနိုင်ငံအနေနှင့် အဆိုပါနေရပ်ပြန်များနှင့်ပတ်သက်၍လည်း ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် စီစဉ်လုပ်ဆောင်နေကြသည်ကို တွေ့ရှိရသည်။ အချို့ကို အစိုးရအစီအစဉ်ဖြင့် နေရပ်သို့ ပို့ဆောင်ပေးခြင်း၊ သက်ဆိုင်ရာနေရာများတွင် သီးသန့်ထား၍ စောင့်ကြည့်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း စသည်တို့ ဖြစ်သည်။

တချိန်တည်းမှာပင် တရုတ်နိုင်ငံတွင်ရောက်ရှိနေပြီး နေရပ်ပြန်ရန်အခက်အခဲရှိနေသည့် မြန်မာနိုင်ငံသားများကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့်သတင်းဖော်ပြမှုကိုလည်း‌ တွေ့ရသလို နေရပ်ပြန်လာနေသူအချို့သည် လမ်းခရီးတွင် စားနပ်ရိက္ခာပြတ်လပ်မှုကြုံနေရသည်ဆိုသည့် ဖော်ပြမှုကိုလည်း တွေ့ရသည်။

ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသူများကို တွေ့ရှိလာရသည့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ရှမ်းပြည်နယ် မူဆယ်တို့တွင် KIO အနေနှင့် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေများအတွင်းတွင်  ရောဂါကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို တင်းတင်းကျပ်ကျပ်လုပ်ဆောင်လျက်ရှိသည်ဆိုသည့် ဖော်ပြမှုကိုလည်း ယခုတပတ်အတွင်းတွင် တွေ့ရှိရသည်။

အကျပ်အတည်းများနှင့် နယ်စပ်ကုန်သွယ်ရေး

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုများ ရှိနေသောကြောင့် တရုတ်နိုင်ငံအနေနှင့် နယ်စပ် ကုန်စည်ကူးသန်းရောင်းဝယ်ရေးနှင့် လူအဝင်အထွက်တို့ကို တင်းကျပ်ခဲ့ရာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် အခက်အခဲများ ဖြစ်ပေါ်နေမှုသည် ဆက်လက်၍ ရှိနေဆဲဖြစ်သည်။

ယာဉ်မောင်းလဲလှယ်မောင်းနှင်စေသည့်စနစ်ဖြင့် ကုန်စည်တင်မော်တော်ယာဉ်များကို တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုထားမှု ဆက်လက်ရှိနေသေးပြီး ယင်းကြောင့် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်သည့် မော်တော်ယာဉ်ထက်ဝက်ခန့် လျော့ကျသွားကြောင်း နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြမှုအရ သိရသည်။

ယင်းသို့ တင်းကျပ်မှုကြောင့် တရုတ်နိုင်ငံသို့ တင်ပို့ရန်ရှိနေသည့် ဖရဲ၊ သခွား စသည်တို့အပါအဝင် ကုန်စည်တင် မော်တော်ယာဉ် ရာနှင့်ချီ၍ နယ်စပ်တွင် သောင်တင်ပိတ်မိနေခဲ့ရသည်။ သစ်သီးဝလံ တန်ပေါင်းများစွာသည်လည်း ပျက်စီးခဲ့ရသည်။

အဆိုပါအခြေအနေတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ ဒုတိယအကြီးဆုံးနယ်စပ်ဂိတ်ဖြစ်သည့် ချင်းရွှေဟော်ဂိတ်သည်လည်း ဧပြီလ ၂၆ ရက်နေ့တွင် ပိတ်သွားခဲ့ပြီ ဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်တဦး၏အပြောဆိုမှုကို ကိုးကား၍ ရေးသားသည့် ပြည်တွင်းသတင်းဌာနတခုက ရေးသားခဲ့သည်။

မကြာခင်ကာလတွင် မြန်မာနိုင်ငံ၌ သရက်သီးရာသီရောက်ရှိတော့မည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် နယ်စပ်ကုန်သွယ်ရေးအခြေအနေများသည် သရက်စိုက်ပျိုးသူတောင်သူများကို စိုးရိမ်ပူပန်စေသည်။

မြန်မာနိုင်ငံ အညာဒေသအတွင်း စိန်တလုံးသရက်စိုက်ပျိုးမှု အများအပြားရှိနေကာ အဓိကအားဖြင့် တရုတ်ဈေးကွက်ကိုသာ အားထားနေရပြီး ဒေသတွင်းနိုင်ငံများဖြစ်သည့် မလေးရှား၊ စင်ကာပူနှင့် ဟောင်ကောင်တို့သို့ လေကြောင်းဖြင့် တင်ပို့ခြင်းများလည်း ရှိခဲ့သည်။

သို့သော် ယခုအခါတွင် ကိုဗစ် ၁၉ ကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အကျပ်အတည်းများ ဖြစ်နေခြင်းသာမက နိုင်ငံတကာ လေကြောင်းလိုင်းများလည်း ရပ်နားထားရာ သရက်ရောင်းဝယ်ရေးလုပ်ငန်းများမှာ အခက်တွေ့ဖွယ်အခြေအနေတွင် ရှိနေသည်။

မြန်မာ့သရက်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း၏အဆိုအရ မြန်မာ့သရက်သီးကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရန် လေကြောင်းအစား ပင်လယ်ရေကြောင်းအား အသုံးပြုရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း သိရှိရသည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။