ISP China Desk

စီမံကိန်းအကျဉ်းချုပ်

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ခြင်းထိစပ်လျက်ရှိသော ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ဆောက်သွားရန် ရည်မှန်းထားသော စီမံကိန်းဖြစ်သည်။ အဆိုပါစီမံကိန်းသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)အောက်တွင် ဦးစားပေး အဖြစ် အကောင်အထည်ဖော်ရန် အစောဆုံး ထည့်သွင်းခံရသော စီမံကိန်းလည်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် စီမံကိန်းကိုအကောင်အထည်ဖော်ရန် ယူနန်ပြည်နယ်အခြေစိုက် ပေါင်စမ်းဟန်ရိကုမ္ပဏီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရကို တင်ပြခဲ့သည်။ အကောင်အထည်ဖော်မည့် အသေးစိတ်အစီအမံများကို ၂၀၁၉ ခုနှစ် သြဂုတ်၂၇ရက်တွင် ထပ်မံတရားဝင်တင်ပြခဲ့ကြောင်း ကုမ္ပဏီကထုတ်ပြန်ထားသည်။ 

အထူးသဖြင့် နှစ်နိုင်ငံနယ်စပ်ရှိ နယ်စပ်မြို့များတွင် အခွန်ကင်းလွတ်ခွင့်ရသော ကုန်စည်ရောင်းဝယ် ဖောက်ကားရာ နေရာများ၊ နည်းပညာဆိုင်ရာ ဇုန်များ၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး စနစ်သုံး လုပ်ငန်းများ၊ စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားရေး ဇုန်များ၊ စက်မှုဇုန်များ၊ ပို့ကုန်လုပ်ငန်း ဇုန်များ၊ သွင်းကုန်လုပ်ငန်း ဇုန်များ၊ ကုန်သိုလှောင်ရုံများ တည်ဆောက်ရန် ရည်မှန်းထားသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အာဏာပိုင်များသည် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း သုံးခုမှတဆင့် ကုန်စည်များကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတိုင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ သယ်ဆောင်ကာ အိန္ဒိယသမုဒ္ဒရာမှတဆင့် အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများကို တင်ပို့ရန် ရည်ရွယ်ထားသည်။

ထိုစက်မှုဇုန်များတည်ဆောက်ခြင်းဖြင့် ကုန်းတွင်းပိတ်ပြည်နယ်ဖြစ်သော ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံအနောက်ပိုင်းပြည်နယ်များထဲတွင် အဓိကျသော ကုန်စည်စီးဆင်းရာ၊ ကုန်စည်တင်ပို့ရာနှင့် ကုန်စည်ထုတ်လုပ်ရာ ဗဟိုချက်တခုအဖြစ် ပြောင်းလဲပစ်လိုက်ရန်လည်း ရည်ရွယ်သည်။

ယူနန်ပြည်နယ်အရာရှိများသည် မြန်မာနိုင်ငံကိုကြားခံထားကာ ၎င်းတို့၏ ပြည်နယ်အား အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများကို ဆက်သွယ်နိုင်မည်ဟု ရည်မှန်းထားသည်။ ယူနန်ပြည်နယ်အား တရုတ်နိုင်ငံအနောက်ပိုင်းပြည်နယ်များထဲတွင် ကုန်ထုတ်လုပ်ငန်း၌ အဓိကကျသော ဗဟိုချက်ဖြစ်လာရန် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်စီမံကိန်းများကို အမြန်ဆုံးဆောင်ရွက်ရန် တွန်းအားပေးလေ့ရှိသည်။ ထို့ကြောင့် ၎င်းအစီအမံအား “ယူနန်ပြည်နယ်ကို ဗဟိုပြုသော အစီအမံသစ်” (၂၀၁၆-၂၀၂၀) မဟာဗျုဟာစီမံကိန်းထဲတွင် ထည့်သွင်းကာ ယူနန်ပြည်နယ်နှင့်ဆက်စပ်နေသော အိမ်နီးချင်းနိုင်ငံများ၏နယ်စပ်ဒေသများတွင် စက်မှုဇုန်များ တည်ဆောက်ရန် အစီအမံများရေးဆွဲထားသည်။

တရုတ်သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်(ဇန်နဝါရီလ ၂၀၂၀ ခုနှစ်)အတွင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်းများသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် အဓိကကျသော မဏ္ဍိုင်တခုဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်း၏ ခရီးစဉ်တွင် ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူပေါင်းမှုဇုန် တည်ဆောက်ရေး မူဘောင်သဘောတူညီမှုစာချုပ် ရေးထိုးနိုင်ရန် နှစ်နိုင်ငံကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု အလျင်အမြန်တိုးတက်လာစေရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း သုံးခု

နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း သုံးခုကို မြန်မာနိုင်ငံဘက်ခြမ်းတွင် ရှမ်းပြည်နယ်အတွင်းရှိ မူဆယ်မြို့နယ် နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ  ချင်းရွှေဟော်မြို့နယ်၊ ကချင်ပြည်နယ် အထူးဒေသ(၁)ရှိ ကန်ပိုက်တီမြို့နယ် များတွင် အကောင်အထည်ဖော်ရန် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သဘောတူညီထားသည်။ အထူးသဖြင့် အထက်ပါဇုန်သုံးခု ထဲမှ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင်အဓိကျသော မူဆယ်မြို့နယ်ရှိ ဇုန်စီမံကိန်းကို ဦးစားပေး တည်ဆောက်ရန် သဘောတူညီထားသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်း

ကန်ပိုက်တီ-ထိန်ချုံး နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်

ကန်ပိုက်တီနယ်စပ်ဂိတ်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားသော ဒီမိုကရေစီသစ်တပ်မတော်(ကချင်) ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ကချင်အထူးဒေသ (၁) ၌ တည်ရှိသည်။ ယခု တည်ဆောက်မည့် ကန်ပိုက်တီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်းသည် တဖက်တွင် တရုတ်နိုင်ငံ ပေါင်စမ်းပြည်နယ်ခွဲ၏လက်အောက်ရှိ ထိန်ချုံးမြို့ နှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။

ကန်ပိုက်တီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၏ အဓိကအစိတ်အပိုင်းဖြစ်သော ကန်ပိုက်တီ စီးပွားရေးနယ်မြေစီမံကိန်းကို အကောင်အထည်ဖော်ရန် အဆိုပြုချက်ကို ကချင်ပြည်နယ် လွှတ်တော်က ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ထို့အပြင် ကချင်ပြည်နယ်အစိုးရက မြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်နှင့် စီမံကိန်း အကောင်အထည်ဖော်ရေးသဘောတူညီမှု နားလည်မှုစာချွန်လွှာကို ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့ တွင် လက်မှတ်ရေးထိုးခဲ့သည်။ အထက်ပါကုမ္ပဏီကို  တရုတ်နိုင်ငံ ပေါင်စမ်းပြည်နယ်အခြေစိုက် ယူနန်ထိန်ရင်း ကုန်သွယ်ရေးကုမ္ဗဏီလီမိတက်က ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ဒီမိုကရေစီသစ်တပ်မတော်(ကချင်)၏ ခေါင်းဆောင်ဖြစ်သူ ဇခုန်တိန့်ယိန်း၏သားများ ပိုင်ဆိုင်သော ကံပိုင်တည် ဖွံဖြိုးတိုးတတ်ရေးကုမ္ပဏီလီမိတက်က ၃၀ ရာခိုင်နူန်း ပိုင်ဆိုင်သည်။

ကန်ပိုက်တီ စီမံကိန်းမှာ စုစုပေါင်း ၇၀ ဧက ကျယ်ဝန်းမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ တောင်အာရှနှင့် အရှေ့တောင်အာရှယဉ်ကျေးမှုဇုန် တည်ဆောက်ရန် မြေဧက ၁၂ ဒသမ ၆၅ ဧက ကို စီမံကိန်း ဇုန်-အေ(A) အဖြစ်သတ်မှတ်ထားသည်။ မြေဧက ၈ ဒသမ ၈ ဧကနှင့် ၁၂ ဒသမ ၇ ဧက ပေါ်တွင်  ဇုန်-ဘီ(B)နှင့် ဒီ(D) အဖြစ် သတ်မှတ်ထားပြီး ကုန်စည်သယ်ယူပို့ဆောင်ရေးဇုန် နှစ်ခုကို တည်ဆောက်မည်ဖြစ်သည်။ ထို့အပြင် နယ်စပ် စစ်ဆေးရေးဂိတ်ကို ဇုန်-စီ(C) အဖြစ်သတ်မှတ်ထားပြီး  မြေ ၅ ဒသမ ၁ ဧက ပေါ်တွင် တည်ဆောက်မည်ဖြစ်ကာ အရောင်းဆိုင်များကို ဇုန်-အီး(E) အဖြစ်သတ်မှတ်ကာ မြေ ၁ ဒသမ ၆၅ ဧက ကျယ်ဝန်းမည်ဖြစ်သည်။ မြန်မာဟိန်ယ ရင်းနှီးမြုပ်နှံမှုဖွံ့ဖြိုးရေး ကုမ္ဗဏီလီမိတက် က ဇုန်-စီ(C) ဖြစ်သော နယ်စပ်စစ်ဆေးရေးဂိတ်အသစ်ကို ဦးစားပေး တည်ဆောက်ရန် သဘောတူထားသည်။ ကျန်ဇုန်များတည်ဆောက်ရာတွင် ပြည်တွင်းကုမ္ဗဏီများကိုလည်း ဖိတ်ခေါ်သွားမည်ဟု ကချင်ပြည်နယ်အစိုးရက ပြောဆိုထားသည်။ လက်ရှိအချိန်တွင် စီမံကိန်းအကောင်အထည်ဖော်ရန် ကုမ္ဗဏီက မြေရှင်းလင်းခြင်းလုပ်ငန်းကို စတင် လုပ်ဆောင်နေပြီဖြစ်သည်။

စစ်ကောင်စီမှ ကြီးကြပ်ကွပ်ကဲနေသည့် ရင်းနှီးမြုပ်နှံမှုကော်မရှင်မှ ၂၀၂၁ ခုနှစ် မေ ၃၁ ရက်နေ့တွင် ကန်ပိုက်တီ-ထိန်ချုံး နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေးအတွက် ခွင့်ပြုမိန့် ထုတ်ပေးလိုက်ကြောင်း စီမံကိန်းကို ပူးတွဲအကောင်အထည်ဖော်မည့် တရုတ်ယူနန်ထိန်ရင်း၏ မိခင်ကုမ္ပဏီ ပေါင်စမ်းဟန်ရိ (Yunnan Baoshan Hengyi Industry Group) မှ ကြေညာသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါအပြင် နိုင်ငံရေးမတည်မငြိမ်မှုများရှိနေသော်လည်း စီမံကိန်းပထမအဆင့်ကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဟု ဟန်ရိကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယခုစီမံကိန်းမှာ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ အောက်တွင် အရေးပါသော စီမံကိန်းဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တွင် စီးပွားရေးလာရောက်လုပ်ကိုင်သည့် သွင်းကုန်၊ပို့ကုန်လုပ်ငန်းရှင်များကို ငါးနှစ်တာကာလအထိ အခွန်လျော့ချခြင်း၊ အခွန်လျော့ပေါ့ပေးခြင်းများအပြင်၊ အခြားသက်သာခွင့်များပေးရန် အစီအစဉ်ရှိကြောင်း ကုမ္ပဏီက ရေးသားထားသည်။

စီမံကိန်း အသေးစိတ်အချက်အလက်များ

စီမံကိန်းအမည်ကန်ပိုက်တီ-ထိန်ချုံး နယ်စပ်စီးပွားရေးပူးပေါင်းမှုဇုန် (သို့မဟုတ်) ကန်ပိုက်တီ စီးပွားရေးနယ်မြေ စီမံကိန်း
စုစုပေါင်းအကျယ်အဝန်းစုစုပေါင်း ၇၀ ဧက
ပါဝင်မည့်ဇုန်များတောင်အာရှနှင့် အရှေ့တောင်အာရှယဉ်ကျေးမှုဇုန်၊ ကုန်စည်သယ်ယူ ပို့ဆောင်ရေးဇုန်နှစ်ခု၊ နယ်စပ်စစ်ဆေးရေးဂိတ်၊ အရောင်းဆိုင်များဇုန်
ရင်းနှီးမြှုပ်နှံမည့်သူမြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေး ကုမ္ဗဏီလီမိတက်
ပါဝင်ပတ်သက်နေသောအဖွဲ့အစည်းများကချင်ပြည်နယ်အစိုးရ၊ ယူနန်ထိန်ရင်း ကုန်သွယ်ရေး ကုမ္ပဏီလီမိတက်၊ ကံပိုင်တည် ဖွံဖြိုးတိုးတတ်ရေး ကုမ္ပဏီလီမိတက်
စုစုပေါင်းရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း
ကန်ပိုက်တီ-ထိန်ချုံး နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်း

အချိန်ကာလပြဇယား

  • ၂၀၀၇ ခုနှစ် တွင် တရုတ်နိုင်ငံဘက်ခြမ်းမှ တတ်ဟုန်ပြည်နယ်ခွဲသည် အဆိုပါနယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်စီမံကိန်းအစီအမံကို မြန်မာအစိုးရဘက်ကို စတင်တင်ပြခဲ့သည်။ သို့သော် စစ်အစိုးရကအကောင်အထည်ဖော်ရန် စိတ်ဝင်ခဲ့ခြင်းမရှိခဲ့ပါ။
  • ၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အာဏာရရှိလာပြီးနောက်တွင် တတ်ဟုန်ပြည်နယ်ခွဲမှ တာဝန်ရှိသူများသည် စီမံကိန်းအကောင်အထည်ဖော်မှုကို အာရုံစိုက်ရန် မြန်မာကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား တွန်းအားပေးခဲ့သည်။
  • ၂၀၁၆ ခုနှစ် သြဂုတ်လက သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တွင် နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ဆောက်ရန် သဘောတူညီခဲ့သည်။
  • ၂၀၁၇ ခုနှစ် မေလတွင် ပထမဆုံးအကြိမ်ကျင်းပသော ခါးပတ်တကွင်းလမ်းတစင်း(BRI) ဖိုရမ်တွင် နယ်စပ်စီးပွားရေးဇုန်များ အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။
  • ၂၀၁၈ ခုနှစ် ဧပြီလတွင် ယူနန်ပြည်နယ်အစိုးရမှတဆင့် တတ်ဟုန်ပြည်နယ်ခွဲက မြန်မာအရာရှိများကို ရှင်ကျန်း(တရုတ်-ကာဇက်စတန်)[Xinjiang(China-Kazakhstan)] နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်သို့ လည်ပတ်ရန်ဖိတ်ကြားခဲ့သည်။ ခရီးစဉ်အပြီးတွင် ရွှေလီ-မူဆယ်စီမံကိန်းကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံမြေနေရာ ရွေးချယ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်းများကို အကြမ်းဖျင်းအားဖြင့် သဘောတူညီမှု ရရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ် ဇူလိုင်လ တွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို မြန်မာအစိုးရဘက်က ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ခေါင်းစဉ်အောက်တွင် အစောဆုံးဖွဲ့စည်းခဲ့သော ကော်မတီဖြစ်ပြီး နှစ်နိုင်ငံအကြား စီးပွားရေးစင်္ကြံ နားလည်မှုစာချွန်လွှာ မရေးထိုးမီ ဖွဲ့စည်းခဲ့သော ကော်မတီလည်း ဖြစ်သည်။
  • ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က တာဝန်ယူခဲ့ပြီး ဒုတိယဥက္ကဋ္ဌများအဖြစ် နယ်စပ်စီးပွာရေးဇုန်များ တည်ဆောက်ရန်လျာထားသော ပြည်နယ်နှစ်ခုမှ ဝန်ကြီးချုပ်များဖြစ်သော ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင် နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်တို့က တာဝန်ယူခဲ့သည်။ ဗဟိုကော်မတီ၏ အတွင်းရေးမှူးအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက တာဝန်ယူပြီး တွဲဖက်အတွင်းရေးမှူးအဖြစ် ကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက တာဝန်ယူထားသည်။
  • ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၂ ရက် တွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ ဗဟိုကော်မတီ၏ ပထမအကြိမ် အကောင်အထည်ဖော်ရေး အစည်းအဝေးကို ကျင်းပခဲ့ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တည်ဆောက်သွားမည့် ဇုန်သုံးခု၏ တည်နေရာများကို အကြမ်းဖျင်းအတည်ပြုခဲ့သည်။
  • မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ ဗဟိုကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပခဲ့သည်။ တတိယအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်၌  တောင်ကြီးမြို့တွင် ကျင်းပခဲ့ပြီး စတုတ္တအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၅ ရက်၌ ကချင်ပြည်နယ်တွင် ကျင်းပခဲ့သည်။
  • ၂၀၁၉ ခုနှစ် သြဂုတ်၂၇ တွင် စီမံကိန်းအကောင်အထည်ဖော်မည့် အသေးစိတ် အစီအမံများကို ပေါင်စမ်းဟန်ရိ ကုမ္ပဏီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရကို တရားဝင်တင်ပြခဲ့သည်။
  • ၂၀၁၉ ခုနှစ်  သြဂုတ်လတွင် မြန်မာနိုင်ငံမှ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်နှင့် ပတ်သက်၍ မူဘောင်လက်မှတ်ထိုးရေး စာချုပ်မူကြမ်းကို မြန်မာအရာရှိများ၏ မှတ်ချက်များဖြင့် တရုတ်နိုင်ငံဘက်ကိုပေးပို့ထားခဲ့သည်။ ထိုမူကြမ်းတွင် စီမံကိန်းတည်ဆောက်ရေးအတွက် နှစ်နိုင်ငံအကြားကော်မတီများ ဖွဲ့စည်းရေး၊ ဇုန်များကိုစီမံမှု၊ ရင်းနှီးမြှုပ်နှံသူများကို ပေးအပ်မည့် အခွင့်အလမ်းများ အသေးစိတ်ပါဝင်သည်။
  • ၂၀၂၀ ဇွန်လ ၁၂ ရက်နေ့တွင် ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရေးအတွက် နှစ်နိုင်ငံဒေသအဆင့်လုပ်ငန်းအဖွဲ့၏ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းမှတဆင့် ကျင်းပခဲ့သည်။ အစည်းအဝေးရလဒ်များကိုမူ တရားဝင်ကြေညာခြင်းမရှိခဲ့ပေ။
  • ၂၀၂၁ ခုနှစ် မတ်၂၄ တွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
  • ၂၀၂၁ ခုနှစ် မေ ၃၁ တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အရေးပါသောအစိတ်အပိုင်းဖြစ်သည့် ကန်ပိုက်တီနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့် ထုတ်ပေးလိုက်ကြောင်း ကုမ္ပဏီကကြေညာသည်။
  • မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း အချိန်ကာလပြဇယား

လူမှုသဘာ၀၀န်းကျင်အပေါ် သက်ရောက်မှု လေ့လာဆန်းစစ်မှုများ

လက်ရှိအချိန်ထိ အထက်ပါ စီမံကိန်း သုံးခုအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်မှုစစ်တမ်း၊ လူမှု့ဘ၀ ထိခိုက်မှုလေ့လာဆန်းစစ်မှုစစ်တမ်းများကို ပြုလုပ်ထားခြင်း မရှိသေးပါ။

လူထုတုံ့ပြန်မှု

မူဆယ်မြို့နယ်တွင် တည်ဆောက်မည့် စီးပွားရေးဇုန်များနှင့်ပတ်သက်ပြီး မြေယာရှင်းလင်းသိမ်းယူခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း အစိုးရဘက်မှ ပြောဆိုထားသည်။ လက်ရှိအချိန်ထိ သိမ်းယူမည့်မြေဧရိယာ မည်မျှပါဝင်မည်ကို အတိအကျ ကြေညာခြင်း မရှိသောကြောင့် ဒေသခံပြည်သူများမှာ ၎င်းတို့၏မြေယာများ သိမ်းဆည်းခံရမည်ကို စိုးရိမ်ပူပန်နေကြသည်။ အထူးသဖြင့် စီမံကိန်း အကောင်အထည်ဖော်မည့်လမ်းကြောင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လက်နက်ကိုင်များ ခြေကုပ်ယူထားရာ နေရာများဖြစ်သဖြင့် စီမံကိန်းကြောင့်စစ်ပွဲများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ရကြောင်း ဒေသခံများက ပြောဆိုထားသည်။

သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားသော ကြေညာချက်တွင် မူဆယ်နှင့်ချင်းရွှေဟော်ဒေသရှိ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်မှုကြောင့် မြေယာသိမ်းဆည်းခံ ရမည့်အရေးကို အများပြည်သူများ စိုးရိမ်နေရကြောင်း ဖော်ပြထားသည်။ ထို့အပြင် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်းများတွင် ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာဒေသခံ အဖွဲ့အစည်းများ၏ ပါဝင်ခွင့်ကို လျစ်လျူရှုထားခြင်းသည် ပဋိပက္ခများ၊ ပြည်တွင်းစစ်မီးကို ပိုမိုတောက်လောက်စေနိုင်သည်ဟု သတိပေးထားသည်။

 

မှတ်ချက်- စီမံကိန်း အခြေအနေများကို ၂၀၂၁ ခုနှစ် ဇွန် ( ၂၉ ) ရက်နေ့တွင် ထပ်မံဖြည့်စွက်ထားပါသည်။

 

Reference:

Govt Approves Sites For 3 New Economic Zones Along China Border

Invest in Yunnan 园区聚焦

Chinese Ministry of Commerce and Ministry of Commerce of Myanmar Sign the MOU of Building China-Myanmar Border Economic Cooperation Zone

Myanmar, China Sign Dozens of Deals on BRI Projects, Cooperation During Xi’s Visit

Writing a New Chapter in Our Millennia-Old Pauk-Phaw Friendship

Kachin State Approves Chinese-Backed Business Park in Border Town

Kachin State Inks Border Business Park Deal With China-Myanmar Joint Venture

China-Myanmar (Ruili-Muse) Border Economic Cooperation Zone passed Expert Panel Review

Myanmar Set to Ink Pact with China on Border Cooperation Zones

Popular Shan Party Warns Chinese Projects Without Local Consent Risk More Conflicts

Gazette, March 11

Gazette, May 24

News Letter, Kokang News, May 18

https://mp.weixin.qq.com/s/rwuyBVXyOlzW_POvNrP27w

https://www.scmp.com/week-asia/politics/article/3136832/are-formal-interactions-china-helping-legitimise-myanmars-junta