ISP China Desk
ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ - မုံရွာအောင်ရှင်အား မေးမြန်းခြင်း

ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ

မုံရွာအောင်ရှင်အား မေးမြန်းခြင်း

ဆရာမုံရွာအောင်ရှင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီ၏ အတွင်းရေးမှူးဖြစ်သည်။

(ယခု ဖော်ပြထားသည့် အင်တာဗျူးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ်-၅ အတွက် မေးမြန်းထားခြင်း ဖြစ်သည်။ မေးမြန်းမှုကို လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုအင်တာဗျူးတွင် ပါဝင်သော သုံးသပ်ချက်များနှင့် အချက်အလက်များသည် ထိုအချိန်မတိုင်ခင်က (အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သော အခင်းအကျင်းမတိုင်ခင်) အခြေအနေများကို ထင်ဟပ်ပါကြောင်း သိစေအပ်ပါသည်။ ယင်းအပြင် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်စေသည်အထိ ရိုက်ခတ်မှုကြီးခဲ့သော ကိုဗစ်-၁၉ အခြေအနေများကြောင့် ယခု သုံးသပ်ချက်များအပြင် လေ့လာတွေ့ရှိချက်အသစ်များ ထွက်ပေါ်မှုရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။)

 

မေး။     ပထမဆုံးမေးခွန်းကတော့ ၂၀၁၈ ခုနှစ်မှာစတဲ့ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ်ပွဲတွေကအစ တောင်တရုတ်ပင်လယ်အတွင်း အားပြိုင်မှုတွေအထိ ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုတွေဟာ အဘက်ဘက်မှာ များလာခြင်းဟာ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေအပေါ်မှာ သက်ရောက်မှုက ဘယ်လိုမျိုးတွေ ဖြစ်လာတယ်လို့  ထင်ပါသလဲ။

ဖြေ။     ပထမ ပြောချင်တာကတော့ ဒီ တရုတ်နဲ့ အမေရိကန်နဲ့ Trade War (ကုန်သွယ်ရေးစစ်)က သူတို့ ဖြစ်လာတဲ့အခြေခံက ဘာလဲဆိုတော့ အမေရိကန်က American First (အမေရိကန်ပထမ)ပေါ့။ အဲဒီ အယူအဆ ရှိလာတဲ့အခါ သူ့ရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို ဆက်ပြီးတော့ ဆုပ်ကိုင်ထားတယ်။ နောက်ပြီး စီးပွားရေးနဲ့ပတ်သက်တဲ့ ကန့်သတ်မှုတွေ အမြဲတမ်း သူ လုပ်တယ်။ အဲဒီအပေါ်မှာ တရုတ်နိုင်ငံနဲ့ စပြီးတော့ ပွတ်တိုက်မှုတွေ ရှိခဲ့တာ။ ရှိခဲ့တော့ အဲဒီ Trade War ဟာ တကယ်တမ်းပြောရရင် မြန်မာနိုင်ငံအပေါ်မှာတော့ သိပ်ပြီးတော့ Impact ပေါ့လေ၊ ထိခိုက်မှုသိပ်မရှိလှဘူး။ မရှိဘူး။ ရှိတာက ဘယ်နိုင်ငံ တွေမှာရှိလဲဆိုတော့ အတော်အတန် ဖွံ့ဖြိုးတဲ့ ဥပမာဆိုပါတော့၊ စင်ကာပူတို့လို၊ မလေးရှားတို့လို အဲဒီလို အာဆီယံထဲက ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ ထိခိုက်မှုရှိတယ်။ မြန်မာနိုင်ငံမှာကတော့ ထိခိုက်မှု ဒီလောက်မရှိဘူးလို့ ပြောချင်ပါတယ်။

သူတို့ရဲ့ အဲဒီ ကုန်သွယ်ရေးစစ်ပွဲကြောင့်မို့ အနောက်နိုင်ငံနဲ့ နိုင်ငံတကာတွေရဲ့ တရုတ်မှာရှိတဲ့ စက်ရုံတွေကို ပြန်ရုပ်သွားတဲ့ဟာမျိုး ရှိတယ်ပေါ့နော်။ ရုပ်သွားပြီးတော့ တခြားနိုင်ငံတွေကို ရွှေ့သွားတယ်။ အဲဒီမှာ တချို့ ပြောကြတာက မြန်မာနိုင်ငံက အဲဒီအခွင့်အရေးကို မရလိုက်ဘူးဆိုတာ၊ အဲဒါလည်းမှန်ပါတယ်။ သတင်းတွေ တက်လာတာတွေ တွေ့တယ်။ ခုနကပြောတဲ့ စင်ကာပူတို့လို၊ ဟောင်ကောင်တို့လို ဒေသတွေကနေပြီးတော့ Investment (ရင်းနှီးမြှုပ်နှံမှု)တွေပေါ့လေ၊ မြန်မာပြည်ထဲကို လာဖို့ ကြိုးစားကြတယ်။ ကြိုးစားကြတော့ မြန်မာနိုင်ငံမှာက အဆင်သင့်မဖြစ်ဘူး။ Investment နဲ့ပတ်သက်လို့ Investment Law (ရင်းနှီးမြှုပ်နှံမှုဥပဒေ)တို့ ဘာတို့က အဆင်သင့်ရှိရင် ကောင်းတယ်။ အဆင်သင့်ဖြစ်တယ်၊ ကောင်းတယ်ဆိုပေမယ့်လို့၊ ပြင်ဆင်ထားမှု ရှိပေမယ့်လို့ လက်တွေ့ပေါ့လေ၊ ဒီ Investment ကို လက်ခံပြီးတော့ လုပ်နိုင်တဲ့ အခင်းအကျင်းကျတော့ အားနည်းတယ်။ ဒါကြောင့်မို့ မြန်မာပြည်ကိုလာချင်တဲ့ Investment  တွေက မလာဘဲနဲ့ တန့်သွားတာ။ အဲဒါက ကိုယ့်နိုင်ငံရဲ့ အဆင်သင့်မဖြစ်မှုကြောင့် ဖြစ်တာလို့ ပြောချင်တာ။

 

မေး။     အခု တရုတ်ကလည်း BRI လုပ်ဖို့ ရှိတယ်၊ BRI ကလည်း မြန်မာနိုင်ငံကို ဖြတ်မယ့်ဟာတွေလည်း ရှိတာပေါ့။ နောက်ပြီး အမေရိကန်နဲ့ သှူရဲ့မဟာ မိတ်ပေါ့နော်၊ အိန္ဒိယတို့၊ ဂျပန်၊ ဩစတြေးလျ စတဲ့ နိုင်ငံတွေနဲ့ပေါင်းပြီး တော့ သူကလည်း အစီအစဉ်တခု ပြောလာတာက လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုပြီး ပြောလာတာလည်း ရှိတယ်ပေါ့နော်။ ဆိုတော့ အဲဒီ အင်ဒို-ပစိဖိတ် အဆိုပြုချက်တွေမှာ မြန်မာနိုင်ငံရဲ့ အခန်း ကဏ္ဍက ဘယ်လိုအနေအထားမှာ ရှိပါသလဲ။ ဒီအဆိုပြုချက်တွေက မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို ပိုမိုမြင့်တက်လာစေပါသလား။ ဒါမှမဟုတ် ဘေးကျပ်နံကျပ် ပိုဖြစ်သွားစေပါသလား။

ဖြေ။     ဘေးကျပ်နံကျပ်၊ အဲဒါ မဖြစ်နိုင်ဘူး။ ကျနော်တော့ အဲဒီလိုပဲမြင်တယ်။ ဘာကြောင့်မဖြစ်နိုင်လဲဆိုတော့ မြန်မာနိုင်ငံက ခုနက BRI ထဲမှာ ပါပြီးတော့ လုပ်ရတဲ့ဟာက ဒါက အကန့်အသတ်တခုပဲ။ ဟိုဘက်မှာ ရှိတဲ့ ခုနက အင်ဒို-ပစိဖိတ်လမ်းကြောင်းနဲ့ ပတ်သက်လို့လည်း အကန့် အသတ်တခုပဲ။ အဲဒီတော့ မြန်မာနိုင်ငံအတွက် နှစ်ဖက်ပေါ့လေ၊ နှစ်ဖက်က အခွင့်အလမ်းတွေကို ပိုပြီးတော့ ရနိုင်စရာရှိတယ်။ ဒါက လမ်းကြောင်းအရ၊ မူအရ ပြောရတာပါ။ သို့သော်လည်းပဲ နှစ်ဖက်စလုံးရဲ့ အခွင့်အလမ်းကို ဆုံးရှုံးနိုင်စရာလည်း ရှိတယ်။ အဲဒါ ဘာကြောင့် ဆုံးရှုံးနိုင်စရာရှိသလဲဆိုရင် ကိုယ့်နိုင်ငံရဲ့ အဆင်သင့်မဖြစ်မှု။ နောက်တခုက ဒီလုပ်ငန်းကို အကောင်အထည် ဖော်တဲ့ ယန္တရားတွေ၊ အဲဒီယန္တရားတွေကလည်း အဆင်သင့်မဖြစ်တဲ့ အခြေအနေတွေ ရှိနေတယ်။ ဒါကြောင့်မို့ သိရသလောက်ကတော့ တဖက်ကလာတဲ့ Investment တွေက ပြန်ပြန်ပြီးတော့ နောက်ဆုတ် သွားကြတာ။ အဲဒါကြောင့်လို့ မြင်တယ်။

 

မေး။     အဲဒီလို အဆင်သင့်မဖြစ်တဲ့အခြေအနေက အစိုးရအဖွဲ့ အတွင်းမှာလား၊ ဒါမှမဟုတ် ဒီနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေအရပ်ရပ်တွေကြောင့်လား။ ဥပမာ- ငြိမ်းချမ်းရေးတို့၊ ရခိုင်အရေးတို့။

ဖြေ။     အဲဒါကတော့ နှစ်ခုစလုံးပဲဗျ။ နံပါတ်တစ်ကတော့ ခုနကပြောတဲ့ ငြိမ်းချမ်းရေးပေါ့။ နံပါတ်တစ် ငြိမ်းချမ်းရေးကို အရင်ပြောမယ်၊ လက်နက်ကိုင်ပဋိပက္ခရှိနေရင် Investment က လာဖို့ခက်တယ်။ နှစ်အချက် ခုနကပြောတဲ့ အကောင်အထည်ဖော်တဲ့ ယန္တရား။ အဲဒီယန္တရားက တော်တော့်ကို အခြေအနေဆိုးတယ်။ နောက် တချို့နိုင်ငံတွေမှာ Investment လာလုပ်ချင်တယ်ဆိုရင် နှစ်လ သုံးလလောက်နဲ့ အခြေအနေတွေက ပြီးသွားကြတယ်။ ကိုယ့်နိုင်ငံမှာက စားပွဲ တခုနဲ့တခု အကူးကိုပဲ နှစ်လ သုံးလမက ကြာနေတယ်။ ပြောချင်တာကတော့ ဗျူရိုကရေစီယန္တရားပဲ။

အရပ်ထဲမှာပြောကြတာ ရှိတယ်လေ။ Red Carpet (ကော်ဇောနီ)ပေါ့။ Red Carpet နဲ့ ကြိုနေတာကို Red Tape (ကြိုးနီ) နဲ့ ကာတယ်ဆိုပြီး တော့ ပြောကြတာရှိတယ်။ ကော်ဇောနီခင်းပြီးတော့ ကြိုတာပဲ။ ဒါပေမဲ့ ကြိုးနီက တားထားတဲ့အခါကျတော့ ဝင်လို့မရဘူး။ အဲဒီ သဘောပဲလို့ မြင်တယ်။

 

မေး။     အမေရိကန်၊ တရုတ်နဲ့ အခြား ဒေသတွင်း အင်အားကြီးနိုင်ငံတွေ အကြား ပထဝီနိုင်ငံရေး အားပြိုင်နေတဲ့အချိန်မှာ မြန်မာနိုင်ငံကရော ဘယ်လိုမူဝါဒတွေ ရှိနေသင့်လဲ။ ဘယ်လိုစဉ်းစားချက်မျိုးတွေ ရှိနေ သင့်တယ်လို့ ယူဆပါသလဲ။

ဖြေ။     အခု NLD အစိုးရလက်ထက်မှာတော့ Investment ကို ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင်ကလည်း ခဏခဏပြောပါတယ်။ Investment ကို ဖိတ်ခေါ်တာပဲ။ နိုင်ငံတကာကို သွားတယ်၊ ဂျပန်ကို သွားတယ်၊ ကိုရီးယား သွားတယ်၊ တရုတ်ကို သွားတယ်။ Investment ကို ဖိတ်ခေါ် တာပဲ။ ဥရောပသွားလည်း ဖိတ်ခေါ် တာပဲ။ ဖိတ်ခေါ်သော်ငြားလည်းပဲ မူကတော့ ရှိရမယ်။ ဥပမာဆိုပါစို့၊ နိုင်ငံရေးအရ ဘယ်နိုင်ငံနဲ့ပဲဖြစ်ဖြစ် တန်းတူဆက်ဆံရေးပဲ။ ဘယ်သူ့မို့ အောက်ကျို့ရမယ်၊ ဘယ်သူမို့ ခယ ရမယ်၊ ဘယ်သူမို့ ဦးစားပေးရမယ် ဆိုတာမျိုးတော့ မရှိဘူး။ နိုင်ငံရေး အရတော့ တန်းတူဆက်ဆံရေးနဲ့ သွားမယ်။ စီးပွားရေးအရတော့ စောစောကပြောသလိုပဲ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးပဲ။ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရမှာပဲ။ ဘယ်သူကတော့ သာစေ၊ ဘယ်သူ ကတော့ နာစေ ဆိုတာမျိုးတော့ မဖြစ်ဘူး။ အကျိုးတူ ပူးပေါင်းဆောင် ရွက်ရေး၊ ဒီမူနဲ့ပဲ သွားတာပဲ။ အထူးသဖြင့် NLD အစိုးရလက်ထက်မှာ ပိုပြီးတော့တောင်မှ သိသာတယ်။ အရင်အစိုးရတွေလက်ထက်တုန်းက လုပ်ထားတဲ့ စာချုပ်စာတမ်းတွေ၊ ကိစ္စတွေဆိုလို့ရှိရင် အခု ဒီဘက် NLD အစိုးရလက်ထက်မှာ အများကြီး ပြင်ဆင်နိုင်ခဲ့တယ်။ ကိုယ့်အတွက်၊ သူ့အတွက် နှစ်ဖက်စလုံး အခြေအနေကောင်းအောင် လုပ်ပေးနိုင်ခဲ့တယ်။

ကုန်သွယ်ရေးစစ်ပွဲကြောင့်မို့ အနောက်နိုင်ငံနဲ့ နိုင်ငံတကာတွေရဲ့ တရုတ်မှာရှိတဲ့ စက်ရုံတွေကို ပြန်ရုပ်သွားတဲ့ဟာမျိုး ရှိတယ်ပေါ့နော်။ ရုပ်သွားပြီးတော့ တခြားနိုင်ငံတွေကို ရွှေ့သွားတယ်။ အဲဒီမှာ တချို့ ပြောကြတာက မြန်မာနိုင်ငံက အဲဒီအခွင့်အရေးကို မရလိုက်ဘူးဆိုတာ၊ အဲဒါလည်းမှန်ပါတယ်။

မေး။     ဆိုတော့ ခုနက မူဝါဒတွေအပြင် တရုတ်နဲ့ အမေရိကန် ပထဝီနိုင်ငံရေးအရ အားပြိုင်တာကို မူတည်ပြီးတော့ ကိုယ့်အတွက် အကျိုးရှိအောင် ယူဖို့ဆို ဘယ်လိုမျိုး လုပ်ထားသင့်လဲ။

ဖြေ။     မြန်မာနိုင်ငံကတော့ ရင်းနှီးမြှုပ်နှံမှုကို အရှေ့ကလာလည်း ယူမှာပဲ၊ အနောက်ကလာလည်း ယူမှာပဲ။ ယူတဲ့အခါမှာ လာပုံလာနည်းကိုတော့ ကြည့်ရလိမ့်မယ်။ ဥပမာ- တရုတ်နိုင်ငံနဲ့ အစဉ်အဆက် ကုန်သွယ်ရေး လုပ်လာတဲ့အခါကျတော့ သူ့အထာ၊ ကိုယ့်အထာ သိတယ်လေ။ ဥရောပကျတော့ အဲဒီလို ဟုတ်ချင်မှဟုတ်မယ်။ ဥရောပကတော့ ရင်းနှီးမြှုပ်နှံမှု လုပ်တော့မယ်ဆိုလို့ရှိရင် ဒီနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်သလား၊ စီးပွားရေးအရ အခွင့်အလမ်းတွေကောင်းသလား၊ ဒါမှမဟုတ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိဘူးလားဆိုတဲ့ ဒီစံတွေနဲ့ ကြည့်တာကိုး။ ဒီစံတွေနဲ့ ကြည့်တဲ့အခါကျတော့ နှေးတတ်တယ်။

 

မေး။     နောက် မေးခွန်းတခုပါ။ အရင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကတော့ တောက်လျှောက်ပဲ လွတ်လပ်ပြီးတော့ တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ ရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း၊ ၂၀၁၆၊ ၂၀၁၇ လောက်ကစပြီးတော့  အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ရခိုင်အရေးနဲ့ပတ်သက် ပြီးတော့ အပြစ်တင်တာမျိုး၊ ဖယ်ကြဉ်တာမျိုး လုပ်လာတယ်။ တဖက် မှာ တရုတ်ကလည်း သူ့ BRI ကိစ္စတို့၊ ငြိမ်းချမ်းရေးကိစ္စတို့ ရှိလာတဲ့အခါ ကျတော့ တရုတ်နဲ့ ပိုပြီး နီးကပ်လာတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ အပေါ်မှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ သံတမန်ရေးအရ သက်ရောက် လွှမ်းမိုးနိုင်မှုတွေဟာ ဘယ်ခေတ်နဲ့မှမတူအောင်ကို များလာခဲ့ပါတယ်။ တဖက်မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးနယ်ပယ်နဲ့ သံတမန်ဆက် ဆံရေးတွေဟာ တစတစ ဘောင်ကျဉ်းလာခဲ့တယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံဟာ လွန်ဆန်ရမလွယ်တဲ့ အခြေအနေ ရောက်သွားနိုင်တဲ့ တရုတ်ရဲ့လွှမ်းမိုးမှုကို တစုံတရာ ပြန်ထိန်းညှိပြီး မိမိရဲ့အကျိုးစီးပွား အတွက် လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ အစဉ်အလာကို ဆက်လက်ထိန်းထားနိုင်မယ့် အခြေအနေမျိုး ရှိပါသေးသလား။

ဖြေ။     ရှိပါတယ်။ ရှိပါတယ်။ ဗမာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက လွတ်လပ်ပြီးတော့ တက်ကြွတဲ့ မူဝါဒရှိတယ်။ နောက် ကြားနေပေါ့၊ ကြားနေ မူဝါဒ ရှိတယ်။ နောက်တခါ ထပ်ပြီးတော့ပြောရလို့ရှိရင် ဘန်ဒေါင်းမူ ငါးချက် ပေါ့။ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးမူ ငါးချက်အပေါ်မှာပဲ အခြေခံပြီးတော့ စေ့စပ်နေတာပဲ။ ပြဿနာက ဘာလဲဆိုတော့ ရခိုင်ကိစ္စပဲ။ ရခိုင် မြောက်ပိုင်းကိစ္စမှာကတော့ အမေရိကန် အပါအဝင်ပေါ့၊ ဥရောပနိုင်ငံ အချို့ ပါမယ်၊ ကုလသမဂ္ဂအဖွဲ့အစည်းတချို့ ပါမယ်၊ သူတို့ကတော့ မြန်မာနိုင်ငံအပေါ်မှာ အခုအချိန်အထိ အကောင်းမြင်တာ မတွေ့ရဘူး။ နောက်ဆုံး ICJ ပြဿနာ ဖြစ်လာတဲ့အအထိ အကောင်းမြင်တာ မတွေ့ ရဘူး။ နောက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားပြီးတော့ ဖြေ ရှင်းရတဲ့ အနေအထားမျိုး ဖြစ်လာတယ်။

အဲဒါဟာ ဒီမိုကရေစီအရ ကောင်းတဲ့အလားအလာ မဟုတ်ဘူး။ နိုင်ငံရဲ့  Investment တွေဟာ စဉ်းစားစရာတွေ အများကြီး ဖြစ်လာတယ်။ တရုတ်နိုင်ငံနဲ့ကျ ဒီလိုမဟုတ်ဘူး။ ဟိုတုန်းကတည်းက ကုန်သွယ် စီးပွားတွေ လုပ်လာတဲ့အခါကျတော့ ပြဿနာသိပ်မရှိဘူး။

 

မေး။     ဒါဆို အရင်တုန်းက NLD အစိုးရ တက်ခါစအထိရော၊ မတက်ခင်အချိန်ကပါ တောက်လျှောက်ပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနောက်ဘက်က အုပ်စုတွေနဲ့ ရင်းနှီးခဲ့တယ်။ သူတို့အကောင်းမြင်လာအောင် ဆိုရင်ရော ဒီဘက်ကနေ ဘယ်လိုပြန်ဖြေရှင်းလို့ရနိုင်မလဲ၊ ဘာတွေလုပ်လို့ ရနိုင်မလဲ။

ဖြေ။     အကောင်းမြင်လာဖို့ဆိုတာက ဒေါ်အောင်ဆန်းစုကြည်လည်း ခဏခဏတော့ ပြောပါတယ်။ အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးနေတာပဲ။ သူတို့တောင်းဆိုတဲ့ဟာက ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့၊ ကိုယ့် နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိပါးတဲ့ တောင်းဆိုချက်မှန်သမျှကို လိုက်လျောပြီးတော့ လုပ်ပေးနေတာပဲလေ။ အဲဒီကြားထဲကမှ ကိုယ့် နိုင်ငံရဲ့ အချုပ်အခြာနဲ့  Identity (ကိုယ်ပိုင်လက္ခဏာ)ကို ထိပါးတဲ့ဟာ မျိုးဆိုရင်ကတော့ လိုက်လျောနိုင်မှာမဟုတ်ဘူး။ အဲဒီလိုနဲ့ ချိတ်ဆက် ပြီးတော့လာတဲ့ စီးပွားရေး Investment တွေကိုလည်း လုပ်မှာ မဟုတ်ဘူး။

 

မေး။     နောက်ဆုံးမေးခွန်းပါပဲ။ အရင်တုန်းကတော့ အမေရိကန်က က္ဘာမှာ အင်အားအကြီးဆုံးနိုင်ငံအနေနဲ့ ရှိခဲ့တယ်ပေါ့နော်။ အခုကျတော့ တရုတ်ကလည်း သူနဲ့ တန်းတူလို ပခုံးချင်းယှဉ်နိုင်တဲ့ အနေအထားမျိုး ဖြစ်လာတယ်။ ဒီပြောင်းလဲလာနေတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းကို မဟာဗျူဟာမြောက် ရင်ဆိုင်နိုင်ဖို့ဆို မြန်မာနိုင်ငံအနေနဲ့ ဘယ်လို အကြောင်းအချက်၊ အခြေအနေတွေကို သတိထား ကိုင်တွယ်ရမလဲ၊ ဘယ်လိုပြင်ဆင်မှုမျိုးတွေက အထောက်အကူ ပြုစေနိုင်ပါသလဲ။

ဖြေ။     အဓိက သတိထားရမှာကတော့ ကိုယ့်အိမ်နီးချင်းဟာ အဓိကပဲ။ အမေရိကန်တို့၊ ဥရောပတို့ဆိုတာ အဝေးကြီးပဲ။ ပြဿနာကို လက်တွေ့ ဖြေရှင်းရမှာက ကိုယ့်အိမ်နီးချင်းပဲ ဖြေရှင်းရမှာ။ ဒီအိမ်နီးချင်း နီးလို့ လည်း ပြဿနာက မရှိဘူးမဟုတ်ဘူး၊ ရှိမှာပဲ။ ဒီဟာအပေါ်မှာ အခြေ ခံပြီးတော့ ဆက်ဆံရေးက လုပ်ရမှာလေ။

စီးပွားရေးလည်း ဒီလိုပဲ ဆက်ဆံရမှာလေ။ စကားပုံတခုရှိတယ်။ အိမ်နီးချင်းကောင်းက ဟိုးအဝေးကလူထက် စိတ်ချရတယ်ဆိုတဲ့ စကားပုံလိုပဲ။ အိမ်နီးချင်းကောင်းဖြစ်ဖို့၊ ဆက်ဆံဖို့ပဲ အရေးကြီးတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောဖူးတယ်။ အိမ်နီးချင်းနိုင်ငံဆိုတာ ပြောင်းလို့မရဘူး။ ရွှေ့လို့မရဘူး။ ကျနော်တို့က ကိုယ့်အိမ်နီးချင်းနဲ့ပဲ သင့်တင့်လျောက်ပတ်တဲ့ ဆက်ဆံမှု ဖြစ်ကိုဖြစ်ရမယ်။ ဒါကြောင့်မို့ တရုတ်နဲ့ ကင်းကွာလို့မရဘူး။ တရုတ်နိုင်ငံနဲ့ စီးပွားရေးအရ၊ နိုင်ငံရေးအရ ကင်းလို့မရဘူးလို့ ပြောတာ။

ကင်းလို့မရလို့ အလျှော့ပေးရမယ်လို့ပြောတာ မဟုတ်ဘူးနော်။ ကင်းလို့မရတဲ့အတွက်ကြောင့် သူတို့နဲ့ သင့်တင့်လျောက်ပတ်တဲ့ ဆက်ဆံရေးကိုတော့ ဖြစ်အောင်လုပ်ရမယ်။ ဟို အဝေးကြီးက လူတွေကတော့ အဝေးကြီးပဲ ရှိနေတာပဲ။

 

မေး။     ဒါဆို မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာကို ဝင်ဆံ့ဖို့၊ ကမ္ဘာနဲ့ချီပြီးတော့ ဆက်သွယ်နိုင်ဖို့ဆိုရင်ရော ဘာတွေလိုမလဲ။

ဖြေ။     ကမ္ဘာနဲ့ဝင်ဆံ့ဖို့ဆိုရင်တော့ ကိုယ့်နိုင်ငံရဲ့အတွင်းမှာ ပြုပြင်ပြောင်းလဲမှု လုပ်ရမှာတွေရှိတယ်။ ဥပမာ ဆိုပါတော့၊ ငြိမ်းချမ်းရေးရဖို့ လုပ်ရမယ့် ဟာတွေလည်း ရှိတယ်၊ တည်ငြိမ်ရေးဖြစ်အောင် လုပ်ရမယ်။ တရား ဥပဒေစိုးမိုးအောင် လုပ်ရမယ်။ နောက်ဆုံး အဓိကရည်မှန်းချက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ပြီးတော့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက် အောင် လုပ်နိုင်မယ်။ ဒီလို Infrastructure (အခြေခံအဆောက်အဦ)တွေအပြင် တခြား လုပ်စရာရှိတဲ့ လုပ်ငန်းတွေ လုပ်မယ်ဆိုရင် နိုင်ငံတကာနဲ့ဆက်ဆံရေး ပိုပြီးတော့ ကောင်းလာလိမ့်မယ်လို့ ထင်ပါတယ်။

 

မေး။     မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအရဆိုရင် မြန်မာနိုင်ငံဟာ အရင်လိုပဲ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခြေတွေ ရှိလား။ တရုတ်နဲ့ ပိုပြီးနီးသွားလို့ သူ့ရဲ့လွှမ်းမိုးမှုကြောင့်မို့ နိုင်ငံတကာနဲ့ ဝေးသွားမလား။

ဖြေ။     ရှိပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အနေအထားက အမြဲတမ်းရှိတယ်။ ကျနော်တို့က ရန်လိုတဲ့နိုင်ငံမဟုတ်ဘူး။ မြန်မာ နိုင်ငံက သင့်တင့်လျောက်ပတ်တဲ့ဆက်ဆံရေးနဲ့ အမြဲတမ်းနေနေတဲ့ နိုင်ငံ။ ဘာသာတရားအရလည်း ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံ၊ ရန်လိုတဲ့နိုင်ငံလည်း မဟုတ်ဘူး။ အမြဲတမ်း သည်းခံနိုင်စွမ်းရှိတယ်။ အပြန်အလှန် သဘောပေါက်နားလည်တဲ့ နိုင်ငံဖြစ်တယ်။ အဲဒီတော့ မြန်မာနိုင်ငံနဲ့ စစ်ဖြစ်တယ်ဆိုတာ မရှိနိုင်ဘူး။ မြန်မာနိုင်ငံနဲ့ ပဋိပက္ခ ရှိတယ်ဆိုတာ မရှိနိုင်ဘူး။ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် သင့်တင့်လျောက်ပတ်တဲ့ အပြန်အလှန် ဆက်ဆံရေးမျိုးရှိမယ် ဆိုရင်တော့ ဗမာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ပြင်စရာမရှိဘဲနဲ့ အကောင်းဘက်ကချည်းပဲ ဖြစ်နေမယ်လို့ ထင်ပါတယ်။

 

မေး။     ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ အခု BRI လို၊ CMEC စီမံကိန်းတွေလည်းရှိတော့ နိုင်ငံတကာနဲ့ဆက်ဆံတဲ့အချိန်မှာ အရိပ်မိုးနေသလို ဖြစ်နေမလား။

ဖြေ။     အဲဒီ တရုတ်ရဲ့အရိပ် လွှမ်းမိုးတယ်ဆိုတဲ့ဟာ ကျနော့်အမြင်ပေါ့လေ။ တရုတ်က ကျနော်တို့နဲ့ စီးပွားရေးအရ အဓိက ဆက်ဆံရတာပါ။ နိုင်ငံရေးအရကတော့ တရုတ်နိုင်ငံက ဘန်ဒေါင်းမူ ၅ ချက်အရ ဘယ်သူ့ကိုမှ မကျူးကျော်ဘူး၊ မနှောင့်ယှက်ဘူးဆိုတာ ပါနေပြီးသားပဲလေ။ အိန္ဒိယနဲ့လည်း ကျနော်တို့ နီးကပ်နေတာပဲလေ။ အာဆီယံနိုင်ငံတွေနဲ့လည်း ကျနော်တို့အများကြီး ဆက်ဆံနေတာပဲလေ။ ဘာပြဿနာမှ မရှိတာ။ တရုတ်နိုင်ငံ ကိုယ်တိုင်က အဲဒါကို အားပေးနေတာပဲလေ။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။