ISP China Desk
China Enterprises Chamber of Commerce in Myanmar (CECCM) Photo - Photo Credit : Myanmar Digital News

မြန်မာ-တရုတ်လုပ်ငန်းရှင်များအသင်း(CECCM) သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့် အသင်းဖြစ်ပြီး နှစ်နိုင်ငံအနေနှင့် ကုန်သွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို ရည်ရွယ်သည်။ ဥက္ကဋ္ဌမှာ မစ္စတာလျိုရင် ဖြစ်သည်။ 

အသင်းဝင် ၂၆၀ ခန့်ရှိပြီး အထည်ချုပ်၊ အိမ်ခြံမြေ၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်၊ ခရီးသွားနှင့် ဝန်‌ဆောင်မှုလုပ်ငန်းတို့ကို လုပ်ကိုင်ကြသူများ ဖြစ်သည်။ ၎င်းအဖွဲ့ဝင်များသည် မြန်မာ-တရုတ်ကုန်သည်ကြီးများအသင်း (MCBA) တွင်လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားလျက်ရှိသည်။ 

တရုတ်လုပ်ငန်းရှင်များအသင်းအနေဖြင့် ရန်ကုန်၌ ရုံးခန်းဖွင့်လှစ်ထားရှိသည့်အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(China Myanmar Economic Corridor) ရုံးခန်းကိုလည်း နေပြည်တော်၌ ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်တို့ တက်ရောက်ခဲ့သည်။  

အသင်းအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) နှင့် Euro Chamber of Commerce in Myanmar(EuroCham Myanmar) တို့နှင့် တွေ့ဆုံဆွေးနွေးမှုများလည်း ရှိခဲ့သည်။  

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ပူးပေါင်း၍ လူမှုရေးလှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ခဲ့သည်။ ယင်းတို့မှာ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ နှစ်သစ်ကူး တရုတ်စောင်းဂီတပွဲ ကြီးမှူးကျင်းပခြင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲကျင်းပခြင်းတို့ ဖြစ်သည်။  

ကိုဗစ်-၁၉ ကာလအတွင်း တရုတ်သံရုံးနှင့်ပူးပေါင်း၍ နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးကုသရေးပစ္စည်းများလှူဒါန်းခဲ့သည်။ ယင်းဆေးရုံမှာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကပင် ပြုပြင်မွမ်းမံတည်ဆောက်ခြင်းနှင့် အရေးပေါ်လူနာဆောင်သစ်တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ ထင်ရှားသည့် ဆောင်ရွက်ချက်မှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းက မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်း ၁၅ တန်ခန့်ကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စီးပွားရေးဌာနတို့နှင့် ပူးပေါင်း၍ လေကြောင်းမှ တင်သွင်းခဲ့ခြင်းဖြစ်သည်။