ISP China Desk
Yatai International Holding Group

Yatai International Holding Group(ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု)သည် ဟောင်ကောင်တွင် မှတ်ပုံတင်ထားပြီး ထိုင်း-မြန်မာနယ်စပ်၊ ရွှေကုက္ကိုလ်မြိုင် မြို့သစ်စီမံကိန်းတွင် ရင်းနှီးမြုပ်နှံမှုများဆောင်ရွက်နေသော လုပ်ငန်းစုဖြစ်သည်။  

ရွှေကုက္ကိုလ်မြိုင်မြို့သစ်စီမံကိန်းသည် ကရင်ပြည်နယ်၊ မြဝတီမြို့ မြောက်ဘက်တွင်ရှိသည်။ အဆိုပါနယ်မြေသည် ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော်(DKBA)မှ ခွဲထွက်ခဲ့ပြီး တပ်မတော်လက်အောက်သို့ ပူးပေါင်းခဲ့သော ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် နယ်ခြားစောင့်တပ် ထိန်းချုပ်ရာနယ်မြေအတွင်းတွင် တည်ရှိသည်။  

Yatai International Holdings Group နှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ တို့သည် Myanmar Yatai International Holding Group Co., Ltd. ကို ပေါင်းစပ်ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံတွင်ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် နိုင်ငံခြားကုမ္ပဏီအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့သည်။  ချစ်လင်းမြိုင်ကုမ္ပဏီသည် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် နယ်ခြားစောင့်တပ်ပိုင်ကုမ္ပဏီ ဖြစ်သည်။  

Myanmar Yatai International Holding Group Co., Ltd. ကို မလေးရှားနိုင်ငံသား နှစ်ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား တဦးနှင့် မြန်မာနိုင်ငံသား တဦးတို့ပါဝင်သည့် ဒါရိုက်တာအဖွဲ့ဝင် ၄ ဦးဖြင့် မှတ်ပုံတင်ထားသည်။  ရွှေကုက္ကိုလ်မြို့သစ်ကို ၁၈၀၀၀၀ မူ( ၂၉၆၃၁ ဧက)ရှိသော မြေပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့် ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း Yatai International Holdings Group အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။  စီမံကိန်းကို Yatai International Holdings Group က ၈၀ ရာခိုင်နှုန်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီက ၂၀ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံထည့်ဝင်ကြမည်ဖြစ်သည်။ အကျိုးအမြတ်ခွဲဝေမှုတွင် ချစ်လင်းမြိုင် ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းနှင့် Yatai International Holdings Group က ၇၀ ရာခိုင်နှုန်း ရရှိမည် ဖြစ်သည်။   

စီမံကိန်း ပထမအဆင့်အဖြစ် မြေဧက ၂၀၀ ကျော်ပေါ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်ရင်းနှီးမြုပ်နှံထားသည်ဟု ဖော်ပြထားသည်။ သို့သော် ထိုအချက်အလက်များသည် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ တရားဝင်ထုတ်ပြန်သော အချက်အလက်များနှင့် များစွာကွဲလွဲလျက်ရှိသည်။  

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေတွင် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က ကမ္ဘောဒီးယားနိုင်ငံသားဖြစ်သူ Mr Tang Krang Kai (Tang Krang Kai မှာ Yaitai International Holding Group ၏ ဥက္ကဋ္ဌဖြစ်သူ She Lunkai ၏ နာမည်ခွဲတစ်ခုဖြစ်သည်။)ကို Myanmar Yaitai International Holding Group Company Limited နာမည်ဖြင့် ရွှေကုက္ကိုလ်ဒေသတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၈ သန်း(စုစုပေါင်းအမေရိကန်ဒေါ်လာ၂၂ ဒသမ ၅ သန်း) တန်ဖိုးကို ရင်းနှီးမြှုပ်နှံခွင့် ပြုခဲ့သည်။ ထိုခွင့်ပြုချက်အရ မြေနေရာ ၆၂ ဧက အနက် ၂၅ ဒသမ ၅ ဧက ပေါ်တွင် အဆင့်မြင့်ဇိမ်ခံအိမ်ရာ ၅၉ လုံးကို ၂၀၂၁ ခုနှစ်တွင် အပြီးသတ်တည်ဆောက်သွားရန်ဖြစ်သည်။ သို့သော် မြေပြင်တွင်မူ တရားဝင်ပေးအပ်ထားသည့် ပမာဏထက် များစွာပိုမိုကျော်လွန်သည့် ဆောက်လုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင် ရွက်ခဲ့သည်။   

အဆိုပါကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြချက်များအရ အထက်ပါစီမံကိန်းကို တရုတ်နိုင်ငံမှ အဆိုပြုထားသော ရပ်ဝန်းလမ်းကြောင်းစီမံကိန်းအောက်သို့ ထည့်သွင်းထားပြီး မြန်မာ-တရုတ်-ထိုင်း ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန်အား သိပ္ပံနှင့် နည်းပညာမြင့် နိုင်ငံတကာအဆင့်မြင့်မြို့တော်အဖြစ် ပုံဖော်ထားသည်။  

သို့သော် စီမံကိန်း ဧရိယာအတွင်း တရုတ်နိုင်ငံသားများနေထိုင်သည့် တိုက်တန်းလျားများ၊ အွန်လိုင်းဂိမ်း ကစားသည့် အခန်းများ၊ သပ်ရပ်ခေတ်မီသော လုံးချင်းအိမ်များ၊ KTV၊ Spa၊ Club နှင့် ဖျော်ဖြေရေး ခန်းမများ၊ ကာစီနိုရုံပါဝင်သည့် ဟိုတယ်များတည်ဆောက်ထားရာ လောင်းကစားလုပ်ငန်းများ ဖော်ဆောင်ရေးသည် ယင်းစီမံကိန်း၏ အဓိကအစိတ်အပိုင်းတရပ်ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။  

Yatai International Holdings Group ၏ ဥက္ကဋ္ဌဖြစ်သူ She Lunkai သည် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနိုင်ငံများရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် ပါဝင်ပတ်သက်လျက်ရှိသည်ဟုလည်း လေ့လာချက်တချို့တွင် ဖော်ပြထားသည်။  

Yatai International Holdings Group ၏ ရင်းနှီးမြှုပ်နှီးမြုပ်နှံမှုတွင် ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းရှင်မှ ၆၇ ဒသမ ၆၈ ရာခိုင်နှုန်းနှင့် မလေးရှားနိုင်ငံမှ ၁၂ ဒသမ ၃၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားပြီး တရုတ်နိုင်ငံမှ ရင်နှီးမြုပ်နှံမှုများ မပါဝင်ဟု မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု‌‌ကော်မရှင်က ဖော်ပြထားသည်။   

သို့သော် အဆိုပါကုမ္ပဏီ၏ အင်တာနက်စာမျက်နှာပါ အကြောင်းအရာများကို တရုတ်ဘာသာဖြင့်သာ ရေးသားဖော်ပြထားရာ တရုတ်ရင်းနှီးမြုပ်နှံသူများကို ဦးတည်ထားသည်ဟု ယူဆရသည်။ ထို့ပြင် လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်သော She Lunkai သည် မကြားသေးမီနှစ်များအတွင်းတွင် ကမ္ဘောဒီယား နိုင်ငံသားအဖြစ် ခံယူထားသည့် တရုတ်ပြည်ဖွားဖြစ်သည်။ She Lunkai ကို တရုတ်နိုင်ငံ၊ နိုင်ငံရပ်ခြားစီးပွားရေး စွမ်းဆောင်ရှင်များအဖွဲ့ ချုပ်၏ ဒုဥက္ကဋ္ဌ၊ ကမ္ဘာလုံးဆိုင်ရာ Blockchain နည်းပညာ သုတေသနရန်ပုံငွေအဖွဲ့ တည်ထောင်သူနှင့် ဥက္ကဋ္ဌ၊ နိုင်ငံရပ်ခြား တရုတ်လူမျိုးများ ပရဟိတအဖွဲ့၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ၊ ဟောင်ကောင်-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ စသည့်ရာထူးများဖြင့် တွဲဖက်ဖော်ပြထားပြီး စီမံကိန်း၏ တရားဝင်မှုကို မြှင့်တင်လျက်ရှိသည်ဟု ယူဆရသည်။ (သို့သော် အထက်ပါရာထူးများ၏ လက်တွေ့အရေးပါမှုအပေါ်တွင် မေးခွန်းထုတ်စရာ များစွာရှိနေပါသေးသည်။)။  

 Yatai International Holdings Group သည် ကော်ပိုရိတ်စီမံအုပ်ချုပ်ပုံကိုသော်လည်းကောင်း၊ ယခင် ဆောင်ရွက်ခဲ့ဖူးသော လုပ်ငန်းရာဇဝင်ကိုသော်လည်းကောင်း၊ လက်ရှိတွင်ဆောင်ရွက်လျက်ရှိသော အခြားစီမံကိန်းများကိုသော်လည်းကောင်း များစွာဖော်ပြထားခြင်းမရှိပေ။    

၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်တွင် Yatai International Holdings Group ၏ ဥက္ကဌ  မစ္စတာ Lunkai သည် တရုတ် -မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ Mr. Li Fuquan နှင့် မြန်မာနိုင်ငံသို့ လာရောက်တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ထိပ်သီးအစည်းအဝေးကျင်းပနိုင်ရန် အစီအစဉ်များကိုဆွေးနွေးခဲ့သည်။