ISP China Desk
တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် နိုဝင်ဘာ တတိယပတ် (နိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့် သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၆၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk မှ အနှစ်ချုပ် ဖော်ပြပေးမည် ဖြစ်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို  ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူပြီး မစ္စတာ ရှီကျင့်ဖျင်က နိုဝင်ဘာ ၁၆ ရက်တွင် ပေးပို့ခဲ့သည်။ မစ္စတာ ရှီကျင့်ဖျင်သည် ယခုသဝဏ်လွှာအား တရုတ်နိုင်ငံသမ္မတအနေဖြင့် ပေးပို့ခြင်းမဟုတ်ဘဲ  တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး အဖြစ် ပေးပို့ခဲ့ခြင်းဖြစ်သကဲ့သို့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံထံ ပေးပို့ခြင်း မဟုတ်ခဲ့ခြင်းက တရုတ်နိုင်ငံ၏ ပါတီချင်းဆက်ဆံရေးနှင့် အစိုးရချင်း ဆက်ဆံရေး တိကျစွာ ကဏ္ဍခွဲ ဆောင်ရွက်မှုများကို ပေါ်လွင်စေပါသည်။ သဝဏ်လွှာတွင် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး၊ နှစ်ပါတီနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ ရပ်ဝန်းလမ်းကြောင်းအစီအမံ (BRI)နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) အစရှိသည့် အကြောင်းအရာများ ပါရှိသည်။

အင်အားကြီးအိမ်နီးချင်း နိုင်ငံတခုအနေဖြင့် ရွေးကောက်ပွဲအပြီး သဝဏ်လွှာပေးပို့ရန် ကြန့်ကြာနေခဲ့သည့်အတွက်လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ တရုတ်နိုင်ငံပိုင် သတင်းဌာနကြီး တခုဖြစ်သော Global Times ကမူ NLD ပါတီ တောင်ပြိုကမ်းပြို အနိုင်ရခြင်းကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး ပိုမိုနွေးထွေးလာမည်ဟူသော သုံးသပ်ချက်များကို နိုဝင်ဘာ ၁၅ ရက်က ဖော်ပြခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်း၊ ရန်ကုန်မိုးပျံလမ်း နှင့် မြို့ပတ်လမ်းစီမံကိန်းများ

ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ် ပထမအဆင့်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားကြောင်း အဆိုပြုလွှာ (Expression of Interest-EOI) တင်သွင်းထားသည့် အဖွဲ့အစည်း (၁၆) ဖွဲ့က အဆိုပြုဖိတ်ခေါ်လွှာများ (Request For Proposal – RFP) ကို ထုတ်ပေးခဲ့ပြီး အဖွဲ့အစည်း ကိုးဖွဲ့မှ  လာရောက်ထုတ်ယူခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။  အဆိုပါ အဆိုပြုဖိတ်ခေါ်လွှာများ ထုတ်ပေးခဲ့သည့် အဖွဲ့ ကိုးဖွဲ့မှာ

(1) BES Engineering Corporation (ထိုင်ဝမ် အခြေစိုက်)

(2) BYMA Myanmar Limited, a Bouygues Construction Group subsidiary (ပြင်သစ်နိုင်ငံ အခြေစိုက်)

(3) Dragon Power Company Limited (မြန်မာနိုင်ငံ အခြေစိုက်)

(4) EDF HQ Singapore Pte Ltd (ပြင်သစ်နိုင်ငံ အခြေစိုက်)

(5) Myanmar National Brotherhood Consortium (မြန်မာနိုင်ငံ အခြေစိုက်)

(6) NTPC Limited (အိန္ဒိယနိုင်ငံ အခြေစိုက်)

(7) Nylect Technology (Myanmar) Ltd (စင်ကာပူနိုင်ငံ အခြေစိုက်)

(8) Southern Metal Industry Co. Ltd (မြန်မာနိုင်ငံ အခြေစိုက်)

(9) SUEZ Group (ပြင်သစ်နိုင်ငံ အခြေစိုက်) တို့ ဖြစ်သည်။

အဆိုပါအဖွဲ့အစည်းများသည် လက်ရှိဖွဲ့စည်းထားမှုအတိုင်းဖြစ်စေ၊ နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖြစ်စေ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်မည်ဖြစ်ကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက် နောက်ဆုံးထား၍ အဆိုပြုလွှာများကို ပြန်လည်တင်သွင်းရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Swiss Challenge သဘောတရားအရ တင်ဒါအဆိုပြု ဖိတ်ခေါ်စာရအဖွဲ့အစည်းကိုးခုတို့မှာ အသာစီးရထားသည့် မူလအဆိုပြုသူ တရုတ် CCCC ကုမ္ပဏီနှင့်  ယှဉ်ပြိုင် အရွေးခံရမည်ဖြစ်သည်။

ထို့အပြင် ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ-NYDC သည် အစိုးရမဟုတ်ဘဲ ကုမ္ပဏီသာ ဖြစ်၍  NYDC အား ရန်ကုန်မြို့သစ်ကို တင်ဒါမယှဉ်ပြိုင်ဘဲ ပေးခွင့်ရှိ၊ မရှိကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁/၂၀၁၇ အရ ကိုက်ညီမှုရှိ/မရှိ ပြန်လည်စိစစ်ရန် လိုလာပြီဖြစ်ပြီး ရန်ကုန်မြို့သစ်အား စီမံခန့်ခွဲမှု ရွေးချယ်မှုက ပြည်ထောင်စုအစိုးရ၏ လက်ထဲတွင်မဟုတ်သလို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏လက်ထဲတွင်လည်း မရှိပဲ NYDC ၏လက်ထဲတွင် ရောက်နေ၍ NYDC ကို ရန်ကုန်မြို့သစ် ဆောင်ရွက်ခွင့်ပေးမှုက ဥပဒေနှင့်ညီ၊မညီ မေးခွန်းထုတ်မှုများရှိလာသည့်အတွက် အစိုးရအနေဖြင့် ပြန်လည်ရှင်းပြရမည့် အရေးကြီးကိစ္စဖြစ်လာမည်ဟု  Myanmar Harp သတင်းဌာန facebook စာမျက်နှာတွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်း စီမံကိန်း ဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပခဲ့သည်ဟု နိုင်ငံပိုင်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ အမေရိကန်ဒေါ်လာသန်း ၈၀၀ ခန့်ကုန်ကျမည့် ရန်ကုန်မိုးပျံအမြန်လမ်းတွင် အကြိုအရည်အချင်းစစ် အောင်မြင်ထားသည့် ကုမ္ပဏီ ၁၀ ခုရှိပြီး ၎င်းတို့အနက် တရုတ်ကုမ္ပဏီအများစု ပါဝင်ပါသည်။

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ်

ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်ဖြစ်လာသည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ် (RCEP)ကို နိုဝင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံ  ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သော တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန် စုစုပေါင်း ၁၅ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် စတင်အဆိုပြုခဲ့သော အဆိုပါ စာချုပ်သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်ရေး၏ ၂၈ ရာခိုင်နှုန်းတို့ကို ကိုယ်စားပြုသောကြောင့် အာဆီယံနိုင်ငံများကို ကိုဗစ်ကာလအတွင်း စီးပွားရေးအကြပ်အတည်းမှ လွတ်မြောက်ရန် အထောက်အကူပြုနိုင်ပြီး ဒေသတွင်း၌ အာဆီယံနိုင်ငံများ၏ အရေးပါမှုကို ပိုမိုမြင့်တက်လာစေသည်ဟု သတင်းမီဒီယာများက ဖော်ပြထားသည်။  စာချုပ်တွင် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး၊ အသေးစား၊ အလတ်အစား လုပ်ငန်းများနှင့် ဉာဏမူပိုင်ခွင့် စသည်တို့ကို ထည့်သွင်းရေးဆွဲထားသောကြောင့် ပြည်တွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများအနေဖြင့် ကိုဗစ်-၁၉ အလွန်ကာလတွင် နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်ယှဉ်ပြိုင်လာနိုင်မည်ဟု နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က The Daily Eleven သို့ပြောကြားခဲ့သည်။

တဖက်တွင်လည်း စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းကြောင့် အခွန်ကင်းလွတ်ခွင့်ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လာသော နိုင်ငံတကာမှ ဈေးနှုန်းသက်သာသည့် ကုန်စည်များကို ပြည်တွင်းလုပ်ငန်းများက မယှဉ်ပြိုင်နိုင်သဖြင့် အသေးစားအလတ်စား လုပ်ငန်းများ အထိနာလိမ့်မည်ဖြစ်ပြီး၊ နဂိုက လုပ်ခလစာ များသော နိုင်ငံများရှိ အလုပ်သမားများသည်လည်း ကုန်ထုတ်လုပ်မှု ယှဉ်ပြိုင်လုပ်ဆောင်ရသောကြောင့် လုပ်ခလစာလျော့ကျလာမည့် စိန်ခေါ်ချက် ရှိကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက Myanmar Times သတင်းဌာနသို့ ဖြေကြားခဲ့သည်။ ဤစာချုပ်ကြောင့် တရုတ်၏ BRI စီမံကိန်းနှင့် ဒေသတွင်း ပထဝီနိုင်ငံရေး ရည်မှန်းချက်များကို ချဲ့ထွင်ရာတွင် ပိုမိုအားကောင်းလာစေနိုင်ကြောင်း စင်ကာပူ စီးပွားရေးတက္ကသိုလ်မှ ကုန်သွယ်ရေး ကျွမ်းကျင်သူ အလက်ဇန်းဒါး ကာပရီက ပြောကြားခဲ့သည်။ စာချုပ်၌ အသိဉာဏ်ပစ္စည်း နှင့် ပတ်သက်သည့် သဘောတူညီချက်များ ပါဝင်သော်လည်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် အလုပ်သမားအခွင့်များ ပါဝင်ခဲ့ခြင်းမရှိကြောင်း AFP သတင်းကို ကိုးကား၍ The Daily Eleven သတင်းစာတွင် ဖော်ပြထားသည်။

ကုန်သွယ်ရေး

စိတ်ဝင်စားဖွယ်ရာ စီးပွားရေးသတင်း တပုဒ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလဖြစ်သော်လည်း တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသော အထည်ချုပ်လုပ်ငန်းကဏ္ဍ၏ ကုန်သွယ်မှု တန်ဖိုးမှာ ယခင်ဘဏ္ဍာနှစ်ကို ကျော်လွန်၍ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၉၈ ဘီလီယံရှိပြီ ဖြစ်ကြောင်း The Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။ ဧပြီလအတွင်းမှစ၍ မြန်မာအစိုးရက စက်ရုံအလုပ်သမားများကို ကိုဗစ်ကပ်ရောဂါကြောင့် ကုန်စည်စီးဆင်းမှုများ နှေးကွေးသွားသဖြင့် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကိုသာ ယူကြရန် ကမ်းလှမ်းခဲ့သည်။ ကိုဗစ်ကပ်ရောဂါကာလဖြစ်၍ အထည်ချုပ်အလုပ်သမားများမှာ လုပ်ခလစာများ ထက်ဝက်ကျိုးမက လျော့ပါးခဲ့ရသော်လည်း အထည်ချုပ်ကဏ္ဍမှ တင်ပို့ခဲ့သော ကုန်စည်တန်ဖိုးမှာ ကျဆင်းသွားခြင်းမရှိသည့်အပြင် ပိုမိုတင်ပို့လာနိုင်သည့်အချက်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

အခြားသတင်းတပုဒ်တွင် တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းများကြောင့် ကျင်စမ်းကျော့ နယ်စပ်တွင် မြန်မာဘက်မှ ဖရဲသီးတင်ပို့ရန်လာသော ကုန်ကားများ ရာနှင့်ချီ၍ တန်းစီပိတ်ဆို့နေကြောင်း The Global New Light of Myanmar၏ သတင်းဖော်ပြချက် ဖြစ်သည်။ ဤကဲ့သို့ တရုတ်နိုင်ငံဘက်မှ စစ်ဆေးမှုများကြာမြင့်နေခြင်းကြောင်း သီးနှံဈေးကွက်ထိခိုက်မည်ကို ကုန်သည်များ စိုးရိမ်နေကြကြောင်း Myanmar Times သတင်းဌာန၏ ဖော်ပြချက်လည်း ရှိခဲ့သည်။ ဝယ်လိုအားကောင်းသဖြင့် မြန်မာဖရဲသခွားများ စျေးကောင်းရနေချိန်တွင် ဤသို့ စစ်ဆေးမှုကြာမြင့်ခြင်းကြောင့် သီးနှံများ၏ လတ်ဆတ်မှု ထိခိုက်ပြီး ဈေးကွက်ပါထိခိုက်လာမည်ကို ကုန်သည်များက စိုးရိမ်နေကြသည်။

နယ်စပ်ကုန်သွယ်ရေးသတင်းများတွင် တရုတ်အစိုးရက လွန်ခဲ့သော တနှစ်ခန့်က ပိတ်သိမ်းခဲ့သော ရွှေလီကျယ်ဂေါင်မြို့ရှိ မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များကို ပြန်ဖွင့်ပေးရန်အတွက် တရုတ်ဗဟိုအစိုးရအား တင်ပြပေးရန် ကုန်သည်များက မြန်မာအစိုးရကို တောင်းဆိုထားသည်ဟူသော သတင်းဖော်ပြချက်ဖြစ်သည်။ အွန်လိုင်းလောင်းကစား၊ ငွေ‌ကြေးခဝါချမှု၊ မူးယစ်ဆေးဝါး သို့မဟုတ် တရားမဝင်နည်း လမ်းများဖြင့် ငွေကြေးများရှိ‌နေခြင်း‌ကြောင့် အကြောင်းပြချက်ဖြင့် တရုတ်အစိုးရက ဘဏ်အကောင့် ၂၀၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး အောက်တိုဘာတွင် အကောင့် ၃၀ ခန့် ပြန်ဖွင့်ပေးခဲ့သည်။

အခြား

ဒဂုံဆိပ်ကမ်းမြို့နယ် ၈၇ ရပ်ကွက်၌ လိုတရ-ရွှေစံလှ မုန့်နှင့်ပေါက်စီလုပ်ငန်းတွင် (တရုတ်နိုင်ငံ ပတ်စ်ပို့ကိုင်ဆောင်ထားသူ) တရုတ်နိုင်ငံသား ပိုင်ရှင်လင်မယားနှစ်ယောက်၏  အလုပ်လုပ်ကိုင်ရန် အသက်မပြည့်သေးသော ကလေးငယ်များကို နှိပ်စက်ခိုင်းစေမှုသတင်းကို Myanmar Now အပါအဝင် သတင်းမီဒီယာအများစုတွင် ဖော်ပြခဲ့သည်ကို တွေ့ရသည်။ ထွက်ပြေးလွတ်မြောက်လာသူကလေးတစ်ဦး၏ ပြောဆိုချက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကလေးငယ် ၁၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုခံထားရပြီး ပိုင်ရှင်လင်မယားနှင့် ၎င်းတို့၏ ညီဖြစ်သူအား အမှုဖွင့်အရေးယူထားပြီး ထိုဖြစ်ရပ်အပေါ် အခြေခံကာ ရာနှင့်ချီသော လူအုပ်စုက “တရုတ်အား အကာအကွယ်ပေးနေသော ရဲတပ်ဖွဲ့”ဟူသော စကားရပ်များဖြင့် အဓိကရုဏ်းတစ်ခုဖြစ်ပွားစေရန် လုပ်ဆောင်မှုများရှိခဲ့သည်ဟု ဖော်ပြကြသည်။

အခြားမှုခင်း သတင်းတပုဒ်တွင် တာချီလိတ်မြို့၌ တရုတ်နိုင်ငံသား အချင်းချင်း ဓားဖြင့်ထိုး၍ ပြန်ပေးဆွဲခဲ့သူများကို ဖမ်းဆီးထားကြောင်း ကမ္ဘောဇတိုင်းက ရေးသားသည်။ ယခုတပတ်အတွင်း ကျိုင်းလပ်မြို့နှင့် ကျိုက်မရောမြို့တို့တွင် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၁၉ ဦးကို ဖမ်းမိခဲ့ကြောင်း မြန်မာတိုင်းမ် သတင်းတွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ယွမ်သိန်း ၄၀ (မြန်မာငွေကျပ် သိန်း ၈၀၀၀ခန့်) နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ငွေကျပ် သိန်း ၈၀၀၀ တန်ဖိုးရှိ အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။