ISP China Desk

စာတမ်းခေါင်းစဉ် – တို့မြေများကို  လောင်းကစားပစ်ခြင်း

ရွှေကုက္ကိုလ်ဒေသအား “စစ်မြေပြင်များအဖြစ်မှကာစီနိုများအဖြစ်သို့ပြောင်းလဲရေး”နေပြည်တော်၏မဟာဗျူဟာ 

ရေးသားသူ – ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network) 

ထုတ်ဝေသည့်အဖွဲ့အစည်း – ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network) 

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀ မတ်

ဝက်ဘ်ဆိုက်တွင် ဖတ်ရှုရန် – တို့မြေများကို  လောင်းကစားပစ်ခြင်း – ရွှေကုက္ကိုလ်ဒေသအား “စစ်မြေပြင်မှ ကာစီနိုရုံများအဖြစ်သို့” နေပြည်တော်၏ မဟာဗျူဟာ 

အစီရင်ခံစာမိတ်ဆက်

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများထဲမှ တိုင်းရင်းသားလက်နက်ကိုင်အချို့သည် တပ်မတော်ထံ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့ကြပြီး နယ်ခြားစောင့်တပ်အဖြစ် သက်ဆိုင်ရာနယ်မြေများကို ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးနှင့်အတူ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်မှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသည်လည်း အရေးပါလျက်ရှိသည်။ ထိုရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ ဥပဒေများနှင့် သက်ဆိုင်ရာ အာဏာပိုင်များ၏ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများကို မလွဲမသွေလိုက်နာရန်နှင့် ဒေသခံများ၏ အကျိုးကို ထည့်သွင်းစဉ်းစားအကောင်အထည်ဖော်ရန် လိုအပ်ပေသည်။ 

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)က ရေးသားပြုစုထုတ်ဝေသည့် Gambling Away Our Lands – Naypyidaw’s “Battlefields to Casinos” Strategy in Shwe Kokko(တို့မြေများကို  လောင်းကစားပစ်ခြင်း – ရွှေကုက္ကိုလ်ဒေသအား “စစ်မြေပြင်မှ  ကာစီနိုရုံများအဖြစ်သို့” နေပြည်တော်၏ မဟာဗျူဟာ) အစီရင်ခံစာသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်၊ ကရင်ပြည်နယ်ရှိ မြဝတီမြို့အနီးတွင် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်နေသည့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအကြောင်းကို လေ့လာထားခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းကို တရုတ်လုပ်ငန်းစု ရာထိုက်(Myanmar Yatai)နှင့် ဗိုလ်မှူးကြီး စောချစ်သူ၏ နယ်ခြားစောင့်တပ်ဖွဲ့ပိုင် ချစ်လင်းမြိုင် ကုမ္ပဏီ တို့ပူးပေါင်းထားသည့် မြန်မာရာထိုက်ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ 

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်သည် ယခုအစီရင်ခံစာတွင် မြန်မာအစိုးရထံသို့ တောင်းဆိုချက် ၂ ခု၊ ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုထံသို့ ၁ ခုနှင့် တရုတ်အစိုးရထံသို့  ၂ ခုကို တောင်းဆိုထားသည်။ ၎င်းတို့မှာ မြန်မာနိုင်ငံ ရွှေကုက္ကိုလ်စီမံကိန်းနှင့်သက်ဆိုင်သော သဘောတူစာချုပ်အားလုံးကို ဖျက်သိမ်းပေးရေး၊ ရာထိုက် IHG နှင့် မိတ်ဖက်ကုမ္ပဏီများ ထွက်ခွာသွားရေးအတွက် ပြည်ထောင်စုအစိုးရအနေနှင့် အမိန့်ထုတ်ပေးရန်၊ ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုအနေနှင့် စီမံကိန်းနှင့်ပတ်သက်သော စာရွက်စာတမ်းများနှင့် စီမံချက်အပြည့်အစုံကို ထုတ်ပြန်ပေးရန်နှင့် တရုတ်အစိုးရအနေနှင့် ရွှေကုက္ကိုလ်စီမံကိန်းကို အရေးပေါ်လေ့လာသုံးသပ်ကာ ရာထိုက်နှင့် လက်အောက်ခံကုမ္ပဏီများကို ဥပဒေနှင့်အညီ ချက်ချင်းစစ်ဆေးပေးရန်၊ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း(BRI)တွင် ရွှေကုက္ကိုလ်စီမံကိန်း၏ ပတ်သက်ဆက်နွယ်မှုအနေအထားကို တရားဝင်ထုတ်ပြန်ပေးရန် စသည့် တောင်းဆိုချက် ၅ ခု ဖြစ်သည်။  

ယခုအစီရင်ခံစာတွင် ရွှေကုက္ကိုလ်ဒေသ၏ နောက်ခံသမိုင်းကြောင်းများ၊ စီမံကိန်းဖော်ဆောင်မှုများ၊ ဗမာ့တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှ ကျောထောက်နောက်ခံပြုသည့် စီမံကိန်းနှင့်သက်ဆိုင်သော အကြောင်းအရာများ၊ ရာထိုက်၏ ဝေဝါးထွေပြားစေသော ကုမ္ပဏီသမိုင်းကြောင်းနှင့် အွန်လိုင်း လောင်းကစားလုပ်ငန်းနှင့်ပက်သတ်၍ လာအိုနိုင်ငံမှ ရွှေဘိုထန်း(Casino SEZs)၏ အကျိုးအပြစ်များကို လေ့လာထားသော ဖြစ်ရပ်အခြေပြုလေ့လာဆန်းစစ်မှုများကို ဖော်ပြထားသည်။ ယင်းအပြင် စီမံကိန်းလုပ်ငန်းခွင်သို့ တရုတ်အလုပ်သမား အများအပြားရောက်ရှိလာခြင်း၏ အကြောင်းအရင်းများကို ရေးသားထားသည်။ ၂၀၁၉ ခုနှစ်အတွင်း မြ၀တီမြို့တွင် ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံသားများ၏ လိုင်စင်မဲ့မော်တော်ယာဉ်များမောင်းနှင်ခြင်းနှင့် ယာဉ်တိုက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ စသည့် ဥပဒေမဲ့ကျူးလွန်မှူများကြောင့် ဒေသခံများက တရုတ်နိုင်ငံသားများအပေါ် အရေးယူပေးရန် လှုံဆော်မှု ဖြစ်ရပ်များကိုလည်း ဖော်ပြထားသည်။ တရုတ်အလုပ်သမားများသည် အစပိုင်း၌ မြ၀တီမြို့တွင် နေထိုင်ခဲ့ကြသော်လည်း ယင်းအချက်များကြောင့် နောက်ပိုင်းတွင် BGF ၏စောင့်ရှောက်မှုအောက်တွင် တည်ရှိသော ရွှေကုက္ကိုလ်ဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်ဟု ဖော်ပြထားသည်။   

မြန်မာတပ်မတော်နှင့် ဆက်စပ်လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများအား ပိတ်ဆို့ရန် Burma Campaign Uk မှ ထုတ်ပြန်ထားသော အမည်ပျက်စာရင်းတွင် ရာထိုက် IHG ပါဝင်နေသည်။ ရာထိုက် IHG သည် တပ်မတော်လက်အောက်ရှိ BGF အကာအကွယ်ဖြင့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအား Casino SEZs အဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည်။ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ တင်ပြခဲ့သော ခွင့်ပြုမိန့်တွင် အဆောက်အဦများ ဆောက်လုပ်ခြင်း၊ တည်းခိုခြင်းဆိုင်ရာ လုပ်ငန်းများနှင့် အဆင့်မြင့်အိမ်ရာ(Villa) ၅၉ လုံးသာ တည်ဆောက်ခွင့်ပြုခဲ့သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများကို ခွင့်ပြုချက်ထက်ပို၍ အင်ပြည့်အားပြည့် ဆက်လက် ဖော်ဆောင်နေခြင်းကြောင့် ကရင်ပြည်နယ်အစိုးရက သွားရောက်စစ်ဆေးခဲ့ရာ ယင်းနောက်တွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှုကြောင့် စီမံကိန်းအား ယာယီဆိုင်းငံ့ထားခဲ့သည်။ သို့သော် စီမံကိန်းကို ရပ်ဆိုင်းကြောင်း ကြေညာထားသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများကို တရုတ်လုပ်သားများဖြင့် ဆက်လက်လုပ်ကိုင်နေသည်ဟု ဒေသခံများက ဆိုသည်။ 

ရာထိုက်၏ Master Plan တွင် အထူးစီးပွားရေးဇုန်ဟု ဖော်ပြထားသည်ဟု အစီရင်ခံစာက ဆိုသည်။ မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန် ဥပဒေများနှင့် ကွဲလွဲနေသော အဆိုပါစီမံကိန်းသည် “နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနှင့် ဗမာ့တပ်မတော်မှ ဦးဆောင်သော နယ်စပ်ရေးရာဝန်ကြီးဌာန အောက်တွင်ရှိပြီး ဝန်ကြီးဌာန၏အဓိကလုပ်ငန်းစဉ်တခုမှာ “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးဖွံ့ဖြိုးရေးဒေသများ သတ်မှတ်ဆောင်ရွက်ရန်” ဖြစ်သည်ကို ထည့်သွင်းစဉ်းစား သုံးသပ်လျှင် ရွှေကုက္ကိုလ်စီမံကိန်းကို အဆိုပါဝန်ကြီးဌာနက တရားဝင်ခွင့်ပြုချက်ပေးခဲ့သည်ဟု မှတ်ထင်ယူဆနိုင် ပေသည်” ဟု အစီရင်ခံစာကဆိုသည်။  

ရွှေကုက္ကိုလ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသော ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုသည် တရုတ်အစိုးရက အားပေးထောက်ခံသော တရားဝင်မှုရှိသည့် စီးပွားရေးအဖွဲ့အစည်းတခုအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်မြှင့်တင်နေသလို၊ စီမံကိန်းအား တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း၏ အစိတ်အပိုင်းတခု အဖြစ်ပုံဖော်နေသည်။ သို့သော် လက်တွေ့တွင်မူ ရာထိုက်ကုမ္ပဏီ၏ နောက်ခံအချက်အလက်များမှာ ဝေဝါးနေသလို အဆိုပါစီမံကိန်းအား တရုတ်အစိုးရ၏ အောက်းပေးထောက်ခံမှုရှိသည်ဟူသည့် ခိုင်မာသော သက်သေအထောက်အထားမရှိဘဲ ဒီဂျစ်တယ်လောင်းကစားလုပ်ငန်းများနှင့်သာ များစွာဆက်စပ်လျက်ရှိသည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။ 

အစီရင်ခံစာပါ အွန်လိုင်း လောင်းကစားလုပ်ငန်းနှင့် ပက်သတ်၍ လာအိုနိုင်ငံမှ ရွှေဘိုထန်း(Casino SEZs)၏ အကျိုးအပြစ်များကို လေ့လာထားသော ဖြစ်ရပ်အခြေပြုလေ့လာဆန်းစစ်မှုများသည်လည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ လာအို-တရုတ် နယ်စပ်တွင် ကာစီနိုရုံများ ပေါ်ပေါက်လာကာ ၂၀၀၇ ခုနှစ် အစပိုင်းတွင် အလျင်အမြန်တိုးတက်ခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ရာဇဝတ်မှုများ ထူပြောလာခြင်းကြောင့် တရုတ်အာဏာ ပိုင်များက ကန့်သတ်ပိတ်ပင်ခဲ့ရာ ၂၀၁၁ တွင် အဆိုပါအထူးစီးပွားရေးဇုန်မှာ ပိတ်သိမ်းခဲ့သည်ဟု ဆိုသည်။  

အချုပ်အားဖြင့် ဆိုရသော် ဒေသခံများအနေနှင့် စီမံကိန်းနှင့်ပတ်သက်သော အကျိုးအပြစ်များကို မသိရှိရခြင်း၊ လယ်ယာမြေသိမ်းဆည်ခံရခြင်း၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း မရရှိဘဲ  တရုတ်အလုပ်သမားများသာ အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်း၊ ဒေသခံများနှင့် တရုတ်လူမျိုးများအကြား ပြဿနာများအား BGF မှ အာဏာလွှမ်းမိုးခြင်းများ၊ ရာထိုက် IHG ၏ မလည်ရှုပ်စီမံကိန်းနှင့် ဒွိဟဖြစ်ဖွယ်ရာ ကုမ္ပဏီအချက်အလက်များကို ဖတ်ရှုရမည်ဖြစ်သည်။ ယခု အစီရင်ခံစာကို ဗမာ နှင့် အင်္ဂလိပ် ဘာသာစကား နှစ်မျိုးစလုံးဖြင့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(Karen Peace Support Network)က ထုတ်ဝေထားသည်။ 

အစီရင်ခံစာ မိတ်ဆက်မူရင်း 

ဤအစီရင်ခံစာတွင် အငြင်းပွားဖွယ် ရွှေကုက္ကိုလ် “မြို့သစ်” စီမံကိန်းနှင့်ပတ်သက်၍ ရရှိနိုင်သမျှ သတင်းချက်အလက်များကို အသေးစိတ်လေ့လာဆန်းစစ်ကာ သုံးသပ်ဆွေးနွေးတင်ပြထားသည်။ စီမံကိန်းသည် မြ၀တီမြို့၏ မြောက်ဘက်ဆယ်မိုင်ခန့်အကွာ ထိုင်း-မြန်မာနယ်စပ်ရှိ ဌာနေတိုင်းရင်းသား ကရင်လူမျိုးတို့၏ နယ်မြေပေါ်တွင် မကာအိုစတိုင် ဧရာမကာစီနိုလောင်းကစားမြို့တော်တခု တည်ဆောက်လျက်ရှိသော စီမံကိန်းဖြစ်၏။ စီမံကိန်းရင်းနှီးမြုပ်နှံသူများမှာ ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စု(Yatai International Holding Group) အမည်ရ ကုမ္ပဏီတခုဖြစ်ပြီး ဗိုလ်မှူးကြီး ချစ်သူ ဦးဆောင်သည့် နယ်မြေခံကရင်နယ်ခြားစောင့်တပ် (BGF)နှင့် မိတ်ဖက်လက်တွဲပူးပေါင်းကာ “မြန်မာရာထိုက် ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန်(Myanmar Yatai Shwe Kokko Special Economic Zone) စီမံကိန်းဟူသောအမည်ဖြင့် တရား၀င် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းအရောက်တွင် ထောင်ချီသော တရုတ်အလုပ်သမားများ ရောက်ရှိနေခဲ့ခြင်းနှင့်အတူ ရွှေကုက္ကိုလ်ရွာ အရှေ့ဘက်အရပ်ရှိ လယ်ကွင်းများသည် ကြီးမားကျယ်ပြန့်သော ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး လူနေတိုက်ခန်းများ၊ လုံးချင်းအပန်းဖြေအိမ်ရာများ၊ ဟိုတယ်များနှင့် ကာစီနိုလောင်းကစားရုံများအဖြစ် အလျင်အမြန် စတင်ပေါ်ထွက်လာခဲ့သည်။ မြေဧက သုံးသောင်းကျော် လွှမ်းခြုံပါ၀င်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ စီမံချက်များတွင် လေ့လာတွေ့မြင်ခဲ့ရသည်။  

KPSN အကြောင်း 

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)သည် မြန်မာနိုင်ငံအတွင်း ကရင်လူထုအခြေပြု အဖွဲ့အစည်းများပါဝင်သည့် အကြီးမားဆုံးကွန်ရက်တခု ဖြစ်သည်။ KPSN အဖွဲ့ဝင်များသည် လုံခြုံမှုကင်းမဲ့ပြီး ပဋိပက္ခသက်ရောက်မှုခံရသော ကရင်လူမှုအသိုက်အဝန်းများ၊ နိုင်ငံတွင်း အိုးအိမ်ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များအတွက် ဆယ်စုနှစ်ပေါင်းများစွာ လူသားချင်းစာနာခြင်းဆိုင်ရာ အထောက်အပံ့များကူညီများကို ပံ့ပိုးပေး လာခဲ့သည်။ KPSN သည် ဒေသခံကရင်တိုင်းရင်းသား လူမှုအသိုင်းအဝိုင်းများကို လုပ်ပိုင်ခွင့်များ မြှင့်တင်ပေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်း အသိပညာပေးခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား  မှတ်တမ်းတင်ခြင်းနှင့် မြန်မာနိုင်ငံ ကရင်တိုင်းရင်းသားဒေသများအတွင်း ရေရှည်တည်တံ့မည့် တန်းတူညီမျှသော ငြိမ်းချမ်းရေး ရရှိရေး စည်းရုံးလှုံ့ဆော်ခြင်းများကို ဆောင်ရွက်သည်။ 

ဇေရှိုင်းဗိုလ်