ISP China Desk

အစီရင်ခံစာအမည် – Selling the Silk Road Spirit: China’s Belt and Road Initiative in Myanmar

ရေးသားသူ – TNI

ထုတ်ဝေသည့်အဖွဲ့ – TNI

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၉၊ နိုဝင်ဘာ

အစီရင်ခံစာအပြည့်အစုံရယူရန် Selling the Silk Road Spirit: China’s Belt and Road Initiative in Myanmar

အစီရင်ခံစာအကျဉ်းချုပ်

ခါးပတ်နှင့်လမ်းကြောင်းစီမံကိန်း(BRI)သည် ခမ်းနားကြီးကျယ်သည့်မဟာဗျူဟာတစ်ခုဟုထင်ရသော်လည်း တရုတ်နိုင်ငံ၏အရင်းရှင်စနစ်အကျပ်အတည်းကို ဖြေရှင်းရန်ရည်ရွယ်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ တပြိုင်နက်တည်းမှာပင် လုပ်ငန်းစဉ်တို့သည် ကျယ်ပြန့်ပြီး စီမံခန့်ခွဲမှုတို့က လျော့လျဲနေသည်။

မည်သည့်လုပ်ငန်းကို မည်သူက မည်သည့်နေရာတွင်လုပ်ဆောင်သည်ဖြစ်စေ BRI မူဘောင်အောက်သို့ ထည့်သွင်းနိုင်ကာ ယင်း၏စီမံကိန်းခွဲအဖြစ် သတ်မှတ်နိုင်သည်။ ထိုအခါ တရုတ်နိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပြည်နယ်အစိုးရတို့သည် စီးပွားရေးဖွံ့ဖြိုးရေးနှင့် အကျိုးအမြတ်ပိုမိုရရှိရန်အတွက် ၎င်းတို့၏စီမံကိန်းများကို BRI ခေါင်းစဉ်အောက်သို့ ထိုးသွင်းကာ အရောင်းမြှင့်တင်ရန် ကြိုးပမ်းလာသည်။

သို့သော် ထိုကဲ့သို့ ကျယ်ပြန့်သောမူဘောင်နှင့် များပြားလှသောဇာတ်ကောင်များပါဝင်နေခြင်းကြောင့် တရုတ်အစိုးရအနေဖြင့် BRI လုပ်ငန်းစဉ်များအပေါ် ထိရောက်စွာအုပ်ချုပ်စီမံနိုင်ရန် စိန်ခေါ်မှုများ ရှိနေသည်။

၂၀၁၁ ခုနှစ်တွင် မြစ်ဆုံဆည်စီမံကိန်းကို မြန်မာအစိုးရက ရပ်ဆိုင်းလိုက်ရာ တရုတ်အစိုးရကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ တချိန်တည်းမှာပင် တရုတ်ကုမ္ပဏီများအနေနှင့် မြန်မာနိုင်ငံတွင် စီမံကိန်းများဆောင်ရွက်ခွင့်ရရှိရန် အခက်အခဲများရှိလာပြီး ယှဉ်ပြိုင်ရမှုသည်လည်း ပြင်းထန်လာခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ပေါ်ပေါက်ခဲ့သည့်ပြဿနာတို့က မြန်မာအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်ဆံရေးအက်ကြောင်းဖြစ်ပေါ်ခဲ့စေပြီး တရုတ်နှင့် ပိုမိုနီးကပ်သွားစေခဲ့သည်။ ထိုအခါ တရုတ်နိုင်ငံအနေနှင့် မြန်မာ့ပဋိပက္ခကို စီးပွားရေးလမ်းကြောင်းဖြင့် ဖြေရှင်းရန် BRI ခေါင်းစဉ်အောက်မှတဆင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)ကို တင်သွင်းလာသည်။ တရုတ်၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ယူနန်ပြည်နယ်ရှိလုပ်ငန်းရှင်များသည် ၎င်းတို့ဆန္ဒရှိသည့် စီမံကိန်းများကို CMEC ခေါင်းစဉ်အောက်မှတဆင့် ပြန်လည်လုပ်ဆောင်နိုင်သည့် အခွင့်အရေးများ ရှိလာသည်။

CMEC စီမံကိန်းတွင် မည်ကဲ့သို့သော လုပ်ငန်းများပါဝင်မည်ကို ရှင်းလင်းမှုမရှိသော်လည်း BRI တံဆိပ်ကပ်ထားသည့် မြောက်မြားလှသောလုပ်ငန်းများသည် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေပြီဖြစ်သည်။

တရုတ်သတင်းအရင်းအမြစ်များကိုအသုံးပြု၍ စီမံကိန်း လေးခုကို သေချာလေ့လာဆန်းစစ်ကြည့်သည့်အခါတွင် တရုတ်၏လုပ်ငန်းရှင်များသည် စီမံကိန်းများလုပ်ခွင့်ရရှိရန် ချဉ်းကပ်စည်းရုံးမှုများစွာ လုပ်ဆောင်ခဲ့သည့်ကို တွေ့ရသည်။ အထူးသဖြင့် ၁။ မြန်မာ-တရုတ် နှစ်နိုင်ငံလျှပ်စစ်ဓာတ်အားသွယ်တန်းခြင်းစီမံကိန်း၊ ၂။ တရုတ်-မြန်မာ မြန်နှုန်းမြင့်မီးရထားလမ်းစီမံကိန်း၊ ၃။ တရုတ်-မြန်မာ ကုန်းလမ်းနှင့် ရေလမ်းဆက်သွယ်ရေးလမ်းကြောင်းစီမံကိန်း၊ ၄။ အထူးစီးပွားရေးဇုန်စီမံကိန်းများတွင် ဖြစ်သည်။ ယင်းစည်းရုံးခြင်းများအတွက် ဗဟိုအစိုးရကလည်း ပံ့ပိုးသည့်နေရာမှ ပါဝင်ခဲ့သည်။

ပွင့်လင်းမြင်သာမှု မရှိခြင်း၊ အဓိပ္ပာယ်ပြည့်ဝသည့် ဆွေးနွေးတိုင်ပင်မှု မရှိခြင်း၊ စီးပွားရေးတွက်ချေကိုက်မှု မသေချာခြင်း၊ လူမှုရေး၊ စီးပွားရေးပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများရှိနိုင်ခြင်း စသည့်အချက်များကို ယင်းစီမံကိန်းများက မီးမောင်းထိုးပြလျက်လည်း ရှိနေသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ထိန်းကျောင်းနေသည့် မြန်မာနိုင်ငံ၏ ဉပဒေနှင့် မူဝါဒများသည် အားနည်းနေသေးပြီး ဒေသခံများထက် စီးပွားရေးလုပ်ငန်းရှင်များကို ပို၍ အကျိုးပြုနေသည်။ ဉပမာအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်နေသည့် သဘာဝသယံဇာတများသည် တိုင်းရင်းသားဒေသများတွင် ရှိသော်လည်း မြေယာနှင့်သက်ဆိုင်သည့် လက်ရှိဉပဒေများသည် တိုင်းရင်းသားများ၏ မြေယာသုံးစွဲမှုဆိုင်ရာ ဓလေ့ထုံးတမ်းများကို အသိအမှတ်ပြုထားခြင်း မရှိပေ။ ဒေသခံများနှင့် စနစ်တကျတိုင်ပင်ဆွေးနွေးမည့် အစိုးရ၏လမ်းညွှန်ချက်များ၊ ပတ်ဝန်းကျင်ဆိုင်ရာစံနှုန်းများ၊ လျော်ကြေးပေးခြင်းဆိုင်ရာ ဖြစ်စဉ်များ စသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်သက်ဆိုင်သော စီမံအုပ်ချုပ်မှုများတွင် အစိုးရ၌ လုံးလောက်ပြည့်စုံမှု မရှိပေ။ ယင်းကြောင့်ပင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဒေသခံတို့က စိုးရိမ်ပူပန်လေ့ရှိကြပြီး ဆန့်ကျင်ကန့်ကွက်မှုတို့ကို မကြာခဏလုပ်ဆောင်လျက်ရှိကြသည်။ BRI စီမံကိန်းအများစုသည် ပဋိပက္ခများဖြစ်ပွားရာဒေသများတွင် ဆောင်ရွက်မည် ဖြစ်သည်။ ထိုဒေသများတွင် လက်နက်ကိုင်ပဋိပက္ခနှင့် လူမှုပဋိပက္ခများ ဖြစ်ပွားနေသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် အဆိုပါပဋိပက္ခများအပေါ် ဆိုးကျိုးများမသက်ရောက်စေရန်မှာ အင်မတန်အရေးကြီးသည့်အချက်ဖြစ်သည်။ သို့ဖြစ်ရာ စီမံကိန်းအားကာကွယ်ရန်အတွက် စစ်အင်အားတိုးချဲ့ခြင်း မပြုလုပ်သင့်သကဲ့သို့  လက်ရှိပဋိပက္ခကို ပိုမိုဆိုးရွားစေခြင်း သို့မဟုတ် ပဋိပက္ခအသစ်များ ဖန်တီးခြင်း စသည်တို့ကိုလည်း မပြုလုပ်သင့်ပေ။