ISP China Desk

စာတမ်းခေါင်းစဉ် – တရုတ်၏ ဗဟို-ဒေသန္တရဆက်ဆံရေးမူဘောင်/တရုတ်-မြန်မာနယ်စပ်ရေးရာကိစ္စရပ်များတွင် ဘေဂျင်း ပြန်လည်နေရာယူလာမှုအား ပုံဖော်ကြည့်ခြင်း

ရေးသားသူ – ခင်ခင်ကျော်ကြီး

ထုတ်ဝေသည့်အဖွဲ့အစည်း – ISP-Myanmar

ထုတ်ဝေသည့်ကာလ – ၂၀၁၉ ဒီဇင်ဘာ

စာတမ်းအပြည့်အစုံရယူရန် – မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေဖြန့်ချိထားသည့် စာတမ်းအပြည့်အစုံကို အင်းဝစာအုပ်ဆိုင်(ပန်းဆိုးတန်း၊ လှည်းတန်း)၊ ရာပြည့်စာအုပ်ဆိုင်(ပန်းဆိုးတန်း)၊ မျိုးဆက်သစ်စာပေ၊ လူထုစာအုပ်ဆိုင်(မန္တလေး) တို့တွင် ဝယ်ယူနိုင်သလို စာတိုက်မှတဆင့် အိမ်အရောက်ဝန်ဆောင်မှု ရယူလိုပါက ဖုန်း – ၀၉ ၂၆၃၉၁၆၆၃၃ သို့ ဆက်သွယ်နိုင်ပါသည်။

စာတမ်းအကျဉ်းချုပ်

ယခုစာတမ်းသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)မှ ထုတ်ဝေသော တရုတ်-မြန်မာဆက်ဆံရေး သုတေသနစာတမ်းတွဲများအနက် ဒုတိယမြောက်စာတမ်းဖြစ်သည်။

၂၀၀၉ ခုနှစ်နောက်ပိုင်းမှစ၍ တရုတ်-မြန်မာဆက်ဆံရေးအခန်းကဏ္ဍတွင် တရုတ်နိုင်ငံ၏ ဗဟိုအစိုးရက ပို၍ ထဲထဲဝင်ဝင်နှင့် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာမှုကို ဤစာတမ်း၌ လေ့လာထားသည်။ ထို့အတူ ဘေဂျင်း၏ မူဝါဒဆုံးဖြတ်ချက်များအပေါ်တွင် ယူနန်ပြည်နယ်အစိုးရ၏ အကျိုးစီးပွားစဉ်းစားချက်တို့က မည်သို့သက်ရောက်လွှမ်းမိုးမှုများ ရှိနေသနည်းဆိုသည်ကိုလည်း သုံးသပ်ဆွေးနွေးထားသည်။

မြန်မာနိုင်ငံနှင့်သက်ဆိုင်သော မူဝါဒများချမှတ်ရာတွင် ဘေဂျင်းနှင့် ယူနန်သည် အပြိုင်သဘောဆောင်နေခြင်းမျိုးမဟုတ်ဘဲ နှစ်ဖက်စလုံး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားကြကြောင်း စာရေးသူ ခင်ခင်ကျော်ကြီးက လက်တွေ့အထောက်အထားများနှင့် တင်ပြထားပါသည်။

  • မြန်မာ့တပ်မတော့်နှင့် ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(MNDAA) တို့အကြား တိုက်ပွဲများဖြစ်ပွားပြီး ယူနန်ဒေသသို့ ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ဝင်‌ရောက်စေခဲ့သည့် ၂၀၀၉ ခုနှစ် ကိုးကန့်ဖြစ်စဉ်နှောင်းပိုင်းမှ စတင်ကာ ဘေဂျင်းသည် တရုတ်-မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များကို ပိုမိုအလေးထားလာခဲ့သည်။ ၂၀၁၃ ခုနှစ်မှ စတင်ကာ ဘေဂျင်း(ဗဟိုအစိုးရ)မှ အထူးသံတမန်ခန့်အပ်ပြီး မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံမှုများ ဆောင်ရွက်လာခဲ့ရာ နယ်စပ်ရေးရာကိစ္စရပ်များတွင် ယူနန်အခြေစိုက်အာဏာပိုင်များ၏ လွှမ်းမိုးသက်ရောက်နိုင်မှုများကို လျော့နည်းသွားစေခဲ့သည်။
  • ဘေဂျင်းသည် နယ်စပ်ရေးရာလုံခြုံရေးကိစ္စရပ်များနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ကဏ္ဍအတော်များများတွင် ပါဝင်ခဲ့သော်လည်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများကိုင်တွယ်ဖြေရှင်းခြင်း စသည့် အရေးပါသော အခြားနယ်စပ်ရေးရာကိစ္စရပ်များတွင်  ဒေသန္တရအစိုးရများဖြစ်သော ပြည်နယ်၊ ပြည်နယ်ခွဲများ၊ ကောင်တီအစိုးရတို့မှ အဓိကကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။
  • ဘေဂျင်းသည် နယ်စပ်ရေးရာကိစ္စများတွင် ပိုမိုလွှမ်းမိုးချုပ်ကိုင်လာခဲ့သော်လည်း ယူနန်အခြေစိုက် ဒေသန္တရအာဏာပိုင်များသည်လည်း ထိုယန္တရားတွင် ပါဝင်လျက်ရှိရာ ဗဟိုအစိုးရသည် မူဝါဒများချမှတ်ရာတွင် ဒေသန္တရအစိုးရများ၏ အကျိုးစီးပွားများကို လျစ်လျူရှုမထားကြောင်း တွေ့ရသည်။ တရုတ်နိုင်ငံ၏ ဗဟိုအစိုးရအနေဖြင့် နယ်စပ်ရေးရာကိစ္စရပ်များသည် ဒေသန္တရအကျိုးစီးပွားများနှင့် သက်ဆိုင်နေကြောင်း နားလည်လက်ခံထားပုံရသည်ဖြစ်ရာ တရုတ်နိုင်ငံ၏ နယ်စပ်ရေးရာမူဝါဒများသည် ဗဟိုနှင့် ဒေသန္တရအစိုးရများ၏ အကျိုးစီးပွားမျှခြေကို ထင်ဟပ်လျက်ရှိသည်။