ISP China Desk

စာတမ်းခေါင်းစဉ် – တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတလျှောက် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း /လတ်တလောအကျိုးစီးပွားနှင့် ရေရှည်အားထုတ်ရမည့် ငြိမ်းချမ်းရေးအလားအလာ

ရေးသားသူ – ခင်ခင်ကျော်ကြီး

ထုတ်ဝေသည့်အဖွဲ့အစည်း – ISP-Myanmar

ထုတ်ဝေသည့်ကာလ – ၂၀၁၉ ဒီဇင်ဘာ

စာတမ်းအပြည့်အစုံရယူရန် – မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေဖြန့်ချိထားသည့် စာတမ်းအပြည့်အစုံကို အင်းဝစာအုပ်ဆိုင်(ပန်းဆိုးတန်း၊ လှည်းတန်း)၊ ရာပြည့်စာအုပ်ဆိုင်(ပန်းဆိုးတန်း)၊ မျိုးဆက်သစ်စာပေ၊ လူထုစာအုပ်ဆိုင်(မန္တလေး) တို့တွင် ဝယ်ယူနိုင်သလို စာတိုက်မှတဆင့် အိမ်အရောက်ဝန်ဆောင်မှု ရယူလိုပါက ဖုန်း – ၀၉ ၂၆၃၉၁၆၆၃၃ သို့ ဆက်သွယ်နိုင်ပါသည်။

စာတမ်းအကျဉ်းချုပ်

ယခုစာတမ်းသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)မှ ထုတ်ဝေသော တရုတ်-မြန်မာဆက်ဆံရေး သုတေသနစာတမ်းတွဲများအနက် တတိယမြောက်စာတမ်းဖြစ်သည်။

တရုတ်နိုင်ငံသည် ရပ်ဝန်းလမ်းကြောင်းအဆိုပြုချက်ခေါင်းစဉ်အောက်မှ စီမံကိန်းများကို မြန်မာနိုင်ငံ၌ ဖော်ဆောင်လျက်ရှိသည်။ ယခုစာတမ်းတွင် ထိုစီမံကိန်းများအနက်မှ အဓိကစီမံကိန်းတခုဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းစိမံကိန်းကို လေ့လာထားပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စင်္ကြံလမ်း၏ သက်ရောက်နိုင်မှုအား ဆန်းစစ်ထားသည်။

တရုတ်နိုင်ငံသည် ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို ‘ငြိမ်းချမ်းရေးသို့ သွားရာလမ်း’ အဖြစ် ထုတ်ဖော်ပြောဆိုလေ့ရှိသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးကာ ငြိမ်းချမ်းရေးတည်ဆောက်မှုအား အထောက်အပံ့ဖြစ်စေမည်ဟု ဆိုပါသည်။ ယင်းကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရေးအခြေပြုသည့် ငြိမ်းချမ်းရေးဆောင်ရွက်မှုသည် လက်တွေ့တွင် မည်သည့်အတိုင်းအတာအထိ အကျိုးဖြစ်ထွန်းမှုရှိသနည်းဆိုသည်ကို သုတေသီ ခင်ခင်ကျော်ကြီးက စာတမ်း၌ ပိုင်းခြားဆန်းစစ်ထားသည်။

  • တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှ တရုတ်၏အခန်းကဏ္ဍနှင့်ဆက်စပ်ပြီး မူဝါဒအသိုင်းအဝိုင်းအတွင်းတွင် ပြောလေ့ပြောထရှိသော ယေဘုယျယူဆချက် အမြင်နှစ်ခုရှိသည်။ ပထမယူဆချက်မှာ တရုတ်သည် မိမိ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း အောင်မြင်စေရန်အတွက် မြန်မာ့ငြိမ်းချမ်းရေးကို လိုလားသည်ဖြစ်ရာ ထိုစီမံကိန်းသည် မြန်မာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုလိမ့်မည်။ ဒုတိယတချက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းသည် ပဋိပက္ခ၏ အဓိကအရင်းခံတခု ဖြစ်သောကြောင့် ရပ်ဝန်းလမ်းကြောင်းစီမံကိန်းမှပေးမည့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်လိမ့်မည်။
  • တရုတ်၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း၏ အမှတ်လက္ခဏာစီမံကိန်းတခုဖြစ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းသည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးမထားသော တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့ အခြေစိုက်သည့် တည်ငြိမ်မှုမရှိသော မြန်မာနိုင်ငံမြောက်ပိုင်းဒေသအား ဖြတ်သန်းသွားမည်ဖြစ်သည်။ တရုတ်သည် ရပ်ဝန်းလမ်းကြောင်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပိုမိုတက်ကြွစွာ ပါဝင်လာကာ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) တွင် ပါဝင်လက်မှတ်ထိုးလာစေရန် တိုက်တွန်းအားပေးလာခဲ့သည်။
  • တရုတ်သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ လက်နက်ကိုင်များကို အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ထိုးရန် တွန်းအားပေးလာခဲ့သော်လည်း ထိုတွန်းအားပေးမှုသည် နယ်စပ်တွင် တိုက်ပွဲများရပ်ရေးအတွက် တရားဝင်စေသော အပစ်ရပ်စာချုပ်တခုရရှိရေးအပေါ်တွင်သာ အခြေခံသော စဉ်းစားချက်မျိုးဖြစ်ပြီး ရေရှည်ငြိမ်းချမ်းရေးတည်ဆောက်ရေး အလားအလာများအား ထည့်သွင်းစဉ်းစားရန် အားနည်းနေသေးသည်။
  • တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်တွင် များစွာသက်ရောက်မှု ရှိမည်ဖြစ်သည်။ လက်ရှိ လက်နက်ကိုင်ပဋိပက္ခများကို ကြီးမားလာစေနိုင်သလို ပဋိပက္ခအသစ်များကိုလည်း ပေါ်ပေါက်လာစေနိုင်သည်။ အဓိကတွေ့ရနိုင်သော စိန်ခေါ်မှုတချို့မှာ ပဋိပက္ခနယ်မြေများတွင် စစ်ရေးအရချဲ့ထွင်မှုများ ဖြစ်လာနိုင်ခြင်း၊ စီမံကိန်း၏ သက်ရောက်မှုများက ဒေသခံပြည်သူတို့အား နစ်နာစေခြင်းဖြင့် မကျေနပ်မှုများ ကြီးမားလာစေခြင်းများနှင့် စီမံကိန်းနှင့်ပတ်သက်လျက်ရှိသော အကျိုးစီးပွားအသစ်များကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်အား ပိုမိုရှုပ်ထွေးသွားစေနိုင်ခြင်းတို့ပါဝင်သည်။ သို့ဖြစ်ရာ ရေတိုအကျိုးစီးပွားအတွက် ရေရည်အကျိုးဆက်များကို စဉ်းစားရန် ပျက်ကွက်ခြင်းသည် ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည်။