ISP China Desk
တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် အောက်တိုဘာ တတိယပတ် (အောက်တိုဘာ ၁၇ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့် သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၆၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk မှ အနှစ်ချုပ် ဖော်ပြပေးမည် ဖြစ်ပါသည်။

ကုန်သွယ်ရေး

နိုင်ငံပိုင်မီဒီယာများဖြစ်သော ကြေးမုံ၊ မြန်မာ့အလင်း၊ မြ၀တီနှင့် The Global New Light of Myanmar တို့သည် တရုတ်မြန်မာကုန်သွယ်ရေးနှင့်ဆိုင်သော သတင်းများကို အများဆုံး ရေးသားဖော်ပြခဲ့ကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် တရုတ်နိုင်ငံ ပေကျင်း၊ နန်နင်း နှင့် ဟောင်ကောင်သို့ စေလွှတ်ထားသော စီးပွားရေးသံမှူးသုံးဦးအပါအဝင် စုစုပေါင်း စီးပွားရေးသံမှူးခြောက်ဦးဖြင့် အစည်းအဝေး ကျင်းပခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။  ထို့အပြင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နိုင်ငံတကာ  ပူးပေါင်းဆောင်ရွက်မှုအဖြစ် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို အောက်တိုဘာ ၂၁ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်ခဲ့သည်ဟု ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

ထို့အပြင် Myanmar Hong Kong Chamber of Commerce and Industry က ကျင်းပသော  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် တာဝန်ရှိသူများ၊ စီးပွားရေးကိုယ်စားလှယ်များ၊ မီဒီယာများ စုစုပေါင်း လူဦးရေ ၂၅၀ ကျော် တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှပ်နှံမှုများ အဆင်ပြေချောမွေ့ရေးအတွက် ကုမ္ပဏီများအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် အခွန်ပေးဆောင်မှုလုပ်ငန်းများ၊ ရင်းနှီးမြုပ်နှံမှုလုပ်ထုံးများ တပြေးညီဖြစ်စေရေး စံလုပ်ထုံးလုပ်နည်းများကို ရေးဆွဲရေးများကို ဆောင်ရွက်နေကြောင်းနှင့် ကိုဗစ်အလွန် စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး စီမံချက်ရေးဆွဲလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့သည်။

ရင်းနှီးမြုပ်နှံမှုစီမံကိန်းများ

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာက ဆိုလာစီမံကိန်း ၂၉ ခု ၏ ပထမအဆင့်တင်ဒါ အောင်မြင်သူစာရင်းကို ထုတ်ပြန်ခဲ့ရာ ယင်းအနက် စီမံကိန်း ၂၇ ခုကို တရုတ်ကုမ္ပဏီများက အောင်မြင်ခဲ့ကြောင်း တွေ့ရသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်တွင် စီမံကိန်း ၂၉ ခု အနက်မှ စီမံကိန်း ၁၆ ခု ကို အကောင်အထည်ဖော်ရန် စီမံကိန်းသဘောတူညီမှု စာချွန်လွှာ (Letter of Agreements – LOA) ထုတ်ပေးခဲ့သည်။ ထိုစီမံကိန်း ၁၆ ခုကို တရုတ်ကုမ္ပဏီ ခြောက်ခု တင်ဒါ အောင်မြင်သွားပြီး ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တည်ဆောက်သွားမည် ဖြစ်သည်။ ယခု ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁၆ ရက်က ကျန်ရှိသည့် စီမံကိန်း ၁၃ ခုအနက်မှ စီမံကိန်း ခုနှစ်ခုအား Letter of Acceptance (LOA) ထပ်မံထုတ်ပေးခဲ့ပြီး ပဲခူး၊ မန္တလေး၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီး တို့တွင် တည်ဆောက်သွားမည် ဟု Eleven Media Group က ဖော်ပြထားသည်။  (မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် တရုတ်၏ပါဝင်မှု အသေးစိတ်ကို ISP Myanmar China Desk ၏ အထူးကဏ္ဍတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)

ရှမ်းပြည်နယ်တွင် ပြောင်းဧက တသန်းကို ငါးနှစ်စီမံကိန်းဖြင့် တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမည့်သူများကို ဖိတ်ခေါ်၍ Contract Farming စနစ်ဖြင့် တောင်သူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ထားသည်။ ထိုစီမံကိန်းကို တရုတ်နိုင်ငံအပြင် ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များကလည်း ကမ်းလှမ်းထားကြောင်း မြန်မာတိုင်းမ်နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်း ငွေကြေးရင်းနှီးမြုပ်နှံမှုအဆိုပြုလွှာစစ်ဆေးမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု သိရသည်။ နောက်ဆုံးအဆင့်တွင် ဂျပန်၊ထိုင်းနှင့် တရုတ်ကုမ္ပဏီ သုံးခုကို စိစစ်နေပြီး လာမည့်နိုဝင်ဘာလကုန်ခန့်တွင် တင်ဒါအောင်ကုမ္ပဏီကို ကြေညာမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုသည်ဟု  မြန်မာတိုင်းမ်နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံတာဝန်ရှိဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ လက်ခံ၊ ဖြန့်ဖြူး ဗဟိုလုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး တရုတ်နိုင်ငံမှ ဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများကို ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များမှတဆင့် တနိုင်ငံလုံးသို့ ဖြန့်ဖြူးပေးလျက်ရှိနေသည်မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ တရုတ်နိုင်ငံမှ အောက်တိုဘာ တတိယပတ်အတွင်း လေယာဉ်ခေါက်ရေ (၄၀)ခန့်ဖြင့် ဖြန့်ခွဲရောက်ရှိလာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် တရုတ်နိုင်ငံမှ ဝယ်ယူထားသော ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူ ပစ္စည်းများ အောက်တိုဘာ ၁၇ ရက် က ပထမအသုတ်အဖြစ် ရောက်ရှိလာကြောင်း Eleven Media Group က ဖော်ပြထားသည်။

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တွင် မြန်မာဘက်မှလာသည့် ကုန်ကားများ၌ တပ်ဆင်ထားသည့် NLD စာသားများ ကပ်ထားသော စတေကာနှင့် အလံများကို တစ်ခုမကျန် ဖြုတ်ချခိုင်းခြင်းနှင့် ပါတီတံဆိပ်ပါအင်္ကျီ ဝတ်ဆင်သူများကို တရုတ်ရဲများက မေးမြန်းကာ  တရုတ်နိုင်ငံအတွင်း ထပ်မံတွေ့ရှိပါက ၎င်းတို့၏ ဥပဒေဖြင့် ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း Eleven Media Group က ဖော်ပြထားသည်။

ရုတ်မီဒီယာများ၏ ဖော်ပြချက်များ

တရုတ်မီဒီယာများ ဖြစ်ကြသော Global Times၊ People’s Daily၊ ပေါက်ဖော်မီဒီယာ နှင့် ဆင်ဟွာသတင်းဌာနတို့တွင် စီးပွားရေး၊ လူမှုရေးရာ ကိစ္စများအတွက် နှစ်နိုင်ငံ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် သက်ဆိုင်သော သတင်းအကြောင်းအရာများ အများဆုံးဖော်ပြထားသည်ကို တွေ့ရသည်။

‘လာမည့် ၂၀၂၀ ရွေးကောက်ပွဲသည် NLDအစိုးရ၏ စီးပွားရေး မူဝါဒများနှင့် အုပ်ချုပ်မှုစွမ်းရည်ကို အဖြူအမည်း သဲကွဲစေမည့် စစ်ဆေးချက် ဖြစ်လိမ့်မည်’ ဆိုသော ဆောင်းပါးတပုဒ်ကို တရုတ်နိုင်ငံပိုင် The Global Times မီဒီယာက ဖော်ပြခဲ့သည်။ အဆိုပါဆောင်းပါးကို ရေးသားသူ ပီရှိဟုန်သည် ယူနန်တက္ကသိုလ်ရှိ တရုတ်အိမ်နီးချင်းနိုင်ငံများ သံတမန်ရေးရာ လေ့လာရေးဌာန၏ ပါမောက္ခတဦး ဖြစ်သည်။ ဆောင်းပါးတွင် NLD ဦးဆောင်သော လက်ရှိအာဏာရအစိုးရ၏ ငါးနှစ်တာ လုပ်ဆောင်ချက်များကို နိုင်ငံရေး၊ စီးပွားရေးနှင့် သံတမန်ရေးရာ ခွဲခြား သုံးသပ်ပြထားပြီး အဆိုပါ စွမ်းဆောင်ချက်များကြောင့် လာမည့် ရွေးကောက်ပွဲသည် NLDအတွက် အလွန်အရေးကြီးကြောင်း သုံးသပ်ပြထားသည်။

တရုတ်- မြန်မာ နယ်စပ်ဖြစ်သော ယူနန်ပြည်နယ်တွင် တရုတ်ရဲများက ဘိန်းဖြူ ၁၇ ဒသမ ၅ ကီလိုဂရမ်နှင့်အတူ မူးယစ်ဆေး တရားမဝင် ရောင်းဝယ်သူ သံသယတရားခံ ၁၄ ယောက်ကို အောက်တိုဘာ ၂၂ ရက်က ဖမ်းဆီးခဲ့သည်။ တရုတ်နိုင်ငံသည် တရုတ်-မြန်မာ နယ်စပ်တလျောက်နှင့် ရွှေတြိဂံဒေသတို့တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အတွက် ဦးဆောင်ကြိုးပမ်းနေကြောင်း တရုတ်နိုင်ငံပိုင် People’s Daily သတင်းတွင်ဖော်ပြခဲ့သည်။

အာဆီယံ ဒေသတွင်းဝန်ကြီးများနှင့် ကမ္ဘာကုလသမဂ္ဂတို့ တွေ့ဆုံဆွေးနွေးသော နှစ်ပတ်လည်အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အရှေ့တောင်အာရှ ဒေသတွင်းရှိ နိုင်ငံများအကြား ပထဝီနိုင်ငံရေး အားပြိုင်မှုများ တင်းမာလာခြင်းအပေါ် ပူပန်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ တောင်တရုတ် ပင်လယ်အရေး အပါအဝင် ဒေသတွင်း ပဋိပက္ခများကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ လိုအပ်ကြောင်းအပြင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးကို အဖြေရှာရန်လည်း ပြောကြားခဲ့ကြောင်း People’s Daily သတင်းစာတွင် ဖော်ပြခဲ့သည်။

မြန်မာ့သစ်သီးဝလံများကို အလီဘာဘာမှတဆင့် တရုတ်နိုင်ငံ၏ အွန်လိုင်းဈေးကွက်တွင် ရောင်းချရန် စီစဉ်နေကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။ ထိုသို့ ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း (MFVP)တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးကို အဓိက အားထားလျက်ရှိရာ ကိုဗစ်ကပ်ရောဂါ ကာလဖြစ်သောကြောင့် အခက်အခဲများ ရှိနေသည်။ အွန်လိုင်းဈေးကွက်မှ ရောင်းချနိုင်ခြင်းဖြင့် ထိုအခက်အခဲများကို ကျော်လွှားနိုင်သော်လည်း ပိုးမွှားရောဂါစစ်ဆေးထိန်းချုပ်မှု၊ ငွေပေးချေမှုဆိုင်ရာကိစ္စများ၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ခွင့်နှင့် ဘာသာစကားဆိုင်ရာ စိန်ခေါ်မှုများ ဆက်လက်ရှိနေဦးမည် ဖြစ်သည်။

တရုတ်-မြန်မာနှစ်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါအား အတူတကွ ကြိုးပမ်းတားဆီးသွားကြမည်ဟူသော သတင်းတပုဒ်ကို ပေါက်ဖော်မီဒီယာက ဖော်ပြခဲ့သည်။ မကြာသေးမီ ရက်ပိုင်းအတွင်း တရုတ်သံရုံး တာဝန်ရှိသူနှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ကပ်ရောဂါ ပူးပေါင်းတိုက်ဖျက်ရေးအတွက် တယ်လီကွန်ဖရင့်မှတဆင့် ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးမှုများတွင် နှစ်နိုင်ငံ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို ထိရောက်စွာ ထိန်းချုပ်ရေး၊ လေကြောင်းခရီးစဉ်မှတဆင့် နှစ်နိုင်ငံလုံး၏ နိုင်ငံတွင်း ဝင်ရောက်လာသူများကို ကျန်းမာရေး စစ်ဆေးနိုင်ရေး၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်ပေါ် မူတည်၍ တရုတ်နိုင်ငံက ကူညီပံ့ပိုးနိုင်ရေးများ ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။

အခြား

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်ချက်နှင့် တင်းကျပ်မှုများ ရှိနေသော်လည်း နယ်စပ်ဒေသများမှတဆင့် တရားမဝင် ဝင်ရောက်မှုများလည်း ရှိနေသည်ကို တွေ့ရပါသည်။  ယခုတပတ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း တာချီလိတ်မြို့နှင့် မွန်-ကရင်နယ်စပ် ဒုံသမိတံတားတို့တွင် တရုတ်နိုင်ငံသား ၂၁ ဦးကို ဖမ်းမိခဲ့ပါသည်။ ထူးခြားချက်အနေဖြင့် တရုတ်နိုင်ငံသား တရားမဝင် ဝင်ရောက်မှုများမှာ တရုတ်-မြန်မာနယ်စပ်မှ ဝင်ရောက်ခြင်းမဟုတ်ပဲ ထိုင်း-မြန်မာနယ်စပ်မှ ဝင်ရောက်ခဲ့သည်မှာ သတိပြုဖွယ် ဖြစ်ပါသည်။ ဇူလိုင်လအတွင်း တရားမဝင် ဝင်ရောက်လာသဖြင့် မူဆယ်၌ ဖမ်းဆီးခံခဲ့ရသော တရုတ်နိုင်ငံသား ၂၁ ဦးကို ပြစ်ဒဏ်ကျခံပြီး၍ မူဆယ်တွင် တရုတ်နိုင်ငံသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း The Daily Eleven သတင်းစာက ဖော်ပြထားသည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။