ISP China Desk
မိုဘိုင်းလ်ပိုက်ဆံနှင့် မမြင်နိုင်သော နှောင်ကြိုး

အယ်ဒီတာမှတ်ချက်

ISP China Desk အနေဖြင့် မြန်မာ-တရုတ် ဆက်ဆံရေးနှင့် ပတ်သက်၍ ရှုထောင့်စုံ အမြင်များ ထုတ်ဖော်ခွင့်ရရေး၊ ထိုအမြင်များပေါ် အခြေခံ၍ ဆီလျော် ထိရောက်မည့် မူဝါဒများ ပေါ်ထွန်းရေးကို အားပေးပါသည်။ သို့ဖြစ်၍ ပြင်ပ သုတေသီများ၊ လှုပ်ရှား ဆောင်ရွက်နေသူများကို ဖိတ်ခေါ်၍ သဘောထားအမြင် ဆောင်းပါးများ ရေးသားရန်တောင်းခံပါသည်။ မတူကွဲပြားသည့် အမြင်များကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း စဉ်းစား၍ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးအတွက် အပြုသဘောဆောင်သော မူဝါဒများ ချမှတ်နိုင်စေရေး ရည်သန်ပါသည်။ ယခုဆောင်းပါးပါ အမြင်သဘောထားများမှာ ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။

 

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကစလို့ မိုဘိုင်းလ်ပိုက်ဆံနဲ့ မိုဘိုင်းလ်ပိုက်ဆံအိတ်တွေ ခေတ်စားလာခဲ့ပါ တယ်။ မိုဘိုင်းလ်ဖုန်းတွေ လူတိုင်းလိုလိုကိုင်လာတာနဲ့ အမျှ မိုဘိုင်းလ်ဖုန်းထဲမှာပါတဲ့ လူမှုကွန်ယက်နဲ့ အခြားသော အပလီကေးရှင်းတွေလည်း ပိုအသုံးများလာကြပါတယ်။ ဒီအပလီကေးရှင်းတွေထဲမှာမှ ငွေပေးချေမှု အပလီကေးရှင်းတွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်အတွင်းမှာ ပိုအသုံးတွင်ကျယ်လာပါတယ်။ အခု ကိုဗစ်-၁၉ ဖြစ်ချိန်မှာတော့  အခြေအနေ အရပ်ရပ်ရဲ့ တွန်းအားတွေကြောင့် အသုံးပြုသူနဲ့ အသုံးပြုနှုန်း တရှိန်ထိုးတက်လာတာကို တွေ့မြင်ရပါတယ်။

ဒီလိုတိုးတက်လာရာမှာ  မိုဘိုင်းလ်ဘဏ်နဲ့ မိုဘိုင်းလ်ပိုက်ဆံအိတ်ဆိုပြီး အကြမ်းဖျင်းအားဖြင့် နှစ်မျိုး ရှိပါတယ်။ မိုဘိုင်းလ်ဘဏ် (Mobile Banking) အပလီကေးရှင်းတွေဟာ သာမန် ဘဏ်လုပ်ငန်းတွေကို ဖုန်းကတဆင့် အလုပ်လုပ်လို့ရအောင် ဖန်တီးပေးထားတဲ့ အပလီကေးရှင်း (App) ဖြစ်ပါတယ်။ ဒါက သက်ဆိုင်ရာ ဘဏ်အတွက် သီးသန့် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မတူတဲ့ ဘဏ်တွေကြားမှာ အပြန်အလှန်လွှဲလို့ မရတဲ့ ပြဿနာရှိတာကြောင့် မိုဘိုင်းလ်ပိုက်ဆံတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံး ပြုလာဖို့ အဟန့်အတားတခု ဖြစ်စေပါတယ်။ မိုဘိုင်းလ်ပိုက်ဆံအိတ်ကတော့ မိုဘိုင်းလ်ဘဏ်နဲ့ လုပ်ဆောင် ချက်အများစု တူညီပြီး လက်လီငွေရှင်းတာ၊ ငွေလွှဲတာတွေကို ပိုပြီးမြန်ဆန်လွယ်ကူအောင် လုပ်လို့ရတဲ့ အပလီကေးရှင်းတွေဖြစ်ပါတယ်။

မိုဘိုင်းလ်ပိုက်ဆံအိတ်ရဲ့ အဓိက အနှစ်သာရက ပိုက်ဆံအိတ် ဆိုတဲ့ အတိုင်း ဘဏ်ကဒ်အမျိုးမျိုး၊ ဘဏ်အကောင့်များစွာနဲ့ သုံးလို့ရတာ ဖြစ်ပါတယ်။ တခါ ဘဏ်ကဒ်၊ ဒါမှမဟုတ် ဘဏ်ငွေစာရင်း မရှိရင်လည်း သူများက လွှဲပေးလို့ရတာကြောင့်  ငွေလက်ကျန်တွေ စု ထားတဲ့ နေရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်အားလုံး နီးနီးကလည်း ကိုယ်ပိုင် မိုဘိုင်းလ်ဘဏ် (သို့မဟုတ်) မိုဘိုင်းလ်ပိုက်ဆံအိတ် အပလီကေးရှင်းတွေကို အပြိုင်အဆိုင် ထုတ်လာကြပါတယ်။ ၂၀၂၀ အောက်တိုဘာလ အထိ ဘဏ်များမှ ထုတ်လုပ်ထားတဲ့ မိုဘိုင်းလ်ဘဏ်နှင့် မိုဘိုင်းလ်ပိုက်ဆံအိတ် အပလီကေးရှင်းပေါင်း ၁၆ ခု ထိရှိနေပြီး ဗဟိုဘဏ်မှ မိုဘိုင်းလ်ငွေရေးကြေးရေး ဝန်ဆောင်မှု ပြုလုပ်ခွင့်ရရှိထားတဲ့ အခြားအဖွဲ့အစည်းများမှ ထုတ်လုပ်ထားတဲ့ အပလီကေးရှင်းပေါင်း ငါးခု ထိရှိနေပါပြီ။ ဘဏ်မဟုတ်တဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းလုပ်ကိုင်ခွင့်ကို လက်ရှိမှာ လုပ်ငန်းပေါင်း ၂၇ ခုက ရရှိထားပြီး ထိုလုပ်ငန်းများမှ ချေးငွေလုပ်ငန်းတွေနဲ့ အခြားသော ငွေကြေးဆိုင်ရာ အပလီကေးရှင်းများ ဆက်လက်ထွက်ရှိလာနိုင်ပါတယ်။ လက်ရှိ ၂၀၂၀ ပြည့်နှစ် မိုဘိုင်းငွေပေးချေမှု ဈေးကွက်မှာ Wave Money က သုံးစွဲသူပေါင်း ၂၂ သန်းနဲ့  KBZ Pay က သုံးစွဲသူပေါင်း ၄ ဒသမ ၅ သန်း ရရှိထားပြီး ဈေးကွက်ကို ဦးဆောင်နေပါတယ်။ ဒီဆောင်းပါးမှာ မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ်ငွေကြေး ပေးချေမှု ကဏ္ဍမှာ တရုတ်နည်းပညာကုမ္ပဏီတွေက ဘယ်လို ပါဝင်ပတ်သက်နေသလဲ၊ ဘယ်လို အကျိုးအပြစ်တွေရှိနိုင်သလဲ ဆိုတာတွေကို လေ့လာသုံးသပ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ မိုဘိုင်းလ်ပိုက်ဆံအိတ် ဈေးကွက်နဲ့ တရုတ်ရဲ့ ခြေလှမ်း

KBZ Pay ကတော့ ကမ္ဘောဇဘဏ်ကနေ ထုတ်ထားဖြစ်ပြီး နည်းပညာပိုင်းကို တရုတ်ကုမ္ပဏီ ဖြစ်တဲ့ Huawei Technologies ကနေ ယူထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်နေတဲ့ Wave Money ကိုတော့ Yoma Bank Group, Telenor နဲ့ First Myanmar Investment တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။  နှစ်နှစ်တာကာလအတွင်း အတော်ခရီးပေါက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ အမြတ်အစွန်းစရခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ သုံးစွဲသူပေါင်း ၂၂ သန်း ကျော် (မြန်မာ နိုင်ငံမှာ အရွယ်ရောက်ပြီး လူဦးရေ၏ ၄၉ ရာခိုင်နှုန်း) အထိရှိလာခဲ့ပါပြီ။ First Myanmar Investment ရဲ့ ရှယ်ယာပိုင်ဆိုင်မှု ၁၀ ရာခိုင်နှုန်းကို Yoma Strategic က ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ဝယ်ယူခဲ့ပြီး၊ ၂၀၂၀ ဇွန်လမှာ Telenor က ပိုင်ဆိုင်တဲ့ ၃၄ ဒသမ ၂ ရာခိုင်နှုန်းသော ရှယ်ယာတွေကို အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၅သန်း နဲ့ Yoma ကို ပြန်လည် ရောင်းချခဲ့ပါတယ်။ တရုတ်နိုင်ငံက အွန်လိုင်းဈေးကွက် နဲ့ မိုဘိုင်းငွေပေးချေမှုမှာ ဆရာတဆူဖြစ်တဲ့ Ant Group (Alibaba)  ရဲ့ Ant Financial က (အမေရိကန် ဒေါ်လာ ၇၃ ဒသမ ၅သန်း) ရင်းနှီးမြှုပ်နှံမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ Ant Financial အနေနဲ့ နည်းပညာပိုင်း၊ သုံးစွဲသူတွေအတွက် ပိုကောင်းတဲ့ အတွေ့အကြုံနဲ့ ဝန်ဆောင်မှုတွေ ကူညီသွားမယ်လို့ ပြော ထားပါတယ်။ ငွေပေးချေမှု ဝန်ဆောင်မှုအပြင် ငွေချေးလုပ်ငန်းတွေကိုလည်း Ant Financial ရဲ့ နည်းပညာကိုသုံးပြီး ဝန်ဆောင်မှုပေးသွားမယ်လို့ Yoma Group က ပြောထားပါတယ်။  ဒါ့အပြင် Alibaba အနေနဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအွန်လိုင်းဈေးပလက်ဖောင်း တခုဖြစ်တဲ့ Shop.com.mm ကိုလည်း ထိုင်းကုမ္ပဏီလက်အောက်ကနေ ဝယ်ထားပါသေးတယ်။ ဒါကို ကြည့်ရင်တော့ တရုတ်ပြည်မှာလိုဘဲ အွန်လိုင်းဈေးကို အခြေပြုပြီး သူ့ရဲ့ ငွေပေးချေမှု ဝန်ဆောင်မှုနဲ့ အခြားသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ဆက်ချဲ့မယ်လို့ မျှော်မှန်းလို့ရပါတယ်။ အွန်လိုင်းဈေးမှာ အရောင်းအဝယ်လုပ်တာတွေ တွင်ကျယ်လာလေ Alibaba ရဲ့ လွှမ်းမိုးမှုက ပိုများလေ ဖြစ်လာမှာပါ။

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော မိုဘိုင်းလ်ပိုက်ဆံ အပလီကေးရှင်းများ

သတိထားရမည့် နည်းပညာရဲ့ နှောင်ကြိုးအန္တရာယ်

ကမ္ဘာတဝှမ်းက နည်းပညာ ကဏ္ဍကို ထောက်ပြတဲ့သူတွေ အသိုင်းအဝိုင်းမှာ လက်ရှိ ခေတ်အစားဆုံး ခေါင်းစဉ်ကတော့ နည်းပညာပစ္စည်းတွေနဲ့ အပလီကေးရှင်းတွေကနေ စုဆောင်းရရှိနေတဲ့ သတင်း အချက်အလက်ကို စီးပွားရေး၊ နိုင်ငံရေးနဲ့ အခြားသော အမြတ်ထုတ်မှုတွေကနေ ဘယ်လို ကာကွယ်မလဲ ဆိုတာပါဘဲ။ သာမန်အားဖြင့်ကြည့်ရင်တော့ လူတယောက်ဈေးဝယ်တဲ့ ပစ္စည်းစာရင်း ပြေစာမှတ်တမ်း ကို ဘာလို့ရေးကြီးခွင်ကျယ် ဆွေးနွေးနေရမှာလဲ၊ ကုမ္ပဏီတွေ၊ အစိုးရတွေက ဒီပြေစာ မှတ်တမ်း လေးတွေနဲ့ ဘာလုပ်ကြမှာလဲလို့ လွယ်လွယ်တွေးပြီး အရေးမကြီးဘူးလို့ ထင်တတ်ကြပါတယ်။ ဒီပစ္စည်းစာရင်းမှတ်တမ်းတွေကို တလစာ၊ တနှစ်စာစု လိုက်ရင်၊ ဒီလူရဲ့ ဈေးဝယ်တဲ့အကျင့်တွေ၊ ဒီလူရဲ့ အိမ်လိပ်စာ၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ ဘဏ်စာရင်းနံပါတ်၊ ဒီလူနဲ့ အဆက်အသွယ် အများဆုံး လုပ်တဲ့သူတွေရဲ့ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ဘယ်အချိန် ဘယ်နေရာမှာ ရှိနေတတ်တယ်ဆိုတဲ့ မိနစ်၊ စက္ကန့်မလွဲ မှတ်သားထားတဲ့ မှတ်တမ်းသတင်းအချက်အလက်ကို ကြည့်ပြီး ဒီလူရဲ့ အကျင့်၊ အတွေးနဲ့ ခြေလှမ်းတွေကို ဒီလူကိုယ်တိုင်ထက် ပိုပြီး သိလို့ရပါပြီ။ ဒီလိုသတင်းအချက်အလက်တွေကို သုံးပြီး ကုမ္ပဏီတွေရောင်းချင်တဲ့ ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ဘယ်လိုဆွဲဆောင်မှုမျိုးနဲ့ အစွံထုတ် မလဲဆိုတာတွေ လုပ်လို့ရလာပါပြီ။ ဝယ်ယူစားသုံးသူတွေအနေနဲ့တော့ ကိုယ်ဝယ်ချင်လို့ ဝယ်တာဆိုပြီး စိတ်ထဲမှာ ထင်နေပေမဲ့ နောက်ကွယ်က ကိုယ့်ရဲ့ သတင်းအချက်အလက်တွေကို သုံးပြီး ကိုယ့်ကို ကြိုးဆွဲ မှုတွေ ရှိလာပါမယ်။ အကယ်၍သာ မသမာသူရဲ့ လက်ထဲကို ဒီသတင်းအချက်အလက်တွေသာ ရောက်သွားမယ်ဆိုရင် ဒီလူကို အန္တရာယ်ဖြစ်အောင် ထောင်ချောက်ဆင်ဖို့က လက်တကမ်းအလို အလွယ်လေးဖြစ်သွားမှာပါ။ ဒါက လူတယောက်တည်းကို ကြည့်ရင်တောင် အန္တရာယ်တွေများလှတဲ့ ဒီဂျစ်တယ်နှောင်ကြိုးတွေပါ။ တနိုင်ငံလုံးက လူတွေရဲ့ သတင်းအချက်အလက်တွေကို နေ့စဉ်မှန်မှန် စုစည်းလိုက်ရင် တနိုင်ငံလုံးကို လိုသလိုဆွဲလို့၊ ချည်လို့ရတဲ့ ကြိုးကွင်းဖြစ်သွားပါပြီ။

ဒါကြောင့် ဒီလိုအရေးကြီးပြီး များပြားလှတဲ အချက်အလက်တွေကို ရယူ အသုံးပြုနိုင်ခြင်းဟာ  ကုမ္ပဏီတွေ၊ နိုင်ငံတွေကို  စီးပွာရေးအရ၊ ပထဝီနိုင်ငံရေးအရ ယှဉ်ပြိုင်မှုတွေမှာ အသားစီး ရလာစေ နိုင်ပါတယ်။  ဒါကြောင့် လက်ဦးမှု ယူတဲ့ ဥပဒေ အကာအကွယ်တွေ လုပ်မထားနိုင်ရင် ဒီနည်း ပညာတွေကို သုံးစွဲသူတွေ နိုင်ငံတွေအနေနဲ့က မသုံးလို့လဲမရ၊ သုံးရင်လည်း ဒေတာစီမံသူတွေရဲ့ စက် ကွင်းထဲမှာ ပိတ်မိပြီး ပိုပြီးရုန်းထွက်လို့မရ ဆိုတာလို ဘေးကျပ်နံကျပ် အနေအထားတွေ ဖြစ်လာပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက် ကာကွယ်ထိန်းသိမ်းနိုင်မှု အခြေအနေ 

ဒီလောက်ဆိုရင် သတင်းအချက်အလက်တွေ ဘယ်လောက်အထိ အရေးပါလဲဆိုတာ မြင်သာပါပြီ။ ဒီနေရာမှာ မေးစရာရှိတာက သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်မှန်သမျှကို ဘယ်သူက စီမံနေလဲ၊ ဘယ်သူက သိရှိအသုံးပြုနိုင်သလဲ၊ ဒီသတင်းအချက်အလက်တွေကို ဘယ်နေရာမှာ သိမ်းဆည်း သို လှောင် စီမံနေလဲ ဆိုတာပါ။ လက်ရှိ မြန်မာနိုင်ငံ ငွေပေးချေမှု ဝန်ဆောင်မှုတွေရဲ့ သတင်းအချက်အလက် သိမ်းဆည်းအသုံးပြုမှုနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရင် ကုမ္ပဏီတွေဘက်က ဖော်ပြချက်တွေရော၊ အစိုးရရဲ့ မူဝါဒနဲ့ ဥပဒေပိုင်းမှာပါ အတော်လေး ဝေဝါးနေပါသေးတယ်။

KBZ Pay အနေနဲ့ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး ၎င်းတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဘာမှ ဖော်ပြထားတာမရှိပါဘူး။ KBZ Pay ရဲ့ နည်းပညာပါတနာ ဖြစ်တဲ့ Huawei ရဲ့ နိုင်ငံတကာ သတင်း အချက်အလက်ဆိုင်ရာ သိုမှီးသိမ်းဆည်းတဲ့ အခြေခံအဆောက်အဦ တည်ရှိတဲ့နေရာ (infrastructure for cloud services) တွေအဖြစ် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ စင်ကာပူ အပါအဝင် နိုင်ငံပေါင်း ခြောက်ခုရဲ့ မြို့ ခြောက်မြို့မှာ ထားရှိတယ်လို့ သူတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ သူတို့ရဲ့ ဝန် ဆောင်မှုကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းများစွာမှာ ရရှိနိုင်ပြီလို့ပြောထားပါတယ်။ တရုတ်ပြည် ပထဝီနယ်နိမိတ်အတွင်းမှာ တည်ရှိပြီး Huawei ရဲ့ ဝန်ဆောင်မှုတွေကိုသုံးတဲ့ လုပ်ငန်းတွေနဲ့ သုံးစွဲသူတွေ (နိုင်ငံခြားကုမ္ပဏီများ အပါအဝင်)ဟာ တရုတ်ပြည်မကြီးရဲ့ ဥပဒေတွေကို လိုက်နာရမယ်လို့ ဖော်ပြ ထား ပြီး နိုင်ငံတကာမှာရှိတဲ့ ဝန်ဆောင်မှုတွေအတွက်တော့ ဥပဒေပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဘာမှ ဖော်ပြ မထားပါဘူး။

တရုတ်ပြည်မကြီးမှာ သတင်းအချက်အလက်လုပ်ငန်းတွေရဲ့ ဝန်ထမ်းတွေကနေ သုံးစွဲသူတွေရဲ့ ဒေတာ တွေကို တရားမဝင်ခိုးယူပြီး ပြန်ရောင်းစားတာ၊ သတင်းအချက်အလက်အစုတွေကို အပေါင်ခံ ပစ္စည်းအဖြစ် သုံးလာတာတွေကြောင့် တရုတ်အစိုးရ ကိုယ်တိုင်က ဒေတာတွေနဲ့ ပတ်သက်ပြီး အထူးကော်မတီတွေ ဖွဲ့စည်းပြီး ပေါ်လစီကြမ်းတွေ ရေးဆွဲလာတာတွေ ရှိနေ ပါတယ်။

Huawei အနေနဲ့ ၎င်းတို့ ကုမ္ပဏီဟာ နိုင်ငံရေးကိစ္စတွေ ကင်းရှင်းပါတယ်လို့ သူ့ရဲ့ ဝက်ဆိုဒ်မှာ အထူး တလည်ဖော်ပြထားပေမဲ့ လက်ရှိမှာ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံဆက်ဆံရေးကြားမှာ ညှပ်နေတာ၊ စင်ကာပူ၊ ဩစတေးလျ နိုင်ငံတွေရဲ့ 5G networks လုပ်ငန်းတွေမှာ လုပ်ခွင့် မရတာကတော့ ငြင်းလို့ မရတဲ့ လက်ရှိ အနေအထားဖြစ်နေပါတယ်။ ဒါ့အပြင် တရုတ်ပြည်မကြီးမှာ သတင်းအချက်အလက်လုပ်ငန်းတွေရဲ့ ဝန်ထမ်းတွေကနေ သုံးစွဲသူတွေရဲ့ ဒေတာ တွေကို တရားမဝင်ခိုးယူပြီး ပြန်ရောင်းစားတာ၊ သတင်းအချက်အလက်အစုတွေကို အပေါင်ခံ ပစ္စည်းအဖြစ် သုံးလာတာတွေကြောင့် တရုတ်အစိုးရ ကိုယ်တိုင်က ဒေတာတွေနဲ့ ပတ်သက်ပြီး အထူးကော်မတီတွေ ဖွဲ့စည်းပြီး ပေါ်လစီကြမ်းတွေ ရေးဆွဲလာတာတွေ ရှိနေပါတယ်။

အလားတူပဲ  Alibaba ကတော့ Huawei ထက် စာရင် တရုတ်အစိုးရနဲ့ ပိုရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာပါ။ ဒါကြောင့် ဒီလိုအရေးကြီးတဲ့ ငွေကြေးဝန်ဆောင်မှုကို လာရောက်ရင်းနှီးမြှုပ်နှံခြင်းဟာ Alibaba က   Wave Money ရဲ့ လုပ်ငန်းတွေကို ဘယ်လောက်ထိ ဝင်ရောက်စီမံခွင့်ရှိသလဲ၊ သုံးစွဲသူ သတင်း အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုစီမံမလဲ၊ နည်းပညာပိုင်းအရ ဘယ် လောက်အထိ လွှဲပြောင်း သင်ကြားပေးမှုရှိမလဲ ဆိုတာဟာ လွှတ်တော်တွင်းမှာရော လူ အဖွဲ့အစည်း မှာရော ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ လိုအပ်တဲ့မေးခွန်းတွေပါ။

လက်ရှိမြန်မာနိုင်ငံမှာ အင်တာနက်နဲ့ အပလီကေးရှင်းသုံးစွဲသူတွေရဲ့ ဒေတာလုံခြုံရေး၊ ကာကွယ်ရေး နဲ့ ပတ်သက်တဲ့ သီးသန့် ဥပဒေ မရှိသေးပါဘူး။ ဒေတာ လုံခြုံရေးကို စိစစ်ပေးနိုင်တဲ့ အစိုးရအဖွဲ့အစည်းလည်း မရှိသေးပါဘူး။  နိုင်ငံတော် အခြေခံဥပဒေ နဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးသော ဥပဒေ ၂၀၁၇ (The Law Protecting the Privacy and Security of Citizens (Union Parliament Law 5/2017))  ကနေတော့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နဲ့ လုံခြုံမှုကို ကာကွယ်ပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ညွှန်ကြားထားပြီး ဆက်သွယ်ရေးအော်ပရေတာတွေကနေ ဖုန်းခိုးနားထောင်တာမျိုးတွေ၊ စာပို့တာ၊ ပစ္စည်းပို့တဲ့အခါတွေမှာ ကြားကနေဖောက်တာမျိုးတွေ၊ နေအိမ်ကို ဝင်ရောက်ရှာဖွေတာမျိုးကနေ ကာကွယ်ပေးဖို့ ပါဝင်ပါတယ်။ အင်တာနက်လူမှုကွန်ယက်နဲ့ မိုဘိုင်းငွေပေးချေမှု စတဲ့ အပလီကေးရှင်း ကနေ ပုဂ္ဂိုလ်ရေးနဲ့ လုပ်ဆောင်ချက်မှတ်တမ်းတွေကို စုဆောင်းတာကနေ ရလာတဲ့  သတင်းအချက်အလက်တွေ အကြောင်းကိုတော့ ဥပဒေမှာ မဖော်ပြထားသေးပါဘူး။ အစိုးရအဖွဲ့အစည်းအတွင်းမှာလည်း သုံးစွဲသူတွေရဲ့ ဒေတာလုံခြုံရေး ကိုတော့ လက်ရှိမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေတုန်းဘဲ ဖြစ်ပါတယ်။   ဒီအင်တာနက်နဲ့ မိုဘိုင်းဆိုင်ရာ ဒေတာလုံခြုံရေး နဲ့ အကာအကွယ်ပေးရေး ဆိုင်ရာ ဥပဒေ အမြန်ဆုံးပေါ်ထွက်လာဖို့ အရေးကြီးနေပါပြီ။

ကမ္ဘာ့သတင်းအချက်အလက်ဇာတ်ခုံမှာ နိုင်ငံအများက စံအဖြစ်သတ်မှတ်ရတဲ့ ဥရောပသမဂ္ဂက ကျင့်သုံးတဲ့ ယေဘုယျ ဒေတာကာကွယ်ထိန်းသိမ်းရေး စည်းမျဉ်း (General Data Protection Regulation) ဟာ ၂၀၁၈ မေမှာ စတင် အသက်ဝင်လာပြီး သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်အစုံကို ဘယ်လိုကာကွယ်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး လမ်းညွှန်ထားတာတွေရှိပါတယ်။ ဒီလမ်းညွှန်ချက် အသက်ဝင်လာတဲ့ နောက်ပိုင်းမှာ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်နဲ့ အသုံးပြုမှုမှတ်တမ်းတွေကို စုစည်းတဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ဒေတာတွေကို သိမ်းဆည်းပေးတဲ့ လုပ်ငန်းတွေ (Cloud services and Colocation providers)ရဲ့ လုံခြုံရေးကို ပိုစိတ်ဝင်စားလာတယ်၊ ဒီလုပ်ငန်းတွေရဲ့ စစ်ဆေးရေးလုပ်ငန်းစဉ်တွေကို ပိုစိတ်ဝင်စားလာတယ်၊ ဒေတာစင်တာ ဘယ်နေရာ မှာ ထားရှိတယ်ဆိုတာတွေကို သိရှိအောင် လုပ်လာကြပါတယ်။

ထပ်ပြီးတော့ ဒေတာသိုလှောင်သိမ်းဆည်းမှုနဲ့ ပတ်သက်ပြီးပြောရရင် မြန်မာနိုင်ငံက သုံးစွဲသူတွေရဲ့ သတင်း အချက်အလက်တွေကို မြန်မာနိုင်ငံထဲမှာ သိမ်းဆည်းထားတာဟာ နိုင်ငံရဲ့ လုံခြုံရေးနဲ့ သုံးစွဲသူတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ သုံးစွဲသူတွေ အနေနဲ့ သူတို့ရဲ့ သတင်းအချက်အလက်ကို တနည်းနည်းနဲ့ ချိုးဖောက်ခံရတယ်လို့ ထင်မြင်တဲ့အခါမျိုး၊ တကယ် ဖြစ်ပျက်သွားတဲ့အခါမျိုးမှာဆိုရင် မြန်မာနိုင်ငံရဲ့ ဥပဒေကြောင်းအရ တောင်းဆိုပိုင်ခွင့်၊ ညှိနှိုင်းပိုင်ခွင့် ၊ တရားစွဲ ပိုင်ခွင့် ရှိသလို၊ လက်ရှိဥပဒေတွေရဲ့ အကာအကွယ်က မလုံလောက်သေးရင် ဥပဒေသစ်တွေကို ပြဋ္ဌာန်းဖို့ ဥပဒေပြုရေး လွှတ်တော်အမတ်တွေကို ရွေးချယ်တင်မြှောက်ပိုင်ခွင့် စတဲ့ အခွင့်အရေးတွေ ရှိပါတယ်။ တိုင်းတပါးမှာ သိုလှောင်သိမ်းဆည်းထားတဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေရဲ့ သတင်း အချက် အလက်ဒေတာတွေကို ပြန်လည်အသုံးချမှုအပေါ်မှာတော့ နိုင်ငံတွင်းမှာလို ကန့်သတ်တောင်းဆိုညှိနှိုင်းဖို့ တော်တော်လေး ခက်ခဲသွားပါပြီ။ နိုင်ငံတနိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေရဲ့ ငွေကြေးနဲ့ သုံးစွဲနေထိုင်မှု ပုံစံတွေကို တခြားနိုင်ငံမှာ သွားပြီး သိမ်းထားတယ်ဆိုတာဟာ နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ဖိတ်ခေါ်သလိုဖြစ်တာကြောင့် ပထဝီနိုင်ငံရေး နဲ့ သံတမန် ဆက်ဆံရေး အပိုင်းမှာပါ ရေရှည်မှာ ပျော့ကွက် တခု ဖြစ်လာနိုင်ပါတယ်။

ရေနံဟာ စက်မှုခေတ်စီးပွားရေးရဲ့ အဓိက သော့ချက်ဆိုရင် သတင်းအချက်လက်တွေက ဒီဂျီတယ်ခေတ်စီးပွားရေးရဲ့ မဟာဗျူဟာ အကျဆုံးသော ရင်းမြစ်ဖြစ်တယ်

တရုတ်ရဲ့ ဒီဂျစ်တယ် ကြွေးကြော်သံနဲ့ မြန်မာနိုင်ငံ 

သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ နိုင်ငံတော်သတင်းအချက်အလက်စင်တာ (National Information Center) ရဲ့ ကျွမ်းကျင်သူများက “ရေနံဟာ စက်မှုခေတ်စီးပွားရေးရဲ့ အဓိက သော့ချက်ဆိုရင် သတင်းအချက်လက်တွေက ဒီဂျီတယ်ခေတ်စီးပွားရေးရဲ့ မဟာဗျူဟာ အကျဆုံးသော ရင်းမြစ်ဖြစ်တယ်” လို့ တင်စားထားပါတယ်။ တရုတ်နိုင်ငံကလည်း သူ့ပြည်တွင်းမှာ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက် ဒေတာကို အသုံးပြုမှုနဲ့ ပတ်သက်ပြီး ကော်မတီတွေဖွဲ့စည်းပြီး ကမ္ဘာ့နည်းပညာ ပြိုင်ပွဲမှာ ပြည်တွင်းသာမက ပြည်ပက ဒေတာအချက်အလက်တွေကို အသုံးပြုပြီး ချိန်ခွင် တဖက် စောင်းနေတဲ့ အားသာချက်တွေရရှိအောင် လုပ်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။

တရုတ်ကုမ္ပဏီတွေဟာလည်း မြန်မာနိုင်ငံရဲ့ အလားအလာရှိတဲ့  မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတွေမှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ငွေပေးချေမှု လုပ်ငန်းတွေ ဖြစ်တဲ့ Wave Money နဲ့ KBZ Pay မှာ တရုတ်ကုမ္ပဏီတွေ ဝင်ရောက်ရင်းနှီးမြှုပ်နှံနေပါပြီ။ ဒီရင်းနှီးမြုပ်နှံမှုတွေဟာ တရုတ်မိခင် ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ မိခင်နိုင်ငံတွေကို မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သုံးစွဲမှုပုံစံတွေ နဲ့ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို  ဘယ်လိုလက်လှမ်းမီစေမလဲ၊ ဘယ်လောက်ထိ သက်ရောက်မှု ရှိနိုင်တယ်ဆိုတာကိုလည်း ပိုပြီး ရှင်းရှင်းလင်းလင်း သိရဖို့ အရေးကြီးလာပါပြီ။ ဒါ့အပြင် တဆက်တည်း စီးပွားရေးအရ မတရား အမြတ်ထုတ်မှု၊ စီးပွားရေးကဏ္ဍကို ကျော်လွန်ပြီး ပထဝီနိုင်ငံရေးအရ အမြတ် ထုတ်မှုတွေကို လျှော့ချနိုင်အောင်လို့ အခုတည်းက သတင်းအချက်အလက်တွေကို အကာအကွယ်ပေးနိုင်မဲ့ အစီအစဉ်တွေကို ကြိုတင်စဉ်းစားထားပြီး ဥပဒေရေးရာပိုင်းဆိုင်ရာ၊ အသိပညာပေးမှုဆိုင်ရာ အလျင်အမြန်လုပ်ဆောင်နိုင်ဖို့လိုအပ်နေပါပြီ။

ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း

နန်းစန္ဒာကျော်သည် တရုတ်နိုင်ငံ ဘေဂျင်းတက္ကသိုလ်မှ ဘောဂဗေဒနှင့် စီမံခန့်ခွဲမှုမဟာဘွဲ့ ရရှိခဲ့သူဖြစ်ပါသည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။