ISP China Desk
China Railway Eryuan Engineering Group-CREEG (ယခင်  China Railway Group Ltd.)

တရုတ်နိုင်ငံ၊ နိုင်ငံပိုင်ကုမ္ပဏီတခုဖြစ်ပြီး မြန်မာနိုင်ငံတွင် မူဆယ်-မန္တလေး အမြန်ရထားလမ်းအပါအဝင် အခြားစီမံကိန်းများကို လုပ်ပိုင်ခွင့်ရရှိကြိုးပမ်းနေသည့် ကုမ္ပဏီအုပ်စုဖြစ်သည်။

ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အကြီးဆုံးစက်မှုလုပ်ငန်းစုံနှင့် အများပိုင်ကုမ္ပဏီတခုဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများအတွက် စစ်တမ်းများကောက်ယူခြင်း၊ ပုံစံရေးဆွဲခြင်း၊ ကုန်ကျစရိတ် တွက်ချက်ခြင်း၊ အကြံပေးခြင်းတို့ကို ဆောင်ရွက်သည်။ ၂၀၁၁ ခုနှစ်က သတ်မှတ်ချက်အရ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီ ၅၀၀ စာရင်းတွင် အဆင့် ၉၅ ရှိသည့် တရုတ်နိုင်ငံ မီးရထားကုမ္ပဏီအုပ်စု(China Railway Group Ltd.)၏ လုပ်ငန်းတခုလည်း ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းအောက်တွင်ပါဝင်သည့် မူဆယ်-မန္တလေး အမြန်ရထားလမ်းအပြင် ကျောက်ဖြူ-အမ်း မီးရထားလမ်း၊ ရန်ကုန်မိုးပျံရထားလမ်းတို့ကို လုပ်ကိုင်ခွင့်ရရှိရန် စီစဥ်လျက်ရှိသည်။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး(ယခု USDP ဥက္ကဋ္ဌ) နှင့် တွေ့ဆုံ၍ ရန်ကုန်-နေပြည်တော်-မန္တလေး ရထားလမ်းသစ်ဖောက်လုပ်ရေးနှင့် ဖြစ်တန်ချေအလားအလာတို့ကို အဆိုပြုခဲ့သေးသည်။

CREEG ကို ၁၉၅၂ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ချန်ဒူးမြို့တွင် ရုံးချုပ်ထားရှိသည်။ လမ်း၊ တံတား၊ ဥမင်လိုင်ခေါင်း၊ ဘူတာရုံတို့အပါအဝင် လုပ်ငန်းပေါင်းများစွာကို စီစဥ်ဆောင်ရွက်လျက်ရှိပြီး လက်အောက်ခံကုမ္ပဏီ ၂၅ ခုနှင့် နိုင်ငံရပ်ခြားတွင် ကုမ္ပဏီခွဲ ၁၇ ရှိသည်။