ISP China Desk
China National Technical Import and Export Corporation(CNTIC)

တရုတ်နိုင်ငံ၊ နိုင်ငံပိုင်လုပ်ငန်းစုကြီး၏ လက်အောက်ခံကုမ္ပဏီတခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းက လျှပ်စစ်ဓာတ်အားပေးစီမံကိန်းသုံးခုကို ဆောင်ရွက်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။

မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်မည့် ကျောက်ဖြူစီမံကိန်း၊ မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်မည့် သန်လျင်စီမံကိန်းနှင့် မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မည့် သာကေတစီမံကိန်းသုံးခုဖြစ်သည်။ ယင်းစီမံကိန်းများကို သဘာဝဓာတ်ငွေ့ရည်(LNG) ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မည်ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က တင်ဒါစတင်ခေါ်ခဲ့သော လျှပ်စစ်ဓာတ်အား ၉၀၀ မဂ္ဂါဝပ်ထွက်ရှိပြီး အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကုန်ကျမည့် အဆိုပါစီမံကိန်းသုံးခုကို CNTIC က ဟောင်ကောင်ကုမ္ပဏီတခုဖြစ်သည့် V Power Group နှင့်အတူ ပူးပေါင်းတင်ဒါအောင်မြင်ခဲ့ကာ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းဖြင့် အကျိုးတူဆောင်ရွက်မည်ဖြစ်သည်။

၎င်းစီမံကိန်းများကို CNTIC VPOWER YG1 LIMITED, CNTIC VPOWER YG2 LIMITED, CNTIC VPOWER KY3 LIMITED  ဟူ၍ အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သောကုမ္ပဏီများအဖြစ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ရက်စွဲဖြင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ထံတွင် မှတ်ပုံတင်ထားသည်။ ကုမ္ပဏီအုပ်ချုပ်သူ ဒါရိုက်တာများအဖြစ် တရုတ်နိုင်ငံသား ငါးဦး၊ မြန်မာနိုင်ငံသား တစ်ဦးတို့ ပါဝင်သည်။ အဆိုပါ မြန်မာနိုင်ငံသားတဦးမှာ ဦးကျော်ဝင်းဆိုသူဖြစ်ပြီး VPOWER GROUP HOLDINGS LIMITED ၏ အခွင့်အာဏာအပ်နှင်းခြင်းခံရသောအရာရှိလည်း ဖြစ်သည်။

တရုတ်အမျိုးသားနည်းပညာသွင်းကုန်ထုတ်ကုန်ကော်ပိုရေးရှင်း(CNTIC) သည် ဘေဂျင်းအခြေစိုက် တရုတ်နိုင်ငံဗဟိုအစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင်ရှိပြီး နိုင်ငံပိုင်လုပ်ငန်းစုကြီးတခုဖြစ်သည့် China General Technology Group Holding Ltd. ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည်။ ကုမ္ပဏီ၏ အဓိကစီးပွားရေးမှာ နည်းပညာအခြေခံသော ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများဖြစ်ပြီး စီးပွားရေးစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်နေသည်။