ISP China Desk
China Myanmar Friendship Association-CMFA (တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်း)

ဤအသင်းသည် တရုတ်နိုင်ငံ၏ အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အစိုးရမဟုတ်သောအဖွဲ့အစည်(NGOs)တစ်ခုလည်း ဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် ခေတ်သစ်တရုတ်နိုင်ငံကို တည်ထောင်ခဲ့ပြီး သုံးနှစ်အကြာတွင် ယခုအသင်းကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

CMFA သည် တရုတ်နိုင်ငံအနေနှင့် နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ရေးကို ရှေးရှု၍ ဖွဲ့စည်းထားသည့် Chinese People’s Association for Friendship with Foreign Countries-CPAFFC ၏ လက်အောက်အဖွဲ့အစည်းလည်း ဖြစ်သည်။ တရုတ်-မြန်မာနည်းတူ တရုတ်-အိန္ဒိယ(CIFA)၊ တရုတ်-ပါကစ္စတန်(CPFA)စသည့် ချစ်ကြည်ရေးအသင်းများလည်း ရှိသည်။

အသင်းတာ၀န်ရှိသူများ၊ အဖွဲ့၀င်များသည် မြန်မာနိုင်ငံသို၌ မကြာခဏ လာရောက်လေ့ရှိကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်ကိစ္စများတွင် ပါ၀င်လုပ်ဆောင်လျက်ရှိသလို မြန်မာနိုင်ငံမှ အဆိုပါနယ်ပယ်အတွင်းမှ လူပုဂ္ဂိုလ်အချို့ကိုလည်း တရုတ်နိုင်ငံသို့ ပညာသင်နှင့် ချစ်ကြည်ရေးခရီးစဉ်များ ပို့ဆောင်ပေးခဲ့သည်။

CMFA မှ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက မြန်မာနိုင်ငံသို့လာရောက်ကာ မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)နှင့် တွေ့ဆုံ၍ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့သည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းကလည်း အသင်းအတွင်းရေးမှူးသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ ပခုက္ကူ တက္ကသိုလ်သို့ သွားရောက်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် CMFA ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဂမ်ဇီယွမ်(Mr Geng Zhiyuan) ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ခဲ့သည်။  ၄င်းသည် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ မစ္စတာ ဂမ်ဗြောင်(Geng Biao) ၏သားဖြစ်ပြီး လက်ရှိသမ္မတ ရှီကျင့်ဖျင်နှင့် ရင်းနှီးသည်ဟု နီးစပ်သောအသိုင်းအဝန်းကဆိုသည်။ ၂၀၁၄ ခုနှစ်၊ မတ်လတွင် မြန်မာ့မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့အပါအဝင် အခြားသော ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများဆောင်ရွက်နေသော အဖွဲ့များအား ဒေါ်လာ ၁၇၀၀၀၀ ခန့် လှူဒါန်းခဲ့သည်။

CMFA သည် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ နည်းပညာ၊ အားကစား၊ ကျန်းမာရေး၊ ခရီးသွားလာရေးကိစ္စတို့ကို ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြည်သူလူထုအချင်းချင်း အပြန်အလှန်နားလည်မှုကို တိုးမြှင့်ရန် ရည်ရွယ်သည်ဟု ဆိုထားသည်။ ဥက္ကဋ္ဌမှာ ဖန်ဇူအိုကူး(Feng Zuoku) ဖြစ်ပြီး ၄င်းမှာ CPAFFC ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။