ISP China Desk
China Southern Power Grid Co. Ltd

တရုတ်နိုင်ငံ၊ ကွမ်ကျိုး(Guangzhou)မြို့အခြေစိုက် နိုင်ငံပိုင်ကုမ္ပဏီတခုဖြစ်သည်။ ကုမ္ပဏီသည် လျှပ်စစ်ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ ဖြန့်ဖြူးခြင်း စသည်တို့ကို လုပ်ဆောင်ပြီး ဟောင်ကောင်၊ မကာအို၊ ဗီယက်နမ်၊ လာအိုနှင့် မြန်မာနိုင်ငံတို့နှင့် ဓာတ်အားလိုင်းချိတ်ဆက်မှုများ ရှိသည်။
ခါးပတ်တကွင်းလမ်းတစင်း(BRI) စီမံကိန်းသဘောတူညီမှုနှင့်အတူ မြန်မာနိုင်ငံအစိုးရ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနှင့် နိုင်ငံတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို ဖြေရှင်းရန်အတွက် China Southern Power Grid Co. Ltd ထံမှ လာမည့်နှစ်နှစ်အတွင်း လျှပ်စစ်ဓာတ်အားဝယ်ဘူရန် မျှော်လင့်လျက်ရှိသည်။
သို့သော် ထို့မတိုင်မီကပင် မြန်မာနိုင်ငံ၏ မဟာဓာတ်အားလိုင်းနှင့် ယူနန်ပြည်နယ်တို့အကြား လျှပ်စစ်ဓာတ်အားချိတ်ဆက်ရန် အဆိုပြုမှုများ ရှိခဲ့သည်။ ယင်းအဆိုပြူမှုတွင် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှတဆင့် အလယ်ပိုင်း မိတ္ထီလာမြို့အထိ ချိတ်ဆက်ရန်ဖြစ်သည်။ အဆိုပြုမှုများတွင် China Southern Power Grid Co. Ltd လည်း ပါဝင်သည်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ(CMEC) တည်ဆောက်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံသို့သွားရောက်ခဲ့ရာတွင် တရုတ်ကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် လိုအပ်သည်များ ညှိနှိုင်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းတွေ့ဆုံမှုတွင် China Southern Power Grid Co. Ltd လည်း ပါဝင်သည်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် အဖွဲ့တို့ တရုတ်နိုင်ငံသို့ သွားရောက်ရာတွင်လည်း အဆိုပါကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ပီရရှုံ(Bi Ya Xiong) နှင့် တွေ့ဆုံခဲ့ပြီး လျှပ်စစ်ဓာတ်အားထုတ်ရေးကဏ္ဍတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။
China Southern Power Grid Co. Ltd သည် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ စာရင်းတွင် ၁၃ နှစ်ဆက်တိုက် ပါခဲ့သည်။