ISP China Desk
Yunnan Academy of Social Sciences (YASS) and Chinese Academy of South and Southeast Asian Studies (Kunming)

ခါးတပတ်ကွင်းလမ်းတစင်း(BRI) မဟာစီမံကိန်းနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC) စီမံကိန်းများအပေါ် အလေးထားအာရုံစိုက်လျက်ရှိသည့် အဖွဲ့အစည်းများအနက် တဖွဲ့ဖြစ်သည်။ တရုတ်နှင့် မြန်မာအကြား နယ်စပ်ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စများ၊ ပြည်သူ-ပြည်သူချင်း ဆက်သွယ်မှု၊ လူမှုစီးပွားဖွံ့ဖြိုးရေး၊ နယ်စပ်တလျောက် နှစ်နိုင်ငံစလုံးတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုများအရေး စသည့်ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးပွဲများ၊ အမြင်ဖလှယ်မှုများကို လုပ်ဆောင်လျက်ရှိသည်။

ယူနန်လူမှုသိပ္ပံကျောင်းသည် မြန်မာ-တရုတ် ပညာရှင်များဆွေးနွေးပွဲကို နှစ်စဥ်ကျင်းပလေ့ရှိသည်။ တတိယအကြိမ်မြောက် ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ မေလက ကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် ၄၀ ဝန်းကျင် ပါဝင်ခဲ့သည်။ ပထမနှင့် ဒုတိယအကြိမ် ဆွေးနွေးပွဲတို့ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အနောက်ဘက်စွန်းရှိ တက်ဟုန်းပြည်နယ်ခွဲ တဲဟုန်နှင့် ကျင်ဖိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ မန်ရှီမြို့တွင် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့တွင် ကျင်းပခဲ့သည်။

၂၀၁၈ ခုနှစ်က ကျင်းပခဲ့သည့် ဆွေးနွေးပွဲကို မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(Myanmar ISIS) နှင့် ယူနန်လူမှုသိပ္ပံကျောင်းတို့ ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲစီစဉ်ကျင်းပသူများသည် မြန်မာနိုင်ငံနှင့် ကျွမ်းဝင်သူများ၊ မြန်မာစကားကို ကောင်းစွာနားလည် ပြောဆိုနိုင်သူများဖြစ်ကြပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များကို လိုလေသေးမရှိ ဧည့်ဝတ်ပျူငှာကြသည်ဟူ၍ ဆွေးနွေးပွဲတက်ရောက်သူတစ်ဦးက မြန်မာ့နိုင်ငံပိုင်မီဒီယာမှတဆင့် ရေးသားဖော်ပြခဲ့သည်။

ယူနန်လူမှုသိပ္ပံကျောင်း၏ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ရန်ကျိန့်ချွမ်(Yang Zhenquan) သည် ၂၀၁၈ ခုနှစ်၊ ဧပြီလက မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် IPRCC တို့ ပူးပေါင်းဆောင်ရွက်သော ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း အကောင်ထည်ဖော်ဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့သည်။

၂၀၁၃ ခုနှစ်ကလည်း အဆိုပါကျောင်းမှ ပါမောက္ခအချို့သည် မြန်မာနိုင်ငံသို့လာရောက်ခဲ့ရာတွင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ယူနန်လူမှုသိပ္ပံကျောင်းကို ၁၉၈၀ ခုနှစ်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။