ISP China Desk
VPower Group International Holdings Limited

Vpower Group သည် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီတစ်ခုဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အစိုးရလက်ထက် လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများတင်ဒါခေါ်ယူရာတွင် လုပ်ပိုင်ခွင့်အများဆုံးရရှိထားသော ကုမ္ပဏီဖြစ်သည်။ မြန်မာနိုင်ငံလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် ၂၀၁၅ ခုနှစ်မှစတင်ကာ ရင်းနှီးမြုပ်နှံနေသည့် ကုမ္ပဏီဖြစ်သည်။ သို့သော် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အချက်အလက်များအရ ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်သည့်နေ့ရက်မှာ ၂၀၁၇ ခုနှစ်၊ မတ်လ ၆ ရက် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ နွေရာသီတွင် လျှပ်စစ်ဓာတ်အားမလုံလောက်မှုကိုဖြည့်တင်းရန်အတွက် မြန်မာအစိုးရက စီမံကိန်း ၅ ခုကို အကောင်အထည်ဖော်ရန် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က တင်ဒါခေါ်ယူခဲ့ရာ ထိုကုမ္ပဏီဦးဆောင်သော လုပ်ငန်းစုများက စီမံကိန်း ၄ ခု ကို တင်ဒါအောင်မြင်ခဲ့သည်။

ထိုစီမံကိန်းများအနက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၉၀၀ ထုတ်လုပ်နိုင်ပြီး အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့်ကုန်ကျမည့် စီမံကိန်းသုံးခုကို V Power Group နှင့်အတူ တရုတ်အမျိုးသားနည်းပညာသွင်းကုန် ထုတ်ကုန်ကော်ပိုရေးရှင်း(CNTIC)တို့က အကျိုးတူပူးပေါင်းရင်းနှီးမြှုပ်နှံကာ အကောင်အထည်ဖော်မည်ဖြစ်သည်။

စီမံကိန်းသုံးခုမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအနီးတွင် မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်နိုင်မည့် ကျောက်ဖြူဓာတ်အားပေးစီမံကိန်းလည်းပါဝင်ပြီး ဒေါ်လာ သန်း ၁၄၀ ခန့် ကုန်ကျခံကာ တည်ဆောက်သွားမည်ဖြစ်သည်။  ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းသည် ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်း(BRI)များတွင် မဟာဗျူဟာကျပြီး အရေးပါသောစီမံကိန်းတခုဖြစ်သည်။ ထို့အပြင်  မဂ္ဂါဝပ် ၄၀၀ ခန့်ထုတ်လုပ်မည့် အမေရိကန်ဒေါ်လာ ၃၆၃ သန်းတန် သာကေတ သဘာဝဓာတ်ငွေ့ရည်သုံးဓာတ်အားပေးစက်ရုံ၊ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါးကုန်ကျပြီး မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်မည့် သန်လျင်စီမံကိန်းတို့လည်း ပါဝင်သည်။

ယင်းအပြင် တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသည့် ဓာတ်ငွေ့ဖြင့် ၂၁ မဂ္ဂါဝပ် နီးပါး ထုတ်လုပ်မည့် မကွေးတိုင်းဒေသကြီး၊ ကျွန်းချောင်းစီမံကိန်းကိုလည်း V Power ကုမ္ပဏီက တဦးတည်း တင်ဒါအောင်ထားသည်။

VPower group သည် ၂၀၁၅ ခုနှစ်တွင် မြန်မာ-တရုတ် BRI စီမံကိန်းများ၏ ဗဟိုချက်မ ဖြစ်သော ရခိုင်ပြည်နယ်အတွင်းရှိ Kyauk Phyu DPG Station Phase-1 နှင့် ၂၀၁၆ ခုနှစ်တွင် Kyauk Phyu DPG Station Phase-2 တို့ကိုလည်း လုပ်ပိုင်ခွင့်ရရှိထားသည်။ ထို့အပြင် မန္တလေးတိုင်းဒေသကြီးရှိ အမေရိကန်ဒေါ်လာ ၆၅ သန်း ကုန်ကျပြီး မဂ္ဂါဝပ် ၉၀ ထွက်ရှိနေသည့် တောင်သာစီမံကိန်းတွင်လည်း ရင်းနှီးမြှုပ်နှံထားသည်။

Vpower သည် တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစုကြီးများနှင့် နီးကပ်သောဆက်ဆံရေးရှိသည်။ အထူးသဖြင့် CNTIC အပြင် မီးရထားအစိတ်အပိုင်းများထုတ်လုပ်ပြီး တရုတ်နိုင်ငံ၏ အကြီးဆုံးလုပ်ငန်းစုတစ်ခုဖြစ်သော CRRC တို့နှင့် မိတ်ဖက်များဖြစ်သည်။ ထို့အပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်းကိုအကောင်အထည်ဖော်မည့် China International Trust Investment Corporation (CITIC) ကုမ္ပဏီသည် VPower group ၏ အစုရှယ်ယာ ၈ ရာခိုင်နူန်းကို ပိုင်ဆိုင်ထားသည်။