ISP China Desk
The Institute of Myanmar Studies (မြန်မာလေ့လာရေးဌာန)

ယူနန်တက္ကသိုလ်၊ မြန်မာလေ့လာရေးဌာနကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထို့မတိုင်မီ ၂၀၁၁ ခုနှစ်က မြန်မာလေ့လာရေးအဖွဲ့(Myanmar Studies Center) ကို ယူနန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာန၏ ဌာနခွဲတခုအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ တရုတ်နိုင်ငံ၏ မြန်မာမူဝါဒကို လွှမ်းမိုးနိုင်သည့်အဖွဲ့တစ်ခုဖြစ်ကာ  မြန်မာနိုင်ငံအရေးနှင့်ပတ်သတ်၍ တစိုက်မတ်မတ်လေ့လာနေသော အဖွဲ့တဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် သုတေသနစာတမ်းများ၊ စာအုပ်များ ရေးသားထုတ်ဝေနေသလို ဆွေးနွေးပွဲများ၊ ဟောပြောပွဲများလည်းကျင်းပလျက်ရှိသည်။

အဆိုပါဌာနအနေနှင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်မည့် တရုတ်နိုင်ငံ၏ စီမံကိန်းများနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများ၊ အခမ်းအနားများကို ပြည်တွင်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကျင်းပသည်တို့လည်း ရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာနအောက်ရှိ မြန်မာ့ရေးရာလေ့လာရေးအဖွဲ့(Center of Myanmar Affairs Studies)နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့လည်း ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက မြန်မာ့ရေးရာလေ့လာရေးဌာန(Center of Myanmar Affairs Studies)နှင့် ပူးပေါင်း၍ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲအခမ်းနားကို ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကလည်း တက်ရောက်ဆွေးနွေးခဲ့သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ဆောင်နေသည့် မြန်မာနိုင်ငံအနေနှင့် အပြောင်းအလဲကာလအတွင်း ရင်ဆိုင်ရမည့်စိန်ခေါ်မှုများကို မည်သို့ရင်ဆိုင်ဖြေရှင်းမည်နည်းဆိုသည်နှင့်ပတ်သက်၍ စာတမ်းဖတ်ပွဲကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းက ရန်ကုန်တက္ကသိုလ်တွင် ကျင်းပရာတွင်လည်း ရန်ကုန်တက္ကသိုလ်၊ သြစတေးလျအမျိုးသားတက္ကသိုလ်တို့နှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည်။