ISP China Desk
State Power Investment Corporation(SPIC)(ယခင် China Power Investment Corporation-CPI)

တရုတ်နိုင်ငံ၊ နိုင်ငံပိုင်လုပ်ငန်းစုကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် မြစ်ဆုံဆည်စီမံကိန်းကို ဆောင်ရွက်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီလည်း ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ကုန်ကျမည့် မြစ်ဆုံဆည်စီမံကိန်းတွင် SPIC က အစုရှယ်ယာ ၈၀ ရခိုင်နှုန်း ထည့်ဝင်ပိုင်ဆိုင်မည်ဖြစ်သည်။ သို့သော် ယင်းစီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းခဲ့ရာ ကုမ္ပဏီကို အံ့သြစိတ်ပျက်စေခဲ့သည်။

သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်းကုန်ဆုံးခါနီး ၂၀၁၆ ဇန်နဝါရီလတွင် SPIC ဥက္ကဋ္ဌ ၀မ်ပင်းဟွာက နေပြည်တော်ရှိ သမ္မတနေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့သေးသည်။

NLD အစိုးရလက်ထက်တွင်လည်း မြစ်ဆုံဆည်စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် SPIC ဘက်က ကြိုးပမ်းလျက်ရှိသလို တရုတ်နိုင်ငံ အစိုးရတာဝန်ရှိသူများနှင့် သံတမန်အသိုင်းဝိုင်းတို့ကပါ တွန်းအားပေးလျက်ရှိသည်။

၂၀၁၉ ခုနှစ် ဧပြီလအတွင်းက မြန်မာအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် အဖွဲ့သည် တရုတ်နိုင်ငံသို့သွားရောက်ခဲ့ရာတွင်လည်း SPIC ဥက္ကဋ္ဌ ဂျန်ယီက မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်သည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် ဧရာဝတီမြစ်ဝှမ်းအတွင်း လေ့လာသုတေသနပြုမှုများ၊ တရုတ်နိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းပြခဲ့သည်။ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း(China Power Investment Corporation-CPI)သည် တရုတ်နိုင်ငံ၏နိုင်ငံပိုင်စီးပွားရေးတစ်ခုဖြစ်ပြီး ၂၀၀၃ ခုနှစ်၊ မတ်လတွင် ထူထောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံ နျူကလီးယားစွမ်းအင်နည်းပညာကော်ပိုရေးရှင်းနှင့် ပူးပေါင်းကာ တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း(SPIC) ဟု အမည်ပြောင်းလဲခဲ့သည်။