ISP China Desk
Yunnan Tengchong Heng Yong Investment Company(YTHIC) Photo - mopf.gov.mm

ယူနန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးတွင် မြစ်ကြီးနားစက်မှုဖွံ့ဖြိုးရေးဇုန်တည်ဆောက်ရေးအတွက် ပြည်နယ်အစိုးရနှင့် နားလည်စာချွန်လွှာကို ၂၀၁၈ ခုနှစ်၊ မေလတွင် လက်မှတ်ရေးထိုးထားသည့် ကုမ္ပဏီဖြစ်သည်။

နမ့်ကျင်စက်မှုဇုန်ဟုလည်း လူသိများသည့် မြစ်ကြီးနားစက်မှုဖွံ့ဖြိုးရေးဇုန်သည် ခါးပတ်နှင့် လမ်းကြောင်း(BRI) မဟာစီမံကိန်းအောက်တွင်ပါရှိသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC)၏ အရေးပါသည့် အစိတ်အပိုင်းလည်းဖြစ်ပြီး သမိုင်းဝင် လီဒိုလမ်းမကြီးတလျောက်ရှိ မြေဧက ၄၇၀၀ တွင် တည်ဆောက်မည့်စီမံကိန်း ဖြစ်သည်။ စီမံကိန်းကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဝန်းကျင် ခန့်မှန်းထားပြီး စက်ရုံ ၅၀၀ နှင့် အဆောက်အဦ ၅၀၀၀ ဝန်းကျင် ပါရှိမည် ဖြစ်သည်။

ကုမ္ပဏီသည် တက်ဟုန်းပြည်နယ်ခွဲ တဲဟုန်နှင့် ကျင်ဖိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ မန်ရှီမြို့အခြစိုက် Yunnan Baoshan Hengyi Group(ယူနန်ပေါင်စန်းဟိန်ယိလုပ်ငန်းစု)က ပိုင်ဆိုင်သည်။ အဆိုပါလုပ်ငန်းစု ဥက္ကဋ္ဌ Mr. Duan Zhiku ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ သည် ၂၀၁၈ ခုနှစ်၊ ဧပြီလက နေပြည်တော်သို့လာရောက်ခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံမှုတွင် မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန်စီမံကိန်းအား ပူးပေါင်းဆောင်ရွက်မှုနှင့် အကောင်အထည်ဖော်မှု အခြေအနေ၊ ဒေသခံများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း Mr. Duan Zhiku ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ သည် နေပြည်တော်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့်လည်း တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့သည်။