ISP China Desk
Mr. Ning Jizhe(နင်ကျိဇယ်) Photo - straitstimes.com

အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သည်။

တရုတ်နှင့် မြန်မာကြား ပူးပေါင်းအကောင်အထည်ဖော်ဆောင်မည့် စီးပွားရေးစင်္ကြံစီမံကိန်းနှင့်ပတ်သက်၍ ဦးဆောင်ညှိနှိုင်းရေးမှူးတဦး ဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက နေပြည်တော်သို့လာရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံမှုတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးကိစ္စကို တွန်းအားပေးပြောဆိုခဲ့သည်။

၄င်းအနေနှင့် အဆိုပါခရီးစဉ်အတွင်း မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းအပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန် ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နိုင်ငံတော်ဗဟိုဘဏ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသုတေသနဌာန စသည့် ဌာနများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းအစည်းအဝေး ကျင်းပခဲ့သည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခဲ့သေးပြီး ရန်ကုန်မြို့သစ်စီမံကိန်းတွင် တရုတ်နိုင်ငံက ပါဝင်ဆောင်ရွက်မည့်အရေး ဆွေးနွေးခဲ့သည်။

၎င်းသည် တရုတ်နိုင်ငံအရှေ့ဘက်ခြမ်း၊ ကုန်းတွင်းပိတ်ပြည်နယ်တစ်ခုဖြစ်သည့် အန်ဟွိုင်း(Anhui)ပြည်နယ်၊ ဟီဖေး(Hefei) ဇာတိဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီတစ်ဦးလည်း ဖြစ်သည်။ ၁၉၅၆ ခုနှစ်ဖွား ဖြစ်သည်။ ၂၆ နှစ်တွင် ဟီဖေးနည်းပညာတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ နိုင်ငံတော်ကောင်စီ၊ သုတေသနရုံးတွင် ညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။