ISP China Desk
တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ဩဂုတ်လ ပထမပတ် (ဩဂုတ် ၁ ရက်မှ ၇ ရက်အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၇၀ ခန့်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။

ကုန်သွယ်ရေး

လက်ရှိဘဏ္ဍာနှစ်ကိုးလခွဲကျော်တွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်နယ်စပ်ဂိတ်မှတဆင့် ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံနီးပါးရှိသော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၇၀ ကျော်လျော့ကျခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး၏ လတ်တလောအခြေအနေမှာ ဆန်၊ ဝဥ၊ နှမ်း စသည်များ ဈေးကောင်းရပြီး ဝယ်လိုအား ကျဆင်းမှု မရှိသော်လည်း ကုန်စည်ရှားပါးခြင်းနှင့် မိုးတွင်းကာလ ဖြစ်ခြင်းတို့ကြောင့် ကုန်တင်ယာဉ်တန်ဆာခများ အဆမတန် လျော့ကျလာသည်။

မြန်မာ့နာနတ်သီးတင်ပို့ခွင့် ရရှိရေး ကြိုးပမ်းလျက်ရှိပြီး ဆန်တင်ပို့ခွင့် ရရှိပြီးသည့် မြန်မာကုမ္ပဏီ ၄၃ ခုက အကန့်အသတ်မရှိ ဆန်တင်ပို့နိုင်ရန်အတွက် အရည်အသွေးပြည့်မီကြောင်းနှင့် ပိုးမွှားကင်းစင်ကြောင်း လက်မှတ် ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

အခြားသတင်းတပုဒ်တွင်မူ တရုတ်က ငါးဝယ်ယူမှု ရပ်လိုက်၍ မွန်ပြည်နယ်ရှိ ငါးလုပ်ငန်းရှင်များ လာမည့် ငါးဖမ်းရာသီတွင် ထိခိုက်မှုကြီးမားနိုင်မည်ဟု သုံးသပ်ထားသည်။ ထို့ပြင် တရုတ်ယွမ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ပို့ကုန်လုပ်ငန်းရှင်များ နစ်နာမှုများလည်း ရှိနေသည်။

သို့ရာတွင် ယခု ဘဏ္ဍာနှစ်တွင် ကျောက်စိမ်းတင်ပို့မှုမှလည်း ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ သန်း ၆၀ ပိုမိုရရှိထားပြီး ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းစီမံကိန်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။ တရုတ်-မြန်မာကုန်သွယ်ရေးတွင် သယံဇာတတင်ပို့မှုများ အဆင်ပြေချောမွေ့နေသော်လည်း လယ်ယာ ထွက်ကုန်များ အခက်အခဲဖြစ်နေသည်မှာ သတိချပ်စရာဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု

တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဩဂုတ် ၅ ရက်တွင် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ပြုလုပ်ခဲ့သည်။ အဆိုပါဖိုရမ်တွင် တရုတ်နှင့် မြန်မာနိုင်ငံပါဝင်သည့် အာဆီယံနိုင်ငံများအကြား COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများလျှော့ချရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း တရုတ်-အာဆီယံစီးပွားရေးတာဝန်ရှိသူက ပြောကြားခဲ့သည်။

အခြား ရင်းနှီးမြှုပ်နှံမှု သတင်းများတွင် စပယ်တောင်သတ္တုတွင်းတခုသာ မိုင်းပိတ်သိမ်းခြင်းလုပ်ငန်းကို စနစ်တကျလုပ်ဆောင်နေပြီး အခြားသတ္တုတွင်းစီမံကိန်းများဖြစ်သော ကြေးစင်တောင်၊ ကျောက်ပုထိုး၊ ဟိန္နား စသည့်သတ္တုတွင်းများတွင်မူ တူးဖော်မှုလုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြောကြားသည်။

လက်ရှိတူးဖော်နေဆဲဖြစ်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် တရုတ်ပိုင် ဝမ်ပေါင် ကုမ္ပဏီက မြေဆီလွှာ တူးယူခြင်းနှင့် ပတ်သက်၍ ဒေသခံများက မကျေလည်မှုများ ရှိနေသည်ဟု သတင်း ဖော်ပြချက်လည်း ရှိခဲ့သည်။ ယခင်အစိုးရလက်ထက်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ပြည်သူလူထုမှ ဆန့်ကျင်ကန့်ကွက်မှုများရှိခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ဖူးသည်။ ယင်းအစီရင်ခံစာအပေါ် မူတည်၍ ညှိနှိုင်းဖြေရှင်းမှုအချို့ ရှိခဲ့သော်လည်း ယခုဆယ်စုနှစ်တခုနီးပါးကြာချိန်အထိ ဒေသခံများအကြား မကျေလည်မှုများ ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၀၆၀ မဂ္ဂါဝပ် ထွက်ရှိမည့် ဆိုလာစီမံကိန်း ၃၀ အတွက် ၂၀၂၀ ခုနှစ်၊ မေလက တင်ဒါပြင်ဆင်ချိန် တလ သတ်မှတ်၍ ခေါ်ယူခဲ့ရာတွင် တရုတ်ကုမ္ပဏီအများစု ဝင်ရောက်ယှဉ်ပြိုင်သည်ကိုလည်း စိတ်ဝင်စားစရာသတင်းတပုဒ်အဖြစ် တွေ့ရသည်။ နောက်ပိုင်းတွင် တင်ဒါပြင်ဆင်ရန် သတ်မှတ်ကာလ တလ ထပ်တိုး သတ်မှတ်ခဲ့သော်လည်း  တင်ဒါပြင်ဆင်ရန် အချိန် မလုံလောက်ခြင်း၊ မြေယာပိုင်ဆိုင်မှုပြသရန် လိုအပ်ခြင်းတို့ကြောင့် ဝေဖန်မှုများပေါ်ထွက်ခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် ဩဂုတ် ၄ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာချိန်ဟိုင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းတို့ တွေ့ဆုံခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ယခုနှစ် ဇန်နဝါရီလ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နားလည်မှု စာချွှန်လွှာရေးထိုးခဲ့သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းများအပါအဝင် အခြားသော စီမံကိန်းများကို တွန်းအားပေးဆောင်ရွက်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် Swiss Challenge တင်ဒါ ခေါ်ယူတော့မည့် ရန်ကုန်မြို့သစ်စီမံကိန်းကို အပိုင်းလိုက် အကောင်အထည်ဖော်မည်ဟု သတင်းတခုတွင် တွေ့ရသည်။ ပထမအဆင့် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ အဆိုပါမြို့သစ်စီမံကိန်းကို ကနဦး အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခွဲထုတ်ကာ စတင် အကောင်အထည်ဖော်မည်ဟု ဆိုသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ဆိပ်ကမ်းများကို အိန္ဒိယနှင့် ပင်လယ်ကမ်းရိုးတန်းဒေသနိုင်ငံများ၏ ဆိပ်ကမ်းများနှင့် ချိတ်ဆက်နိုင်ရန် တည်ဆောက်နေကြောင်း စီးပွားကူးသန်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်းမှာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် ဖြစ်သည့်အပြင် အရေးကြီးသော စီမံကိန်း အစိတ်အပိုင်းတခုလည်း ဖြစ်သည်။

ကရင်ပြည်နယ်ရှိ အငြင်းပွားစရာ ရင်းနှီးမြှုပ်နှံမှုများ  

ကရင်ပြည်နယ်အတွင်း တရုတ်ဘက်မှ ၈၀ ရာခိုင်နှုန်း၊ နယ်ခြားစောင့်တပ်မှ ၂၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ ထားသော ရွှေကုက္ကိုမြို့သစ်အပြင် ဆိုင်ရှီကန် (Saixigang) စက်မှုဇုန်၊ မြဝတီမြို့နယ်တွင် KNU နှင့် ပူးပေါင်း ဆောင်ရွက်နေသော ဟွမ်ယာ (Huanya) မြို့နယ်စီမံကိန်း ဟူသည့် သီးခြား တရုတ်မြို့သစ်စီမံကိန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းဖော်ပြမှုများကို တွေ့ရသည်။ ။ အဆိုပါစီမံကိန်းများတွင် ကရင်ပြည်နယ် အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့များ၏ ရင်းနှီးမြှုပ်နှံမှုများလည်း ပါဝင်ပတ်သက်နေသည်ဟူသော  ဖော်ပြချက်များမှာလည်း အာရုံစိုက်စရာဖြစ်သည်။

မြဝတီ၊ ရွှေကုက္ကိုမြို့သစ်တွင် Yatai ကုမ္ပဏီက ယွမ် သန်း ၄၀ ကျော် တန်ဖိုးရှိပြီး အထပ် ၈ ထပ် ပါဝင်သော ကျုံးကူဟိုတယ်သစ်ကို ဩဂုတ်လဆန်းပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။ ရွှေကုက္ကိုမြို့သစ်သည် ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းဒီဂျစ်တယ် ငွေပေးချေမှုစနစ် Fincy ကို အသုံးပြုနေခြင်း၊ မြန်မာအစိုးရက တရားဝင် ခွင့်ပြုထားခြင်း မရှိသော ကာစီနိုရုံများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိနေခြင်းတို့ကြောင့် အချုပ်အခြာအာဏာ ထိခိုက်နိုင်ကြောင်း သုံးသပ်ချက်များလည်း ရှိနေသည်။ တရုတ်နိုင်ငံသားများ တရားမဝင်လာရောက် အလုပ်လုပ် ကိုင်နေခြင်းကြောင့် အဆိုပါရင်းနှီးမြှုပ်နှံမှုများက ဒေသခံများအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်ခြင်း ရှိ မရှိ ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

သြဂုတ် ၅ ရက်က တရုတ်သံအမတ်ကြီး မစ္စတာ ချိန်ဟိုင်နှင့် မြန်မာနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ တွေ့ဆုံခဲ့စဉ် တရုတ်-မြန်မာနှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးစနစ်တည်ဆောက်မှုကို တဆင့်တိုးမြှင့်သွားပြီး လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် တယ်လီဖုန်း ဆက်သွယ်ရေးဖြင့် လိမ်ညာခြင်းစသည့် နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှု တိုက်ဖျက်ရေးကို တိုးမြှင့် ဆောင်ရွက်သွားမည်ဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။

အခြား

အစိုးရမှ ချေးယူထားသော ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော် ကျန်ရှိနေသည့်အနက် တရုတ်နိုင်ငံသို့ ၃ ဒသမ ၂ ဘီလျံကျော်ဖြင့် အများဆုံး ကြွေးတင်လျက်ရှိပြီး တရုတ်အတိုးနှုန်းမှာ ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်သည်။ တရုတ်-မြန်မာ စီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက်လည်း (အခြား ရွေးချယ်စရာများရှိသော်လည်း) တရုတ်ဘဏ်အများစုမှပင် ချေးငွေရယူရမည်ဖြစ်ရာ အတိုးနှုန်း မြင့်မားသည့် အရေးမှာ သတိပြုဖွယ်ရာဖြစ်သည်။

တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမားများ နေရပ်ပြန်လာမှုများအဖြစ် ယခုတပတ်အတွင်း ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် နေရပ်ပြန်သူပေါင်း နှစ်ရာ့ခြောက်ဆယ်ကျော် ရှိခဲ့သည်ကို တွေ့ရသည်။ သတင်းများတွင် ပါရှိမှုများအရ ဧပြီ ၃၀ မှ ဩဂုတ် ၇ အထိ နေရပ်ပြန်သူ စုစုပေါင်း ၁၄၂၃၈ ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ကြောင့် ကန့်သတ်ချက်နှင့် တင်းကျပ်မှုများ ရှိနေချိန်အတွင်း မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးရမိမှုများမှာလည်း ယခုရက်များတွင် မကြာခဏ ဖြစ်ပွား နေကြောင်း မီဒီယာဖော်ပြမှုများအရ သိရှိရသည်။ ယခုတပတ်အတွင်း မူဆယ်နှင့် လားရှိုးမြို့များတွင် တရုတ်နိုင်ငံသား စုစုပေါင်း ၆၉ ဦးတို့ကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ဩဂုတ် ၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က တရုတ်-မြန်မာနယ်စပ်၊ နမ့်ခမ်းမြို့နယ်အတွင်း ဟိုက်ဟင်ကျေးရွာ အနီး တပ်မတော်စစ်ကြောင်းနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားခြင်း ကြောင့် ဒေသခံ ၁၀၀ ကျော် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရကြောင်း သတင်းဖော်ပြမှုကို တွေ့ရှိရသည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။