ISP China Desk

စာတမ်းခေါင်းစဉ် – The Intersection of Investment and Conflict in Myanmar

ရေးသားသူ – Priscilla Clapp

ထုတ်ဝေသည့်အဖွဲ့အစည်း – United States Institute of Peace

ထုတ်ဝေသည့်ကာလ – ၂၀၂၀ ဖေဖော်ဝါရီ

စာတမ်းအပြည့်အစုံရယူရန်The Intersection of Investment and Conflict in Myanmar

သုတေသနစာတမ်းမိတ်ဆက်

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေက အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို ဖော်ဆောင်ရာမှာ မြေပေါ်မြေအောက် သယံဇာတတွေ ထုတ်ယူတာပဲဖြစ်ဖြစ်၊ စက်မှုဇုန်တွေ၊ အခြေခံအဆောက်အအုံတွေကို တည်ဆောက်တာပဲဖြစ်ဖြစ်၊ ဒေသခံပြည်သူလူထုတွေရဲ့ နေ့စဉ်ဘဝတွေအပေါ်မှာ အနည်းနဲ့အများဆိုသလို သက်ရောက်မှုတွေ ရှိပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ ပွင့်လင်းမြင်သာမှု အားနည်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ကြုံတွေ့ရရင် ပိုမိုဆိုးရွားတဲ့ အကျိုးဆက်ကို ဖြစ်ပေါ်စေပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေကို ဖော်ဆောင်ရာမှာ ရေတိုစီးပွားရေးအကျိုးအမြတ်ကို ရှေးရှုရန်လိုအပ်သလို ရေရှည်မှာလည်း ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတွေကိုမြှင့်တင်ရန် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုဆောင်ရွက်နိုင်ရေးမှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုရဲ့ အသံတွေကို ထည့်သွင်းစဉ်းစားဖို့ အရေးပါတဲ့အကြောင်းကို ယခုသုတေသနစာတမ်းက ထောက်ပြထားပါတယ်။ ယခုဒီ မိတ်ဆက်ဆောင်းပါးမှာ အထက်ပါ သုတေသနစာတမ်းကို အကျဉ်းချုံးပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။

Priscilla Clapp ရေးသားပြုစုပြီး အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (United States Institute of Peace, USIP) ကထုတ်ဝေတဲ့ The Intersection of Investment and Conflict in Myanmar (မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် ပဋိပက္ခတို့အကြား ဆုံမှတ်) သုတေသနစာတမ်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဲ့ ပဋိပက္ခပေါ်မှာ သက်ရောက်မှုတွေနဲ့ ဒီရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုကိုင်တွယ်နိုင်မလဲဆိုတာကို လေ့လာထားတာပါ။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုရဲ့  ပါဝင်မှုအခန်းကဏ္ဍကို ပိုမိုမြှင့်တင်ခြင်းအားဖြင့် နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို မြှင့်တင်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို ဖော်ဆောင်နိုင်မယ်လို့ စာတမ်းရှင်က ဆိုထားပါတယ်။ တနည်းအားဖြင့် စည်းစနစ်ကျတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေဖြစ်လာဖို့ အစိုးရရဲ့ မူဝါဒကောင်းတွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့လည်း လိုအပ်တယ်ဆိုတာကို ထောက်ပြထားတာ ဖြစ်ပါတယ်။

သုတေသနစာတမ်းအဖွင့်ကို တရုတ်ရဲ့ မဟာဗျူဟာအစီအမံဖြစ်တဲ့ ခါးပတ်တကွင်း လမ်းတစင်း (The Belt and Road in Myanmar) နဲ့ စထားပါတယ်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံမှာ တရုတ်က ကနဦး အဆိုပြုထားတဲ့ စီမံကိန်း ၂၀၊ ၃၀ ခန့်ရှိပြီး ဒီထဲမှာမှ မြန်မာအစိုးရ ခွင့်ပြုထားတဲ့ စီမံကိန်းတွေထဲမှာ ကချင်နဲ့ ရှမ်းနယ်စပ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တွေ၊ မူဆယ်-မန္တလေး ရထားလမ်း ဖြစ်တန်ချေလေ့လာဆန်းစစ်မှုနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့ ပါဝင်ပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ပမာဏလျှော့ချဖို့ ညှိနှိုင်းခဲ့တာတွေ၊ တရုတ်နဲ့ BRI ကို ပူးပေါင်းအကောင်အထည်ဖော်ရေးအတွက် နားလည်မှုစာချွန်လွှာ မရေးထိုးခင်မှာ မြန်မာအစိုးရကသူတို့ လိုလားတဲ့ အကြိုသဘောတူညီမှုတွေ ဆွေးနွေးခဲ့တာတွေကို ထောက်ပြပြီး BRI စီမံကိန်းတွေနဲ့ပတ်သက်ရင် မြန်မာအစိုးရအနေနဲ့ သတိထားပြီး ကိုင်တွယ်နေတယ်လို့ သုံးသပ်ထားပါတယ်။ အလားတူပဲ မြန်မာနိုင်ငံက ချမှတ်ထားတဲ့ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) (Myanmar Sustainable Development Plan – MSDP) နဲ့ Project Bank အစီအစဉ်တွေဟာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ဖို့ အထောက်အပံ့ဖြစ်စေတဲ့ မူဘောင်တွေ ဖြစ်တယ်။

ဒါပေမဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကြည့်တဲ့အခါ တပ်မတော်က နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အဓိကကဏ္ဍတွေမှာ ထိန်းချုပ်ထားခြင်း၊ ကြိုးနီစနစ်ကြီးထွားခဲ့ခြင်း၊ အစိုးရဝန်ကြီးဌာနတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာ နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေ ရှိနေခြင်း၊ သယံဇာတကြွယ်ဝတဲ့ တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေခြင်းတို့ကြောင့် MSDP ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရာမှာ အဟန့်အတားတွေဖြစ်နေတယ်လို့ စာတမ်းရှင်က ထောက်ပြထားပါတယ်။

ဒါအပြင် မြောက်မြားစွာသော ယူနန်အခြေစိုက် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ရှိနေပြီး အဲဒါတွေဟာ ဗဟိုအစိုးရ ကွပ်ကဲထိန်းချုပ်နိုင်မှု အပြင်ဘက်မှာ ရှိနေတယ်ဆိုတာကို ထောက်ပြထားပါတယ်။

ဒါကိုထောက်ပြရာမှာ ကရင်ပြည်နယ်မှာအကောင်အထည်ဖော်နေတဲ့ ရွှေကုက္ကိုလ်မြို့ပြစီမံကိန်းကို ဥပမာပြုခဲ့ပါတယ်။ ကာစီနိုလောင်းကစားလုပ်ငန်းတွေနဲ့ အခြားဖျော်ဖြေရေး လုပ်ငန်းတွေပါဝင်ပြီး တရုတ်နိုင်ငံကခရီးသွားတွေကို ဦးတည်ပုံရတဲ့ ဒီစီမံကိန်းကို အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းနဲ့ မြေ ၂၅ ဧကပေါ်မှာ ဆောက်လုပ်ဖို့ကို  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားခဲ့ပါတယ်။ ဒါပေမဲ့ စီမံကိန်းရဲ့ပမာဏဟာ လက်တွေ့မှာ အဆပေါင်းများစွာ ပိုမိုကြီးမားနိုင်ပါတယ်။ ဒါအပြင် တရုတ်အလုပ်သမားတွေ၊ အင်ဂျင်နီယာတွေ အလုံးအရင်းနဲ့ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းကနေ ရရှိမယ့်အကျိုးအမြတ်တွေဟာ တရုတ်နိုင်ငံထဲကိုသာ ပြန်လည်စီးဝင်မှာဖြစ်တယ်လို့ ဒေသခံတွေက ထောက်ပြကြပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်တဲ့ဒေသတွေမှာ ရှိနေပြီး တရားမဝင်နယ်စပ်ကုန်သွယ်မှုတွေလည်း ရှိနေတာကြောင့် MSDP မူဘောင်အောက်မှာ ဒီရင်းနှီးမြှုပ်နှံမှုတွေရဲ့ ပါဝင်လာနိုင်မှုက မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ စာတမ်းရှင်က ဆွေးနွေးထားပါတယ်။

အတိတ်က ဥပမာတွေကို ပြန်ကြည့်ရင် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေဟာ တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းတွေ၊ အခွင့်ထူးခံ စီးပွားရေးသမားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်လေ့ရှိတာကြောင့် လက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍ ပိုမိုကြီးမားလာစေပါတယ်။ ငြိမ်းချမ်းရေးမရသေးဘဲ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် စင်္ကြံလမ်းတစ်လျှောက် စစ်အင်အားချဲ့ထွင်မှုတွေနဲ့အတူ တိုက်ပွဲဖြစ်ပွားမှုတွေ ပိုမိုကျယ်ပြန့်လာစေတာကို တွေ့ရပါတယ်။ ဒါအပြင် မြန်မာအစိုးရအနေနဲ့ စီမံကိန်းကြီးတွေကို အကောင်အထည်ဖော်တဲ့အခါမှာ ဒေသခံပြည်သူလူထုနဲ့ ဆွေးနွေးဖို့၊ လူမှုစီးပွားနဲ့ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုတွေအပေါ် (ဒါကို စနစ်တကျလေ့လာဖို့အတွက် စည်းမျဉ်းစည်းကမ်း၊ လမ်းညွှန်ချက်တွေ ရှိပေမဲ့) လုံလောက်တဲ့ ထည့်သွင်းစဉ်းစားမှုတွေ မရှိခဲ့ခြင်းကို စာရေးသူက ထောက်ပြထားပါတယ်။

ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကို ကိုင်တွယ်နိုင်ဖို့ အစိုးရအနေနဲ့ မူဘောင်တွေ ချထားပေမဲ့ ဒါတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုရဲ့ ပါဝင်နိုင်မှု အခန်းကဏ္ဍကို ချဲ့ထွင်နိုင်ဖို့ လိုအပ်ပါတယ်။

ပွင့်လင်းမြင်သာမှု အားနည်းနေဆဲဖြစ်တဲ့ တရုတ်-မြန်မာ စီးပွား ရေးစင်္ကြံလမ်းတလျှောက် စီမံကိန်းတွေ ပိုမို ပွင့်လင်းမြင်သာလာဖို့ အတွက် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဒေသခံပြည်သူလူထု၊ အစိုးရတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အရပ်ဘက်အဖွဲ့အစည်း တွေဟာ ပဋိပက္ခနယ်ပယ်များစွာမှာ ဆောင်ရွက်နေတဲ့အတွက် ရင်းနှီး မြှုပ်နှံမှု အဟန့်အတားတွေကို တခြားဒေသတွေက အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ဒေသခံတွေအပေါ် ထိခိုက်မှု အနည်းဆုံးနဲ့ အကျိုးရှိအောင် ကူညီဆောင်ရွက်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အချုပ်ဆိုရရင်တော့ MSDP ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်သာမက ဒီမိုကရေစီအလေ့အထတွေ ထွန်းကားလာဖို့အတွက်ပါအသုံးဝင်တဲ့ မူဘောင်တခုဖြစ်ရုံသာမက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုးရနဲ့ တိုင်းရင်းသားလူနည်းစုတွေအတွက် ထိရောက်တဲ့ ချိတ်ဆက်မှုတွေလုပ်ဆောင်ဖို့အတွက် ကနဦးခြေလှမ်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ MSDP ကို အကောင်အထည်ဖော်တဲ့နေရာမှာ ဒေသခံပြည်သူလူထုရဲ့အသံတွေ ပါဝင်လာမှုမရှိရင်တော့ အနှစ်သာရမရှိတဲ့ စီမံချက်တစ်ခုသာ ဖြစ်နေပါလိမ့်မယ်လို့ စာတမ်းရှင်က ရေးသားထားပါတယ်။

စာတမ်းအကျဉ်းချုပ်

  • မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို လမ်းညွှန်မှုပေးနိုင်ရန်အတွက် အစိုးရသည် မူဝါဒမူဘောင်အသစ်တစ်ခု(MSDP)ကို ၂၀၁၈ ခုနှစ်တွင် ချမှတ်ခဲ့သည်။ ပုဂ္ဂလိက၊ ပြည်တွင်းပြည်ပ နိုင်ငံပိုင်လုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများသည် အကြီးစားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို မြန်မာပြည်တွင်း၌ ဆောင်ရွက်လျက်ရှိသည်။ အကယ်၍သာ မူဝါဒကို အပြည့်အဝအကောင်အထည် ဖော်နိုင်ခဲ့မည်ဆိုလျှင် ထိုလုပ်ငန်းများအား နိုင်ငံတကာ စံချိန်၊ စံနှုန်းများနှင့် ကိုက်ညီလိုက်နာလာစေအောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
  • နိုင်ငံရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာအဓိကအဟန့်အတားများကို ကျော်လွှားနိုင်ခြင်းမရှိပါက အစိုးရ၏မူဝါဒမှာ စိတ်ကူးယဉ်ဆန္ဒသက်သက်သာ ဖြစ်နေပါလိမ့်မည်။ ယင်းအဟန့်အတားများတွင် အချို့သော နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများတွင် တပ်မတော်၏ထိန်းချုပ်ထားမှု၊ သယံဇာတကြွယ်ဝသော နိုင်ငံ၏ အစွန်အဖျားပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေမှုနှင့် အကျင့်ပျက်ခြစားမှု တို့ပါဝင်သည်။
  • မြန်မာအစိုးရသည် အခြေခံအဆောက်အဦခေတ်မီဖွံ့ဖြိုးစေလိုသောကြောင့် တရုတ်-မြန်မာစီးပွားရေး စင်္ကြံ(CMEC)ကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံအကြား မူအားဖြင့် သဘောတူညီပြီး ဖြစ်သည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေသည်။ အကျိုးဆက်အဖြစ် အထက်ပါစီမံကိန်းများမှာ နှစ်နိုင်ငံစီးပွားရေးကို ယခင်ကထက် ပိုမိုနီးစပ်လာစေမည် ဖြစ်သည်။
  • မူဝါဒအသစ်ကို အကောင်အထည်ဖော်ရန် လိုအပ်သောစွမ်းဆောင်ရည်ကို ထိန်းထေဖို့ရာ နေပြည်တော်(အစိုးရ)အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ(CSOs)၏ စွမ်းရည်ကို အသုံးချရန် အကြံပြုလိုပါသည်။ CSO အများစုမှာ ပဋိပက္ခနယ်ပယ်များတွင် တက်ကြွစွာလှုပ်ရှားနေပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များက ဒေသခံလူထုအကျိုးစီးပွားဖြစ်ထွန်းစေအောင် ကူညီဆောင်ရွက်ပေးနိုင်ပါလိမ့်မည်။

သန့်အောင်ပိုင်