ISP China Desk

၁။ စီမံကိန်းအကျဉ်းချုပ်

မူဆယ်-မန္တလေး မီးရထားလမ်းသည် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကုန်သွယ်ရေးအချက်အချာဖြစ်သော မန္တလေးမြို့ကို ချိတ်ဆက်ဖောက်လုပ်မည့် အမြန်ရထားလမ်းဖြစ်သည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံမှ အဆိုပြုထားသော  တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းသည် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတမ်းရှိ ကျောက်ဖြူမြို့၊ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တို့နှင့် မူဆယ်မြို့အား မန္တလေးမြို့မှတဆင့် အမြန်ရထားလမ်းများ၊ ကားလမ်းများ၊ ကုန်သွယ်မှုမြှင့်တင်ရေး အခြေခံအဆောက်အအုံများဖြင့် ချိတ်ဆက်ရန် ရည်ရွယ်သည်။

မူဆယ်-မန္တလေး အမြန်ရထားလမ်းသည် လက်ရှိတရုတ်နိုင်ငံတွင် ဆောက်လုပ်လျက်ရှိသော ဘေဂျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် ချိတ်ဆက်မည်ဖြစ်သည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းရှိ ပင်လယ်ထွက်ပေါက်မရှိသော တောင်ပိုင်းပြည်နယ်များအား မြန်မာနိုင်ငံမှတဆင့် ပင်လယ်ထွက်ပေါက်ရရှိစေမည်ဖြစ်သည်။ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ စတင်ဆောက်လုပ်သည့် ၂၀၀၉ ခုနှစ်၀န်းကျင်ကပင် ထိုပိုက်လိုင်းများနှင့်အပြိုင် ယူနန်ပြည်နယ်ရှိ ကူမင်းမြို့နှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကိုဆက်သွယ်မည့် ရထားလမ်းဖောက်လုပ်ရန် ဆွေးနွေးချက်များရှိခဲ့သည်။ ထိုဆွေးနွေးချက်များသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းအဆိုပြုချက်နှင့်အတူ ပြန်လည် အရှိန်ရလာခဲ့သည်။

သို့ဖြစ်ရာ လက်ရှိ မူဆယ်-မန္တလေး ရထားလမ်းသည် တရုတ်နိုင်ငံ၏ အဆိုပြုချက်ဖြစ်သော ကူမင်း-ကျောက်ဖြူရထားလမ်း အိမ်မက်ကို အကောင်အထည်ဖော်ခြင်း ပထမခြေလှမ်းဟု ဆိုနိုင်မည်ဖြစ်သည်။  ပထမဆင့်အကောင်ဖော်ပြီးနောက် ထိုရထားလမ်းအား မန္တလေးမှတဆင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ ဆက်လက်ဖောက်လုပ်မည့် အလားအလာရှိပြီး  တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် ပုံပေါ်လာမည်ဖြစ်သည်။

မူဆယ်မြို့သည် တရုတ်-မြန်မာကုန်သွယ်ရေးတွင် အရေးအပါဆုံးသော နယ်စပ်ဂိတ်ရှိရာမြို့ဖြစ်သည်။ လက်ရှိ တရုတ်-မြန်မာကုန်သွယ်ရေး တန်ဖိုးပေါင်း အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ရှိသည့်အနက် ၆ ဘီလီယံနီးပါးသည် နယ်စပ်ကုန်သွယ်ရေးဖြစ်သည်။  ထိုအထဲမှ ၅ ဒသမ ၈ ဘီလီကျော်သည် မူဆယ်နယ်စပ်ဂိတ်မှ ဖြတ်သွားခြင်းဖြစ်သည်။ လက်ရှိတွင် မန္တလေးမှ လားရှိုးအထိ ရထားလမ်းရှိပြီးသားဖြစ်သော်လည်း တစ်နာရီလျှင် ကီလိုမီတာ ၄၀ ဝန်းကျင် (၂၅ မိုင်ခန့်)သာ သွားနိုင်သည်ဖြစ်ရာ ခရီးမတွင်သည့်အတွက် ခရီးသည်ရော ကုန်ပစ္စည်းအတွက်ပါ ကားလမ်းကိုသာ အဓိကအသုံးပြုနေကြရသည်။

ယခုဖောက်လုပ်ရန် လျာထားသည့် ရထားလမ်းသစ်သည် ရှိပြီးသားလမ်းဟောင်းပေါ်တွင် ဆောက်လုပ်ခြင်းမျိုးမဟုတ်ဘဲ လမ်းအူကြောင်းအသစ်ဖောက်လုပ်မည်ဖြစ်သည်။ ထိုလမ်းသစ်သည် မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မေမြို့ စသည့် မြို့များအား ဖြတ်သန်းဖောက်လုပ်ရန် ရည်ရွယ်ထားပြီး ဆိုက်‌‌ရောက်မည့်နေရာအတွက် မန္တလေးမြို့တောင်ဘက်ရှိ ပလိပ်မြို့အနီးတွင် ဘူတာအသစ် ဆောက်လုပ်ရန် လျာထားသည်။ ရထားလမ်းဖောက်လုပ်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ဖြစ်တန်ချေဆန်းစစ်ချက်ကို တရုတ်နိုင်ငံ China Railway Eryuan Engineering Group (CREEG) မှ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလကြာ ဆောင်ရွက်ခဲ့သည်။ မေလတွင် ဆန်းစစ်ချက်အစီရင်ခံစာအား မြန်မာနိုင်ငံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ စီမံကိန်းကုန်ကျစရိတ် ၈ ဒသမ ၉ ဘီလီယံဒေါ်လာခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံမှ မည်မျှထည့်၀င်ရင်းနှီးမြုပ်နှံရမည်ဆိုသည်ကို မသိရှိရသေးပေ။ ကနဦးလေ့လာဆဲကာလဖြစ်သောကြောင့် အသေးစိတ် အချက်အလက်များကို  အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ရထားလမ်းအူကြောင်း ရွေးချယ်ခြင်းနှင့် Master Plan များရေးဆွဲခြင်းကို ၂၀၁၉ နှစ်ကုန်တွင် အတည်ပြုနိုင်ရန် ရည်ရွယ်ထားကြသည်။ ယင်းကိစ္စများ ဆောင်ရွက်ပြီးမှသာ ရင်းနှီးမြုပ်နှံမှုအပိုင်းများနှင့် ငွေးကြေးထည့်ဝင်မှုအပိုင်းများကို ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။ Master Plan ရေးဆွဲပြီးနောက် နိုင်ငံတကာတင်ဒါများ ခေါ်ယူပြီး အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု (Public-Private Partnership – PPP) နည်းလမ်းဖြင့် ရထားလမ်းကို အကောင်အထည်ဖော်ဆောက်လုပ်မည်ဖြစ်သည်။

၁.၁။ စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် စစ်ကောင်စီလက်ထက် တွေ့ဆုံဆွေးနွေးမှုများ

အာဏာသိမ်းပြီး တနှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် ဇွန်လတွင် စီမံကိန်းကို ဦးဆောင်သည့် စစ်ကောင်စီ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပြန်လည်စတင်ရန် ပြင်ဆင်မှုများရှိခဲ့သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် မူဆယ်-မန္တလေးရထားလမ်းသစ် တည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေလေ့လာမှုအစီရင်ခံစာတွေ့ရှိချက်များနှင့် မန္တလေး-ကျောက်ဖြူရထားလမ်းပိုင်းအတွက် ဖြစ်နိုင်ခြေအစီရင်ခံစာကို စစ်ကောင်စီ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဘေဂျင်းမြို့ရှိ China Railway Group Co.Ltd ၏ ရုံးချုပ်တွင် သွားရောက်ဆွေးနွေးခဲ့သည်။ ထိုကုမ္ပဏီသည် စီမံကိန်းအကောင်အထည်ဖော်မည့် CREEG ၏ ပင်မကုမ္ပဏီဖြစ်သည်။ ထို့အပြင် China Communication Construction Company နှင့် China Harbor Engineering Company စသည့် ဆောက်လုပ်ရေး ကုမ္ပဏီများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သည်။ စက်တင်ဘာ ၂၅ ရက်တွင် China Railway Group Co.Ltd ၌ တရုတ်နိုင်ငံအတွင်း ပြေးဆွဲသည့် ရထားများ၏ ထိန်းချုပ်ရေးစနစ်များ (Centralized Traffic Control – CTC) ကိုလည်း လေ့လာခဲ့သည်။

ဗိုလ်ချုပ်ကြီးမြထွန်းဦး တရုတ်နိုင်ငံသို့သွားရောက်ပြီး နှစ်ပတ်ကျော်အကြာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင်ကျင်းပသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၃) ၌ ရထားလမ်းစီမံကိန်းအတွက် ဆွေးနွေးချက်များရှိခဲ့သည်။ ထိုဗဟိုအဖွဲ့အစည်းအဝေးတွင် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းအပြင် စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်မည့် မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းနှင့် မဟာဗျူဟာကျသော စီမံကိန်းတခုဖြစ်သည့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းတို့ကိုလည်း နှစ်အလိုက်အကောင်အထည်ဖော်ရန် စစ်ကောင်စီ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုက်တွန်းခဲ့သည်။ (ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို ISP-Myanmar Special Issue တွင် ရှုပါ။)

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စီမံကိန်းအကောင်အထည်ဖော်ရန် နိုင်ငံတော်အဆင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ (Project Steering Committee) ကို စစ်ကောင်စီက ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ အဆိုပါကော်မတီသည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အစိုးရချင်းတွေ့ဆုံညှိနှိုင်းရန် စီစဉ်ဆောင်ရွက်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ရေးမူဘောင် (Framework) ကို ရေးဆွဲနိုင်ရေး ဆောင်ရွက်မည်ဖြစ်သည်။ ထို့နောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် မူဆယ်-မန္တလေးရထားလမ်း စီမံကိန်းအတွက် တရုတ်-မြန်မာနှစ်နိုင်ငံကြား အစိုးရချင်းညှိနှိုင်းဆောင်ရွက်ရေးမူဘောင် (Government to Government Framework) ကို အတည်ပြုနိုင်ရန် ကြိုးပမ်းခဲ့သည်။

၂။ အချိန်ကာလပြဇယား

၂၀၁၁                –   ကျောက်ဖြူ-ကူမင်း မီးရထားလမ်း ဖြစ်တန်ချေဆန်းစစ်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ထိုး။

၂၀၁၄                –   အထက်ပါ နားလည်မှုစာချွန်လွှာ သက်တမ်းကုန်ဆုံး။

၂၀၁၇ မေ          –   CREEG မှ မူဆယ်မှ မန္တလေးအထိ ရထားလမ်းအတွက် ဖြစ်နိုင်ခြေစမ်းသပ်စစ်ဆေးမှု ပြုလုပ်ရန် အဆိုပြု။

၂၀၁၈ ဇွန်          –   နှစ်နိုင်ငံနားလည်မှုစာချွန်လွှာမူကြမ်း ပြင်ဆင်။

၂၀၁၈ အောက်တိုဘာ      – ရထားလမ်းဖောက်လုပ်ရန်အတွက် မြေပြင်တိုင်းတာမှု လုပ်ငန်းများအတွက် ပို့ဆောင်ရးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံ CREEG တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး။ ရထားလမ်းကြောင့်ဖြစ်နိုင်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအဖွဲ့အစည်းအပေါ် သက်ရောက်မှုများကို နှစ်နှစ်အတွင်းပြီးပြတ်အောင် လေ့လာကြရန်သဘောတူ။ တစ်နှစ်အတွင်း ပြီးနိုင်လိမ့်မည်ဟု ခန့်မှန်း။

၂၀၁၉ ဇန်နဝါရီ-ဧပြီ        – နည်းပညာပိုင်းဆိုင်ရာ ဖြစ်တန်ချေဆန်းစစ်ချက် ဆောင်ရွက်။

၂၀၁၉ ဧပြီ – နည်းပညာပိုင်းဆိုင်ရာ ဖြစ်တန်ချေဆန်းစစ်ချက် အစီရင်ခံစာကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားသို့ လွှဲပြောင်းပေး။

၂၀၁၉ ဇွန် – မူဆယ်မြို့တွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ တရုတ်နိုင်ငံ CREEG ဘက်မှ ပညာရှင် ၅ ဦးနှင့် မူဆယ်မြို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ မြေတိုင်းခြင်း၊ မြေယာလျော်ကြေးကိစ္စများအတွက် အကြိုညှိနှိုင်းဆွေးနွေး။

၂၀၂၀ ဇန်နဝါရီ – တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းတွင် မြန်မာ့မီးရထား၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဘမြင့်နှင့် CREEG ၏ ဥက္ကဋ္ဌ  Zhang Zhongyang တို့က မူဆယ်-မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံကို လွှဲပြောင်းပေးခြင်းစာလွှာကို လဲလှယ်ခဲ့သည်။

၂၀၂၀ ဇွန်- ဖြစ်နိုင်ခြေလေ့လာမှုကို စိစစ်သုံးသပ်ရန် ဆွစ်ဇာလန်ကုမ္ပဏီတခုက တတိယအဖွဲ့အစည်း (Third Party) အဖြစ် ဆောင်ရွက်ခဲ့။

(၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ရထားလမ်းစီမံကိန်း အကောင်အထည်ဖော်မှုများနှင့် တွေ့ဆုံဆွေးနွေးမှုများသည် ရပ်တန့်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီက အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် ကြိုးပမ်းခဲ့သည်။)

၂၀၂၁ ဇန်နဝါရီ ၁၀ – မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းအတွက် ဖြစ်မြောက်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာ့မီးရထားလုပ်ငန်းနှင့် စီမံကိန်းအဆိုပြုကုမ္ပဏီဖြစ်သော တရုတ်နိုင်ငံပိုင် China Railway Eryuan Engineering Group (CREEG) တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၂၂ ဇူလိုင် ၂၁ – မူဆယ်-မန္တလေးမီရထားလမ်းစီမံကိန်း ပြန်လည်စတင်ရန် ပထမအဆင့်လမ်းပိုင်းစတင်ဖောက်လုပ်ရန် တရုတ်နိုင်ငံနှင့် စစ်ကောင်စီအကြား ညှိနှိုင်းခဲ့သည်။

၂၀၂၂ စက်တင်ဘာ ၄ – မန္တလေး-ကျောက်ဖြူမီးရထားလမ်း စီမံကိန်းဖြစ်နိုင်ခြေလေ့လာမှုများ ပြုလုပ်နေကြောင်း စစ်ကောင်စီ မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်က ထုတ်ပြန်သည်။

၂၀၂၃ နိုဝင်ဘာ – နိုင်ငံတော်အဆင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ (Project Steering Committee) ကို စစ်ကောင်စီက ဖွဲ့စည်းခဲ့သည်။

၂၀၂၄ ဇန်နဝါရီ ၅ – တရုတ်-မြန်မာ နှစ်နိုင်ငံအကြား မူဘောင်သဘောတူညီချက် (Framework Agreement) ရေးထိုးနိုင်ရန် ပြင်ဆင်ခဲ့သည်။

၂၀၂၄ မတ် – ဘဏ္ဍာရေးဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီကို စစ်ကောင်စီက ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

 

၃။ စီမံကိန်းအသေးစိတ်အချက်အလက်များ

ရထားလမ်းအရှည်         –   ၄၁၄ ကီလိုမီတာ(၂၅၈ မိုင်)။

လမ်းအမျိုးအစား           –   တစ်လမ်းသွား(နောင်တွင် နှစ်လမ်းသွားဖောက်လုပ်ရန် လျာထားချက်များရှိ)။

မြန်နှုန်း                           –   တစ်နာရီ ၁၆၀(မိုင် ၁၀၀ နီးပါး)။ (လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ ရထားလမ်းများ၏ အမြန်နှုန်းမှာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် တစ်နာရီ ကီလိုမီတာ ၄၀(၂၅ မိုင်ခန့်) ခန့်၊ မန္တလေး-ရန်ကုန် ရထားလမ်းပိုင်းတွင် တစ်နာရီ ကီလိုမီတာ ၆၀ ဝန်းကျင်(၃၇ မိုင်ကျော်) ဖြစ်သည်။)

ရထားအမျိုးအစား          –   လူစီး-ကုန်တင်(အသေးစိတ်မသိရသေး)။

ဖြတ်သန်းသွားမည့်မြို့များ –  မန္တလေး၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်(စုစုပေါင်း ၁၁ မြို့နယ်ကို ဖြတ်သန်းသွားမည်ဖြစ်သည်။)

ဘူတာအရေအတွက် – ၃၆ ခု။

ဥမင်အရေအတွက်         – ၆၀ ၀န်းကျင်။

တံတားအရေအတွက်     – ၁၂၄ စင်း။

ခရီးဆုံးဆိုက်ရောက်မည့်ဘူတာ    – မန္တလေးမြို့တောင်ဘက်၊ ပုလိပ်မြို့တွင် ဘူတာအသစ်တည်ဆောက်မည်။

ခန့်မှန်းကုန်ကျစရိတ်       – ၈.၉ ဘီလီယံဒေါ်လာ။

မြန်မာနိုင်ငံမှ ထည့်၀င်ရမည့် ရင်းနှီးမြုပ်နှံမှု ပမာဏ                         – အတည်မပြုနိုင်သေး။

ဖြစ်တန်ချေဆန်းစစ်ခြင်း              – ဇန်နဝါရီ-ဧပြီ ၂၀၁၉ (နည်းပညာဆိုင်ရာ)။  လူမှုဝန်းကျင်နှင့် သဘာ၀၀န်းကျင် ဆန်းစစ်ချက်(အသေးစိတ်မသိရှိရသေး)။

Master Plan ပြီးစီးမည့်အချိန်      – ၂၀၁၉ ခုနှစ်ကုန်။

စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့်ပုံစံ             – နိုင်ငံတကာတင်ဒါ။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှု စစ်တမ်းပြုလုပ်သော ကုမ္ပဏီ – Ever Green Tech Environmental Services and Training Co. Ltd (မြန်မာ)

လူထုတွေ့ဆုံမှုပြုလုပ်ခဲ့သည့် အကြိမ်အရေအတွက် – ၁၉ ကြိမ်

လက်ရှိအခြေအနေ – ၂၀၁၉၊ ဒီဇင်ဘာတွင် Scoping Report ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြထား။

၄။ ပါဝင်သောအဖွဲ့အစည်းများ

တရုတ်နိုင်ငံဘက်မှ အဓိကပါ၀င်မည့်အဖွဲ့အစည်း    – ဖြစ်တန်ချေ ဆန်းစစ်ခြင်းဆောင်ရွက်သည့် China Railway Eryuan Engineering Group(CREEG) ကုမ္ပဏီကပင် Master Plan ရေးဆွဲမည်ဟုယူဆရသည်။

China Railway Eryuan Engineering Group Co., LTD ကို ၁၉၅၂ ခုနှစ် စက်တင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ချန်ဒူးမြို့တွင် ဌာနချုပ်ထားရှိသည်။ မြေတိုင်းခြင်း၊ ဒီဇိုင်းဆွဲခြင်း၊ သဘာဝပတ်ဝန်းကျင် ဆန်းစစ်ခြင်း၊ ဥမင်လိုဏ်ခေါင်းတူးခြင်း အစရှိသည်တို့ကို လုပ်ကိုင်လျက်ရှိသည်။ China Railway Eryuan Engineering Group Co., LTD အနေဖြင့် ပေကျင်း-ရှန်ဟိုင်း အမြန်ရထားလမ်းစီမံကိန်း၊ ကူမင်းဘူတာရုံစီမံကိန်း၊ ကူမင်းရထားလမ်း တံတားစီမံကိန်းတို့အပါအ၀င် ရထားလမ်းများတလျှောက်ရှိ ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။

ကုမ္ပဏီသည် ကမ္ဘာ့ထိပ်တန်းစီးပွားရေးလုပ်ငန်း ၅၀၀ နှင့် ကမ္ဘာ့ထိပ်တန်း ကုန်အမှတ်တံဆိပ် ၅၀၀ တွင် ပါဝင်သော China Railway Group Limited ၏ အစိတ်အပိုင်းဖြစ်ပါသည်။ ဖြစ်တန်ချေ ဆန်းစစ်ခြင်းဆောင်ရွက်ခြင်းအတွက် China Railway Group Limited က ကုန်ကျစရိတ်ကျခံခြင်း ဖြစ်သည်။ ဖြစ်တန်ချေ ဆန်းစစ်ခြင်းဆောင်ရွက်သူအနေဖြင့် စီမံကိန်းတည်ဆောက်ခွင့်ရမည်ဟု အာမခံချက်မရှိကြောင်း နားလည်မှု စာချွန်လွှာတွင် ပါရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံဘက်မှ အဓိက ဦးဆောင်သောဌာန        – ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား။

၁၉၉၂ ခုနှစ်၊ တပ်မတော်အစိုးရလက်ထက်တွင် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဟူ၍ ၀န်ကြီးဌာန သုံးခု ခွဲခြားထားခဲ့သည်။ သမ္မတ ဦးသိန်းစိန်လက်ထက်၊ ၂၀၁၂ ခုနှစ်တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနအား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အာဏာရသည့် ၂၀၁၆ ခုနှစ်တွင် အဆိုပါ၀န်ကြီးဌာနသုံးခုကို ပေါင်းစည်းလိုက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာနအဖြစ် ပြောင်းလဲလိုက်သည်။ လက်ရှိတွင် ယင်း၀န်ကြီးဌာနအောက်တွင် ဌာနနှင့် အဖွဲ့အစည်း ၁၈ ခုရှိသည့်အနက် ရထားလမ်းစီမံကိန်းကို မြန်မာ့မီးရထားဌာနက ကိုင်တွယ်မည် ဖြစ်သည်။

၅။ သက်ရောက်မှုလေ့လာဆန်းစစ်ချက်များ

ရထားလမ်းဖောက်လုပ်ရေး မြေပြင်တိုင်းတာမှု လုပ်ငန်းများအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံ CREEG တို့သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် နားလည်မှုစာချွန်လွှာကို  လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီမှုအရ CREEG  မှ ရထားလမ်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာ၀ပတ်၀န်းကျင်နှင့် လူမှုအဖွဲ့အစည်းအပေါ် သက်ရောက်မှုတို့ကို ၂ နှစ်အတွင်း လေ့လာမည်ဟုဆိုထားသော်လည်း တစ်နှစ်အတွင်းပြီးစီးနိုင်မည်ဟု ခန့်မှန်းကြောင်း မြန်မာ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာမှ တာဝန်ရှိသူတစ်ဦးက ဆိုထားပါသည်။ ရထားလမ်းကြောင်းတလျှောက် ဖြစ်တန်ချေဆန်းစစ်ချက်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ တရုတ်နိုင်ငံ CREEG မှ ဆောင်ရွက်ခဲ့ပြီး ထို အစီရင်ခံစာကို မေလတွင် မြန်မာ့မီးရထားကို လွှဲပြောင်းပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် စီမံကိန်းဆိုင်ရာသတင်းအချက်အလက်များကို ၄င်းတို့အား အသိပေးပြောဆိုခြင်းမရှိဟုဆိုသည့် ဒေသခံပြည်သူများ၏ ဝေဖန်ပြောဆိုချက်များပေါ်ထွက်ခဲ့သည်။ သို့သော် အထက်ပါအစီရင်ခံစာမှာ နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်သာဖြစ်သည်ဟု ၂၀၁၉ မေလတွင် ကျင်းပခဲ့သော  ဒုတိယကြိမ်မြောက် BRI ဆွေးနွေးပွဲ၏ ရလဒ်များတွင်ဖော်ပြခဲ့သည်။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး သက်ရောက်မှုဆန်းစစ်ချက်များကို အထက်ပါအဖွဲ့အစည်းကပင်ဆောင်ရွက်မည်ဟု နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။

ထိုရထားလမ်းစီမံကိန်းကြောင့် ထိန်းသိမ်းကာကွယ်ထားသင့်သော သစ်တောများ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရထားလမ်းဖြတ်သွားရာတလျောက်တွင် ပြည်သူများအဓိကမှီခိုနေသော သဘာဝရေအရင်းအမြစ်များ ပျောက်ဆုံးသွားနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် စစ်တမ်းပြုလုပ်ခဲ့သော ကုမ္ပဏီက တွေ့ရှိထားသည်။ ထို့အပြင် စီမံကိန်းတည်ဆောက်ချိန်တွင် ထွက်လာသော စွန့်ပစ်ပစ္စည်းများစွန့်ပစ်မှု၊ မြန်နှုန်းမြင့် ရထားလမ်း၏ တုန်ခါမှုကြောင့် အသံဆူညံမှုအပြင် လေထုညစ်ညမ်းမှုများ ကြုံတွေ့ရမည်ဖြစ်သည်။ ထို့အပြင် လျှပ်စစ်ရထား အမျိုးအစားဖြစ်ခြင်းကြောင့် လျှပ်စစ်ရုံများ တည်ဆောက်ရမည်ဖြစ်ပြီး  မြေယာသိမ်းဆည်းမှု အများအပြား ကြုံတွေ့ရမည်ဟု တွေ့ရှိထားသည်။ တောင်တန်းများကိုဖြတ်တာ ဖောက်လုပ်မည့် ရထားလမ်းကြောင့် ရှမ်းပြည်နယ်၏ တောင်တန်းအလှကို ပျက်စီးစေလိမ့်မည်၊ ထိန်းသိမ်းသစ်တောဧရိယာများပါ ဆုံးရှုံးရလိမ့်မည်ဟုလည်း တွေ့ရှိထားသည်။

၆။ လူထုတုံ့ပြန်မှု

စီးပွားရေးအားဖြင့် မူဆယ်-မန္တလေး လမ်းသည် တရုတ်-မြန်မာကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းတစ်ခုဖြစ်သည်။ ယင်းကြောင့် မီးရထားလမ်းဖောက်လုပ်ပြီးပါက ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ချောမွေ့လာနိုင်မည်ဟု တရုတ်-မြန်မာကုန်သွယ်ရေး ဆောင်ရွက်နေသူအချို့က မျှော်လင့်ကြသည်။ တချို့ကလည်း လက်ရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် မြန်မာနိုင်ငံ၏ အဓိကသွင်းကုန်များအပေါ် တရုတ်နိုင်ငံ၏ ကန့်သတ်မှုများကြောင့် တစ်ဖက်စောင်းနင်းဖြစ်နေရာ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများကို ညှိနိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်းထောက်ပြကြသည်။

တစ်ဘက်တွင်လည်း အဆိုပါမီးရထားလမ်းသည် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေသော နေရာများကို ဖြတ်သန်းသွားရမည်ဖြစ်ရာ စီမံကိန်းနယ်မြေတွင် စစ်ရေးချဲ့ထွင်ခြင်းများကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်။ ထို့အပြင် မီးရထားလမ်းဖောက်လုပ်မည့် လမ်းကြောင်းတလျှောက်အတွက် မြေဧက အမြောက်အများလိုအပ်မည်ဖြစ်ရာ မိမိတို့၏မြေယာများ အသိမ်းခံရခြင်းများ၊ အသက်မွေးလုပ်ငန်းများအား ထိခိုက်ခြင်းများ ဖြစ်လာမည်ကို ဒေသခံပြည်သူများက စိုးရိမ်ပူပန်နေတို့လည်း ရှိနေသည်။ အထူးသဖြင့် ထိုရထားလမ်းသည် နိုင်ငံဖြတ်ကျော် ရထားလမ်းဖြစ်ရာ မြန်မာနိုင်ငံအတွင်းရှိ စီမံခန့်ခွဲမှုတာဝန်များကို မြန်မာနိုင်ငံဘက်မှ အပြည့်အဝဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံခြားတိုင်းပြည်တစ်ခုမှ ဆောင်ရွက်ပါက မြန်မာနိုင်ငံ၏အချုုပ်အခြာအာဏာကို ထိပါလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်ထောက်ပြကြသည်။

Loading...