ISP China Desk

စီမံကိန်း အကျဉ်းချုပ်

ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင်တည်ရှိသည်။ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင်ရှိပြီး ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသည်။ စီမံကိန်းသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင်ပါ၀င်သည့် စက်မှုဇုန်စီမံကိန်း၊ လူနေအိမ်ရာစီမံကိန်းနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း စသည့် သုံးခုအနက်မှ တစ်ခု ဖြစ်ပြီး ကနဦးအကောင်အထည်ဖော်မည့်စီမံကိန်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံကို ရေနံတင်ပို့ရာတွင် မလေးကျွန်းဆွယ်ရှိ မလက္ကာရေလက်ကြားကို အသုံးပြုရန်မလိုတော့ဘဲ အိန္ဒိယသမုဒ္ဒရာအား တိုက်ရိုက်အသုံးပြုခွင့်ရရှိစေမည့် မဟာဗျူဟာကျသည့် စီမံကိန်းဖြစ်သည်။ ယင်းအပြင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိပြီး ကုန်းတွင်းပိတ်ပြည်နယ်တစ်ခုဖြစ်သည့် ယူနန်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်း အရေးပါသည့် စီမံကိန်းလည်း ဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခါးပတ်တစ်ကွင်းလမ်းတစ်စင်း(BRI)အဆိုပြုချက်၏ တစိတ်တပိုင်းအဖြစ်ပုံဖော်လေ့ရှိသော်လည်း ယင်းစီမံကိန်းစတင်သန္ဓေတည်သည့် အချိန်သည် BRI ကို စတင်အဆိုပြုသည့် အချိန်ထက် များစွာစောခဲ့သည်။

တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများကို ၂၀၀၉ ခုနှစ်တွင် စတင်သည်။ ထိုအချိန်ကတည်းကပင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်ကို ချိတ်ဆက်ပေးမည့် ရထားလမ်းစီမံကိန်း ဆွေးနွေးချက်များ ရှိနေခဲ့သည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အစိုးရနှင့် လွှတ်တော်တို့၏ အတည်ပြုချက်ဖြင့် တရုတ်နိုင်ငံပိုင် ကော်ပိုရေးရှင်း (China International Trust Investment Corporation – CITIC) ဦးဆောင်သည့် ကုမ္ပဏီအစုအဖွဲ့အား ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဆောက်လုပ်အကောင်အထည်ဖော်ခွင့်ကို ပေးအပ်ခဲ့သည်။

ကနဦးသဘောတူညီချက်တွင် ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်ဘက်မှ အစုရှယ်ယာ ၈၅ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းအတွက် မြန်မာဘက်က မြေနေရာထည့်ဝင်ရမည် ဖြစ်သည်။  သို့သော် ၂၀၁၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသစ် တာဝန်ယူပြီးနောက် ရင်းနှီးမြှုပ်နှံမှုနှင့် ရှယ်ယာခွဲဝေမှုဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးခဲ့သည်။

အချိန်နှစ်နှစ်ကျော် ဆွေးနွေးပြီးနောက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ရှယ်ယာနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် မူဘောင်သဘောတူညီမှုနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ယခင်က စီမံကိန်း၏ ကုန်ကျစရိတ်အား အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံဟု သဘောတူညီထားရာမှ  ပထမအဆင့်အတွက် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံဖြင့်သာ စတင်ရန်နှင့် ပထမအဆင့်လုံးဝပြီးစီးမှသာ လိုအပ်ချက်များအရ ထပ်မံတိုးချဲ့ အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသည်။

အသစ်ညှိနှိုင်းထားသော သဘောတူညီမှုအရ CITIC ဦးဆောင်သော ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုကို ၇၀ ရာခိုင်နှုန်းထည့်ဝင်မည်ဖြစ်ပြီး မြန်မာဘက်မှ မြေနေရာအတွက် ၁၅ ရာခိုင်နှုန်းနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ၁၅ ရာခိုင်နှုန်း ထပ်မံထည့်ဝင်ရမည်ဖြစ်သည်။ ကျောက်ဖြူစီမံကိန်းတွင် မြန်မာအနေနှင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရင်နှီးမြှုပ်နှံရမည်ဖြစ်ရာ ပြည်ပမှ ချေးငွေရယူရဖွယ်ရှိနေသည်။ သို့သော် ဒေါ်လာ ၁ ဘီလီယံကျော်အနက် ပထမအအဆင့်အကောင်အထည်ဖော်ရာတွင် သန်းတစ်ရာ၀န်းကျင်သာ ထည့်၀င်ရဦးမည်ဖြစ်သည်။ ပထမအဆင့်လုပ်ငန်းများအတွက် အရင်းကျေပြီးမှသာ နောက်အဆင့်များကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးလည်းဖြစ်သည့် ဦးဆက်အောင်က ပြောဆိုထားသည်။

တရုတ်ကုမ္ပဏီ CITIC Myanmar Port Investment Limited နှင့် မြန်မာ အစိုးရ၏ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ ဖက်စပ် ဖွဲ့စည်းထားသည့် Kyaukphyu Special Economic Zone Deep Seaport Co. Ltd မှတ်ပုံတင်ခြင်းကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) က ၂၀၂၀ ခုနှစ် သြဂုတ်လ ၆ ရက်တွင် အတည်ပြုပေးခဲ့သည်။

DICA ၏မှတ်တမ်းများအရ Kyaukphyu Special Economic Zone Deep Seaport Co. Ltd ကို ဒါရိုက်တာအဖွဲ့ဝင် ၆ ဦးဖြင့်ဖွဲ့စည်းထားကာ မြန်မာအစိုးရတာဝန်ရှိသူ ၂ ဦးနှင့် တရုတ်ကုမ္ပဏီဘက်မှ ၄ ဦးတို့က တာဝန်ယူထားသည်။ မြန်မာနိုင်ငံဘက်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဖြစ်သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်နှင့် စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း တို့က ဖက်စပ်ကုမ္ပဏီတွင် ဒါရိုက်တာ အဖြစ် တာဝန် ထမ်းဆောင်မည် ဖြစ်သည်။ တရုတ်ဘက်မှ CITIC Group (Myanmar) ၏ မန်နေးဂျင်းဒါရိုက်တာ Yuan Shaobin နှင့် လက်ထောက် မန်နေးဂျင်း ဒါရိုက်တာ Liu Qing၊ Shan Liming၊ Ma Chuanfu နှင့် Sun Tiejun တို့က ဒါရိုက်တာများအဖြစ် တာဝန်ယူမည် ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ CITIC လုပ်ငန်းစုက စက်မှုဇုန်၏ ၅၁ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကျောက်ဖြူစက်မှုဇုန် တည်ဆောက်ရေးကို CITIC နှင့် ဒေသခံလုပ်ငန်းရှင်များအစုအဖွဲ့ (MKSHC-Myanmar Kyauk Phyu Special Economic Zone Holding Consortium Public Co.,LTD) လက်အောက်မှ မြန်မာပုဂ္ဂလိကကုမ္ပဏီ ၄၂ ခုက ဦးဆောင်လိမ့်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောသည်။ အစောပိုင်းကာလ ဝန်ကြီးဌာန၏ အဆိုအရ ဒေသခံလုပ်ငန်းရှင်များ အစုအဖွဲ့ကို ကုမ္ပဏီ ၅၂ ခုဖြင့် စုဖွဲ့ထားသည်ဟု ဒေသခံလုပ်ငန်းရှင်များအစုအဖွဲ့ (MKSHC) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင်  ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် Kyaukphyu Special Economic Zone Deep Seaport Co. Ltd (စီမံကိန်း လုပ်ငန်းဆောင်ရွက်ခွင့်ရှိသူ) တို့ကြား လုပ်ငန်းဆောင်ရွက်မှု သဘောတူညီမှုစာချုပ် (Concession Agreement) ကို လက်မှတ်ရေးထိုးခဲ့သည်။  သဘောတူညီချက်အရ ရမ်းဗြဲကျွန်းဆိပ်ကမ်း၊ မဒေးကျွန်းဆိပ်ကမ်းအကြား ပေါင်းကူး တံတား၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် (စက်မှုဇုန်) သို့ဆက်သွယ်မည့် ၁၅ ကီလိုမီတာ ရှည်လျားသည့် ဆက်သွယ်ရေးလမ်းများ၊ ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် ပုံဖော်မှု၊ ဒီဇိုင်း၊ တည်ဆောက်မှု၊ ငွေကြေးထည့်ဝင်မှု၊ လုပ်ငန်းလည်ပတ်မှု၊ ထိန်းသိမ်းမှုနှင့် လွှဲပြောင်းမှုဆိုင်ရာကိစ္စတို့ကို ကုမ္ပဏီမှ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အချိန်ကာလပြဇယား

၂၀၂၁ ခုနှစ် မေ ၃ ရက်တွင် စစ်ကောင်စီမှ စီမံကိန်း အကောင်အထည်ဖော်ရာတွင် အဓိက စီမံခန့်ခွဲမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အငြိမ်းစား ဦးမြင့်သိန်းက ဥက္ကဌအဖြစ်၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစံရွှေမောင်က ဒုတိယဥက္ကဌ အဖြစ်ပါဝင်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူများ၊ မြန်မာ ဆိပ်ကမ်းအာဏာပိုင်(ရခိုင်ပြည်နယ်)မှ  တာဝန်ရှိသူများပါဝင်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ခြင်းသည် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ပြီး အလုပ်အကိုင်များ ဖန်တီးပေးကာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေကြောင်း စစ်ကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာအထူးစီးပွားရေးဇုန်ဗဟိုအဖွဲ့ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၁ ခုနှစ် ဇွန်လ တွင် ပြောကြားခဲ့သည်။

ထို့နောက် စီမံကိန်း အကောင်အထည်ဖော်ရာတွင် အဓိက စီမံခန့်ခွဲမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို  ဥပဒေရေးရာ အကြံပေးရန်အတွက် ကုမ္ပဏီဌားရမ်းသည့်တင်ဒါကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၉ ရက်တွင်ကြေညာခဲ့သည်။ ဥပဒေရေးရာ အကြံပေးရန်အတွက် ပြည်တွင်း ကုမ္ပဏီများသာမက ပြည်ပကုမ္ပဏီများပါ လျောက်ထားနိုင်ကြောင်း ထည့်သွင်းရေးသားထားသည်။

CITIC Constructionနှင့် CCCC FHDI တို့ အကျိူးတူပူးပေါင်းထားသည့် အဖွဲ့က စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းစဉ်အတွက် လိုအပ်မည့် ပဏာမ ကွင်းဆင်းစုံစမ်းစစ်ဆေးရေးလုပ်ငန်းများ နှင့် အကြံပေးအဖြစ် ဆောင်ရွက်သွားရန်လေလံအောင်ကြောင်း CITIC Myanmar ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ CCCC FHDI မှာ China Communications Construction Company (CCCC) ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည်။ လုပ်ငန်းဆောင်ရွက်ရန် သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးပွဲကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ပေကျင်း၌ ပြုလုပ်ခဲ့သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင်  ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းအား စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က သွားရောက်ကြည့်ရှုခဲ့ကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြခဲ့သည်။ ထို့အပြင် စစ်ကောင်စီ မြန်မာစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပရာတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် စီးပွားရေးဖွံ့ဖြိုးရေးအတွက် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သောကြောင့် လျင်မြန်စွာ အကောင်အထည် ဖော်ရန်လိုအပ်ကြောင်း စီးပွားရေးဇုန် ဥက္ကဌ ဒေါက်တာပွင့်ဆန်း ကပြောခဲ့သည်ဟု စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို စောလျင်စွာ အကောင်အထည်ဖော်နိုင်ရန် စစ်ကောင်စီဖက်က ကြိုးပမ်းမှုများရှိခဲ့သည်။ အခြားတဖက်တွင်လည်း စီမံကိန်းအတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကိုဖြည့်ပေးနိုင်ရန် ၁၃၅ မဂ္ဂါဝပ်ထွက်ရှိမည့် ကျောက်ဖြူဓာတ်အားပေးစက်ရုံစီမံကိန်းကို ၂၀၂၃ ခုနှစ်တွင် အပြီးသတ်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ၂၀၂၃ ခုနှစ် မေ ၁၉ ရက်တွင် ထိုဓာတ်အားပေးစက်ရုံကို စတင်လည်ပတ်ခဲ့ပြီး ဓာတ်အားပေးစက်ရုံသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများရှိရာ ကျောက်ဖြူမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကြောင်း တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်က ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲတွင် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ထို့အပြင် ယခင်အရပ်သားအစိုးရလက်ထက်တွင် ချုပ်ဆိုခဲ့သော တရုတ်-မြန်မာ နှစ်နိုင်ငံအကြားစာချုပ်များတွင် သဘောထားကွဲလွဲမှုများရှိသောကြောင့် ဗဟိုလုပ်ငန်းအဖွဲ့က ဦးဆောင်၍ နှစ်ဖက်လုပ်ငန်းအဖွဲ့များအချင်းချင်း ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေးဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေးတွင် ကြေညာခဲ့သည်။ ဆွေးနွေးမှုများပြီးပါက စီမံကိန်းများကို အမြန်ဆုံးစတင်နိုင်ရန် နှစ်နိုင်ငံအကြား ကြိုတင်ပြင်ဆင်ရမည့် စာချုပ်အကောင်အထည်ဖော်ရေးအတွက် စံနှုန်းသတ်မှတ်ချက်များ (Conditions Precedent) ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

စီမံကိန်းတွင် မြန်မာကုမ္ပဏီများအနေနှင့် စီမံကိန်းတွင် ပါဝင်ရန် ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများပါဝင်သည့် အဖွဲ့အစည်း Myanmar Government Designed Entity Consortium အတွက် စိစစ်ရွေးချယ်ရေးကော်မတီကို စစ်ကောင်စီ မြန်မာအထူးစီးပွားရေးဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဌအဖြစ် စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းကို ခန့်အပ်ခဲ့သည်။ ကုမ္ပဏီသက်တမ်း ၁၀ နှစ် ဖြစ်စေ၊ အခြေခံအဆောက်အအုံတည်ဆောက်မှု အနည်းဆုံး ငါးနှစ်စာ အတွေ့အကြုံရှိသည်ဖြစ်စေ၊ ဒေသခံရခိုင်တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသည့် မြန်မာကုမ္ပဏီများသည် သုံးနှစ်အတွင်း လုပ်ငန်းဝင်ငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ငါးသန်းထည့်ဝင်နိုင်မည်ဖြစ်သည်။ စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ကို စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က နိုဝင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ လျှောက်ထားနိုင်ကြောင်း စစ်ကောင်စီသတင်းစာများမှ တဆင့် ဖိတ်ခေါ်ခဲ့သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် စီမံကိန်းဖော်ဆောင်နိုင်ရန် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement) ကို ပြန်လည်ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) ကို ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် ညွှန်ကြားရေးမှူး မစ္စတာလျန်ချွမ်ရှင် (Mr. Liang Chuanxin) တို့အကြား လက်မှတ်ရေးထိုးခဲ့သည်။ အရပ်သားအစိုးရ လက်ထက်တွင်ချုပ်ဆိုခဲ့သော စီမံကိန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်ကို ပိုမိုရှင်းလင်းရန်၊ ပြည့်စုံရန်နှင့် အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာနှစ်နိုင်ငံကြား ဆွေးနွေးကာ ယင်းနောက်ဆက်တွဲစာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြခဲ့သည်။ သို့သော်လည်း နောက်ဆက်တွဲစာချုပ်တွင် ပါဝင်သည့်အချက်များကို တရားဝင်ထုတ်ပြန်ပြောဆိုခြင်းမရှိခဲ့ပါ။ နောက်ဆက်တွဲစာချုပ်ချုပ်ဆိုပြီးနောက်တွင် စီမံကိန်းဒီဇိုင်းရွေးချယ်ခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများကို စတင်မည်ဖြစ်ကြောင်း စစ်ကောင်စီ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောခဲ့သည်။

နောက်ဆက်တွဲစာချုပ်ချုပ်ဆိုပြီး လေးရက်အကြာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စီမံကိန်းအတွက် ကနေဒါအခြေစိုက် စီမံကိန်းစီမံခန့်ခွဲမှု ကုမ္ပဏီဖြစ်သည့် HATCH ကုမ္ပဏီအကူအညီဖြင့် ကန်ထရိုက်တာများကို ရွေးချယ်ပြီး စီမံကိန်းဧရိယာဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်ရန် လျာထားကြောင်း စစ်ကောင်စီဖက်က ပြောဆိုခဲ့သည်။


မှတ်ချက် – အချိန်ကာလပြဇယားကို ၂၀၂၄ ဧပြီ ၂၄ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။

 

၃။ စီမံကိန်း အသေးစိတ်အချက်အလက်များ

တည်နေရာကျောက်ဖြူမြို့နယ်၊ ရခိုင်ပြည်နယ်
စီမံကိန်းအမျိုးအစားရေနက်ဆိပ်ကမ်း
အရွယ်အစားပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်း ၁၀ ခု
အကောင်အထည်ဖော်မည့်အဆင့်လေးဆင့်
ပထမအဆင့် အရွယ်အစားဆိပ်ကမ်း နှစ်ခု
ရေအနက်၈၀ မီတာ(သဘာ၀)၊ ၁၀၀ မီတာ(တိုးချဲ့)
မြေဧရိယာ၆၀၇ ဧက(၂၄၆ ဟက်တာ)(မ‌‌ဒေးကျွန်း ၃၇၀ ဧက၊ ရမ်းဗြဲကျွန်း ၂၃၇ ဧက)
နှစ်စဉ်စွမ်းဆောင်ရည်တန်ချိန် သန်းပေါင်း ၇ ဒသမ ၈ တန်(Bulk Cargo)၊ တန်ချိန် သန်းပေါင်း ၄ ဒသမ ၉ တန်(ပေ ၂၀ ကုန်သေတ္တာ)
ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်အမေရိကန်‌ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ
ရင်းနှီးမြှုပ်နှံမှုအမျိုးအစားနှစ်ရှည်ငှားရမ်းလုပ်ပိုင်ခွင့်
စီမံကိန်းစတင်သည့်ရက်စွဲ
တင်ဒါအောင်မြင်သည့်ရက်စွဲ၃၀ ဒီဇင်ဘာ၊ ၂၀၁၅
စီမံကိန်းလက်ရှိအခြေအနေစတင်ရန်ပြင်ဆင်နေဆဲကာလ
စီမံကိန်းပြီးဆုံးမည့်နှစ်
တည်ဆောက်ရန်ကြာမြင့်ချိန်နှစ် ၂၀
လုပ်ငန်းစတင်လည်ပတ်သည့်ရက်စွဲ
လုပ်ငန်းဆောင်ရွက်ခွင့်ကနဦးကာလနှစ် ၅၀(၂၅ နှစ် ထပ်မံတိုးချဲ့ခွင့်ရှိ)

 

အစုရှယ်ယာရှင်များ

CITIC Consortium, မြန်မာ အစိုးရနှင့် ဒေသခံလုပ်ငန်းရှင်များ။

(CITIC Consortium က ၇၀ ရာခိုင်နှုန်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရက ၁၅ ရာခိုင်နှုန်း၊ ‌ဒေသခံလုပ်ငန်းရှင်များအစုအဖွဲ့က ၁၅ ရာခိုင်နှုန်း ထည့်ဝင်ကြမည်ဖြစ်သည်။)

CITIC Consortium တွင် –

(၁) CITIC Group (Myanmar) Company Limited

(၂) Yunnan Construction Engineering Group

(၃) China Harbor Engineering Company

(၄) China Merchants Holding International Company Ltd

(၅) TEDA Investment Holding

(၆) Charoen Pokohand Group တို့ပါဝင်ပါသည်။

CITIC Group (Myanmar) သည် မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက တရားဝင် မှတ်ပုံတင်ခွင့်ရရှိခဲ့သည်။ တရုတ် CITIC Group ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည်။

 

၄.၁။ CITIC Group(Myanmar)

ကုမ္ပဏီဥက္ကဋ္ဌMr. Chang Zhenming
အုပ်ချုပ်မှုဒါရိုက်တာMr. Yuan Shaobin

 

၄.၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တာဝန်ရှိသူများ

မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ ဥက္ကဋ္ဌဦးဟင်နရီဗန်ထီးယူ (ဒုတိယသမ္မတ)
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌဒေါက်တာသန်းမြင့် (စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး)
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဦးဆက်အောင် (စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန)

 

၄.၃။ စစ်ကောင်စီလက်ထက် တာဝန်ရှိသူများနှင့် လုပ်ဆောင်ချက်များ (၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ)

 

မြန်မာအထူးစီးပွားရေးဇုန်ဗဟိုအဖွဲ့ ဥက္ကဌ

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဒုတိယဥက္ကဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဌ

ဒေါက်တာပွင့်ဆန်း၊ ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ

ဦးမြင့်သိန်း၊ ဒုတိယဝန်ကြီး (ငြိမ်း)၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ (၁)

ဦးစံရွှေမောင်၊ အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ (၂)

ဦးဝင်းမြင့်၊ ဒုတိယညွှန်ကြားရေးမှုးချုပ် (ငြိမ်း)၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

 

မှတ်ချက် – ၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို ဒုတိယအကြိမ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေးမှူးကို ဒေါက်တာပွင့်ဆန်းအစား စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အဖြစ်ပြောင်းလဲခန့်အပ်ခဲ့သည်။

စစ်ကောင်စီ လက်ထက်တွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအစည်းအဝေး ပထမအကြိမ်ကို ၂၀၂၁ ခုနှစ် ဇွန် ၁ရက်နေ့တွင် ကျင်းပခဲ့သည်။ စစ်ကောင်စီ ဒုတိယဥက္ကဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်စေနိုင်ကြောင်း၊ ထိုစီမံကိန်း၏ ရလဒ်ကြောင့် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်တော့မည်ဖြစ်ကြောင်း ပြောခဲ့သည်။

ဇွန် ၂ ရက်တွင်လည်း စစ်ကောင်စီက ခန့်အပ်ထားသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာပွင့်ဆန်းက ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးမြင့်သိန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ ဒေါက်တာပွင့်ဆန်းက ကျောက်ဖြူရေနက်ဆိပ်ကမ်းဆိုင်ရာ သဘောတူညီချက်များနှင့် လူမူဘ၀ထိခိုက်မှုလေ့လာဆန်းစစ်ချက် တို့ကို သေချာစိစစ်ရန်၊ ဒေသခံပြည်သူများ အကျိုးစီးပွား၊ လူနေမှုဘဝမြှင့်တင်ရေး ကိစ္စရပ်များနှင့် နိုင်ငံတော်မှရသင့်ရထိုက်သည့် အခွန်အခများ ထိခိုက်နစ်နာမှုမဖြစ်ရေး လုပ်ဆောင်ရန်၊ စီမံကိန်းအောင်မြင်စွာ အကောင်ထည်ဖော်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

စစ်ကောင်စီသည် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ ၂၀၂၂ ခုနှစ် ပထမအကြိမ်အစည်းအဝေးကို အောက်တိုဘာ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယခင်က ချုပ်ဆိုခဲ့သည့် စာချုပ်များနှင့်ပတ်သက်၍ နိုင်ငံရေးအကဲဆတ်မှုကို သတိပြုပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းအောင် အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ရန်၊ စီမံကိန်းများ လုပ်ဆောင်ရာတွင် ဒေသခံများနှင့် နိုင်ငံအကျိုးကို ကြည့်ရန် ပြောဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။

 

၄.၄။ စစ်ကောင်စီ လက်ထက်တာဝန်ရှိသူများနှင့်လုပ်ဆောင်ချက်များ (၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ယခုအထိ)

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် စီမံခန့်ခွဲမှုကော်မတီကို တတိယအကြိမ်အဖြစ် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့သည်။

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ဥက္ကဌ

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဒုတိယဥက္ကဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေးမှူး

ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဌ

ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဌ

ဦးထွန်းအုံ၊ ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ

ဦးကျော်ရွှေထွန်း၊ အထူးအရာရှိ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ

ဦးဝင်းမြင့်၊ ဒုတိယညွှန်ကြားရေးမှုးချုပ် (ငြိမ်း)၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

 

ထို့အပြင် အရပ်သားအစိုးရလက်ထက်တွင် ချုပ်ဆိုခဲ့သော တရုတ်-မြန်မာ နှစ်နိုင်ငံအကြားစာချုပ်များတွင် သဘောထားကွဲလွဲမှုများရှိသောကြောင့် ဗဟိုလုပ်ငန်းအဖွဲ့က ဦးဆောင်၍ နှစ်ဖက်လုပ်ငန်းအဖွဲ့များအချင်းချင်း ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ စက်ရုံလိုအပ်ချက်နှင့် ကိုက်ညီမည့် သင်တန်းများပေးရန်အတွက်လည်း ထည့်သွင်းပြောခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျောက်ဖြူ အထူးစီးပွားရေးဇုန်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ဆက်စပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ပြည်ပကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ဘက်စုံစဉ်းစားကာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရာ၌ ဒေသအလိုက် ကိုက်ညီနိုင်မည့် စီးပွားရေးလုပ်ငန်းများကို ရေတိုရေရှည်စဉ်းစားချက်များဖြင့် ဘက်စုံတွက်ချက်ပြီးမှသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် စစ်ကောင်စီက ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို စစ်ကောင်စီမှ စိတ်ကြိုက်ရွေးချယ်ထားသူများဖြင့် တတိယအကြိမ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ အသစ်ဖွဲ့စည်းထားသည့် ကော်မတီတွင် မြန်မာအထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ၊ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ အထူးအရာရှိ ဦးကျော်ရွှေထွန်းက ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဌအဖြစ် ပါဝင်သည်။

ကော်မတီကို လူသစ်များဖြင့် ပြန်လည်ဖွဲ့စည်းပြီးနောက်တွင် စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် အင်တိုက်အားတိုက် တိုက်တွန်းလျက်ရှိသည့် ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်းနှင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် တွေ့ဆုံခဲ့သည်။ စစ်ကောင်စီ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီတို့အကြား စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် မြေနေရာသိမ်းဆည်းရေးနှင့် လျော်ကြေး ငွေပေးရေးတို့ကို ဆွေးနွေးခဲ့သည်။ ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်းသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် စည်းရုံးထောက်ပံ့လျက်ရှိသော အဖွဲ့အစည်းဖြစ်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် နောက်ဆက်တွဲစာချုပ်ချုပ်ဆိုပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် အခြေခံအဆောက်အအုံလုပ်ငန်းများဆိုင်ရာလုပ်ငန်းများ (Implementation Plan) အကောင်အထည်ဖော်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် မြန်မာဘက်မှ ကြိုတင်ပြင်ဆင်ရမည့် စီမံကိန်းအထောက်အကူဖြစ်စေမည့် အခြေခံအဆောက်အအုံများတည်ဆောင်ရန်နှင့် ဝန်ကြီးဌာနအလိုက် လုပ်ငန်းများညှိနိုင်ဆောင်ရွက်ရန် စစ်ကောင်စီ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌရုံး၊ ဝန်ကြီးဌာန-၂ မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးမှ ဦးဆောင်၍ စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာအရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မှတ်ချက်- စစ်ကောင်စီ လက်ထက်တာဝန်ရှိသူများနှင့် လုပ်ဆောင်ချက်များကို ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။

၄.၅။ ဒေသခံလုပ်ငန်းရှင်များအစုအဖွဲ့(MKSHC-Myanmar Kyauk Phyu Special Economic Zone Holding Consortium Public Co.,LTD)

ပါ၀င်ဖွဲ့စည်းမှုမြန်မာ ပုဂ္ဂလိက ကုမ္ပဏီ ၄၂ ခု
ကုမ္ပဏီဥက္ကဋ္ဌဦးမြဟန်(အုပ်ချုပ်မှုဒါရိုက်တာ၊ Fortune International Limited)
ကုမ္ပဏီဒုတိယဥက္ကဋ္ဌဦးကျောက်တောင်(ဥက္ကဋ္ဌ၊ နေလသစ္စာကုမ္ပဏီ)
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်၍ ယခင်နှင့် ယခု အစိုးရလက်ထက် နှိုင်းယှဉ်မှု
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်၍ ယခင်နှင့် ယခု အစိုးရလက်ထက် နှိုင်းယှဉ်မှု

 

နားလည်မှုစာချွန်လွှာ (MOU)

နားလည်မှုစာချွန်လွှာ ၁၅ ခု ရှိပြီး အများပြည်သူသိအောင် တရား၀င်ထုတ်ပြန်ထားခြင်းမရှိပေ။

ကနဦးနားလည်မှုစာချွန်လွှာဒီဇင်ဘာ၊ ၂၀၀၉
အကောင်အထည်ဖော်ရန်အကြိုလေ့လာဆန်းစစ်ခြင်း၂၀၁၂ မှ ၂၀၁၃
အကြံပေးကုမ္ပဏီSingapore CPG consultant က Request for Proposal-RFP ပြင်ဆင်ပေး)  
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း၃၀ ဒီဇင်ဘာ၊ ၂၀၁၅
မူဘောင်သဘောတူညီချက်၈ နို၀င်ဘာ၊ ၂၀၁၈
နောက်ဆက်တွဲစာချုပ် ချုပ်ဆိုခြင်း၂၆ ဒီဇင်ဘာ၊ ၂၀၂၃


မှတ်ချက် – နားလည်မှုစာချွန်လွှာပြဇယားကို ၂၀၂၄ ဧပြီ ၂၄ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။

 

၆။ သက်ရောက်မှုလေ့လာဆန်းစစ်ချက်များ         

လူမှုရေးနှင့် သဘာ၀ပတ်၀န်းကျင်ထိခိုက်မှုစစ်တမ်း၊ Preliminary Geological Survey ဆောင်ရွက်ရန် ကနေဒါနိုင်ငံအခြေစိုက် HATCH ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် CITIC က ငှားရမ်းထားသည်။ အဆိုပါကုမ္ပဏီအနေနှင့် ၂၀၁၉ သြဂုတ်လတွင် အစိုးရအရာရှိများနှင့်ပူးပေါင်းကာ စစ်တမ်းကောက်ယူမှု လုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ကုမ္ပဏီက စီမံကိန်း အဆိုပြုလွှာ အစီရင်ခံစာ (PPR) တခုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) သို့ တင်ပြခဲ့သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးရီဝင်းက သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း (ESIA) အစီရင်ခံစာပြီးဆုံးပါက စီမံကိန်း စတင်နိုင်မည်ဟု ဆိုသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်၍ မဟာဗျူဟာမြောက် ထိခိုက်ခြင်းဆိုင်ရာ လေ့လာဆန်းစစ်မှု(Strategic Environmental Assessment-SEA) နှင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းဆိုင်ရာ လေ့လာဆန်းစစ်မှု(Environmental and Social Impact Assessment-ESIA) တို့ကို လုပ်ဆောင်ဆဲ ဖြစ်သည်။ မြို့နယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှု(Township Environmental Assessment-TEA) ကို ၂၀၁၇ ခုနှစ်တွင် Myanmar Environmental Institute (MEI) က ထုတ်ပြန်ခဲ့သည်။  ရေနက်ဆိပ်ကမ်းသီးသန့်အတွက် ရွှေ့ပြောင်းခံရမည့် လူဦးရေကို မသိရသော်လည်း စီမံကိန်းအရပ်ရပ်အတွက် လူဦးရေ ၂၀၀၀၀ ခန့်ပြောင်းရွှေ့ရနိုင်ချေ ရှိကြောင်း International Commission of Jurists (ICJ)က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

စီမံကိန်းကြောင့် ‌အလုပ်အကိုင်အခွင့်အလမ်း တစ်သိန်းကျော် ရရှိနိုင်သည်ဟု ခန့်မှန်းပြောဆိုထားသော်လည်း ယင်းသည် ဆိပ်ကမ်းအပြင် စက်မှုဇုန်၊ အိမ်ရာတို့ပါအ၀င်သည့် အထူးစီးပွားရေးဇုန်တစ်ခုလုံးအတွက် ခန့်မှန်းချက်သာ ဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းထက် ကြီးမားသည့် နိုင်ငံအချို့၏ ဆိပ်ကမ်းများတွင်ပင် လူရာဂဏန်း၀န်းကျင်ကိုသာ အလုပ်အကိုင် ပေးထားနိုင်သည်။

အထူးစီးပွားရေးဇုန်တစ်ခုလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်း တစ်သိန်းရရှိရာတွင် လုပ်ငန်းများလည်ပတ်ပြီး ၁၀ နှစ်ကြာလျှင် စီမံခန့်ခွဲမှုအလုပ်နေရာ ၉၀ ရာခိုင်နှုန်းကို ဒေသခံများကို ခန့်အပ်ရန် သဘောတူထားသည်။ ယင်းအပြင် စီမံကိန်းစတင်သည့် ပထမငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ သန်းနှင့် ကျန်နှစ်များတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သိန်း စီကို ဒေသလူမှုရေးကိစ္စများအတွက် လှူဒါန်းရန်လည်း သဘောတူထားသည်။

တင်ဒါတွက်ချက်မှုအရ လုပ်ငန်းဆောင်ရွက်ခွင့်ကာလ နှစ် ၅၀ အတွက် မြန်မာအစိုးရအနေနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ အခွန်ရရှိမည်ဖြစ်သည်။

Kofi Annan ဦးဆောင်သော ရခိုင်အကြံပေးကော်မရှင်၏ ၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် မြန်မာအစိုးရအနေဖြင့် ဒေသခံ အသိုင်းအဝိုင်းအပေါ် စီမံကိန်း၏ ဖြစ်လာဖွယ်ရှိသော အကျိုးသက်ရောက်မှုများနှင့် ဒေသတွင်းမှ အခြား လုပ်ငန်းကဏ္ဍများအတွက် စီမံကိန်း၏ အန္တရာယ်နှင့် အကျိုးကျေးဇူးများကို ဆုံးဖြတ်နိုင်ရန် ESIA လုပ်ငန်းစဉ် မတိုင်မီ အထူးစီးပွားရေးဇုန် အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှုနှင့် အလုပ်သမား အကဲဖြတ်မှု တို့ကို ပြုလုပ်ရန် အကြံပြုခဲ့သည်။

သို့သော်လည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MONREC)က ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ ဥပဒေအတိုင်း EIA တခု လိုအပ်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း CITIC က ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။ EIA လုပ်ဆောင်ရန် လွတ်လပ်သောအတိုင်ပင်ခံ အဖွဲ့အစည်းတခုကို ဈေးပြိုင်တင်သွင်းရသော လုပ်ငန်းစဉ်တခုမှတဆင့် ရွေးချယ်မည်ဖြစ်ကြောင်း တရုတ် ကုမ္ပဏီက ပြောသည်။ သို့သော်လည်း ကုမ္ပဏီအနေဖြင့် EIA နှင့် ပတ်သက်၍ မည်သည့် တိုးတက်မှုများကို ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းကို ယခုအထိ မကြေညာသေးပေ။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် တရုတ်ကုမ္ပဏီ CITIC မှ ဦးဆောင်ကာ ရေနက်ဆိပ်ကမ်း စီမံကိန်း၏ ပတ်ဝန်းကျင်နှင့် လူမူရေးသက်ရောက်မှုဆိုင်ရာ အကဲဖြတ်ခြင်း (ESIA) အတွက် လက်မှတ်ရရှိရန်၊ အတိုင်ပင်ခံ ဝန်ဆောင်မှုနှင့် ကွင်းဆင်းလေ့လာဆန်းစစ်မှုများ ပြုလုပ်ရန် တင်ဒါခေါ်ယူခဲ့သည်။ တင်ဒါအောင်မြင်သောကုမ္ပဏီမှ အစီရင်ခံစာ ပြုစုခြင်း၊ နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်း၊ မြေပြင်အခြေအနေ စုံစမ်းစစ်ဆေးခြင်း၊ ပတ်ဝန်းကျင် သက်ရောက်မှုအကဲဖြတ်ခြင်းများကို မြန်မာဥပဒေလုပ်ထုံးလုပ်နည်း အများနှင့်အညီ လုပ်ဆောင်ရန် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။

ထို့အပြင် စီမံကိန်း၏ ပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမ ဆန်းစစ်ချက် (Preliminary Geotechnical and Topographic Survey) ကိုလုပ်ဆောင်ရန် တင်ဒါ သီးသန့်ခေါ်ယူခဲ့သည်။ တင်ဒါများကို ခေါ်ယူခဲ့သော်လည်း တင်ဒါရရှိခဲ့သောကုမ္ပဏီ များ နှင့် ဆန်းစစ်ချက်များ အခြေအနေများကို လက်ရှိအချိန်ထိ တရားဝင်ထုတ်ပြန်ခြင်း မရှိသည်ကိုတွေ့ရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း (ESIA) ဝန်ဆောင်မှုဆောင်ရွက်ရန်သဘောတူညီမှု စာချုပ်ကိုCITIC Myanmar နှင့် Myanmar MSR Consulting Co.,Ltd.တို့  လက်မှတ်ရေးထိုးခဲ့သည်။ ထို အခမ်းအနားကို စီမံကိန်းစီမံခန့်ခွဲမှု အတိုင်ပင်ခံ ကုမ္ပဏီ HATCH မှ တာဝန်ရှိသူများလည်းတတ်ရောက်ခဲ့သည်။ ကျောက်ဖြူစီမံကိန်း၏ ESIA ကို MSR Consortium မှတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း CITIC Myanmar ကသတင်းထုတ်ပြန်ခဲ့သည်။​

MSR လုပ်ငန်းစုမှာ မြန်မာ၊ သြစတြေးလျ၊ ဘရူနိုင်းနှင့် တောင်ကိုရီးယားမှအကြံပေးများပါဝင်ဖွဲ့စည်းထားပြီး စျေးကွက်ရှာဖွေရေး၊ လူမှုရေးဆိုင်ရာ သုတေသန၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း (EIA)၊ စက်မှု ကဏ္ဍသုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်းတို့ကို လုပ်ကိုင်နေသော ပညာရှင်အဖွဲ့ဖြစ်ကြောင်း MSR တရားဝင် website တွင်ဖော်ပြထားသည်။ ESIA ဆောက်ရွက်ခြင်းအတွက် တရားဝင် အသိမှတ်ပြုလက်မှတ်ရရှိထားပြီး ဟိုတယ်ဆောက်လုပ်ရေး၊ နေစွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အိမ်ခြံမြေ၊ စက်ရုံများနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများအတွက် EIA နှင့် ပဏာမ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှု စစ်ဆေးချက်များကို  လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

သဘောတူမှုလက်မှတ်ရေးထိုးပြီးနောက်ပိုင်း နယ်ပယ်တိုင်းတာသတ်မှတ်ရေး (ESIA Scoping) အတွက် လုပ်ငန်းဆောင်တာများကို MSR Consortium က ဦးစီး၍ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံပြည်သူများနှင့်တွေ့ဆုံမှုနှင့်ပတ်သက်သည့် ရှင်းလင်းချက်တွင် ရေးသားထားသည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ နောက်ဆုံးအပတ်တွင် ကျောက်ဖြူနှင့် မဒေးကျွန်းတို့၌ လူထုတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် စစ်ကောင်စီက သတင်းစာများမှတဆင့် ဖိတ်ခေါ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲများသည် စီမံကိန်းအကြောင်းအား သိရှိနားလည်ရန်နှင့် သဘောထားမှတ်ချက်များ တင်ပြနိုင်ရန်ဖြစ်ပြီး အစိုးရဌာနမှ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့များ(INGOs)များ၊ ဒေသခံများနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်မည်ဟုဆိုသည်။ ထို့ပြင် ပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်နိုင်မှုများ နည်းပါးစေရန် လေ့လာဆောင်ရွက်သွားမည့် အစီအစဥ်များကိုလည်း ရှင်းလင်းတင်ပြမည်ဟု ဖော်ပြထားသည်။ 

ပထမအကြိမ်တွေ့ဆုံပွဲကို ၂၀၂၂ခုနှစ်၊ ဩဂုတ် ၂၇ ရက်တွင် ကျောက်ဖြူမြို့၌ ကျင်းပခဲ့ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ CITIC Myanmar ဒုတိယမန်နေးဂျင်းဒါရိုက်တာနှင့် လူမှုအဖွဲ့အစည်းများ၊ ကျောက်ဖြူမြို့နယ်ဒေသခံများအပါအဝင် စုစုပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။ ဒုတိယအကြိမ်တွေ့ဆုံပွဲကို မဒေးကျွန်းရှိ ဘုန်းတော်ကြီးကျောင်း၌ ဩဂုတ် ၂၈ ရက်တွင်  ကျင်းပခဲ့ပြီး နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ် ၁၂၀ ခန့် တက်ရောက်ခဲ့ကြောင်း ရေးသားထားသည်။ မဒေးကျွန်းဘုန်းကြီးကျောင်းတွင် ပြုလုပ်သည့် လူထုတွေ့ဆုံဆွေးနွေးပွဲအပြီး၌ ‘မဒေးကျွန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း’ ကို ဒေသခံအဖွဲ့ဝင် ၁၀၀ ဝန်းကျင်ဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုအသင်းသည် ကျွန်းပေါ်နေ ဒေသခံပြည်သူများအား ကိုယ်စားပြုပြီး စီမံကိန်းဖော်ဆောင်မည့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့်  ဆွေးနွေးခြင်းများ လုပ်ဆောင်မည်ဖြစ်သည်။ 

MSR Consortium အ‌နေနှင့် ကနဦးလေ့လာဆန်းစစ်ချက်အတွက် လုပ်ငန်းဆောင်တာများ ပြီးစီးသွားပြီဖြစ်ပြီး အစီရင်ခံစာထုတ်ပြန်ရာတွင် ဒေသခံများ၏ အသံများနှင့် စိုးရိမ်ချက်များကို ထည့်သွင်းဖော်ပြသွားမည်ဖြဖ်ကြောင်း မီဒီယာများသို့ ပြောဆိုခဲ့သည်။ ထို့အပြင် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ အသေးစိတ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ပြန်မည်ဟုဆိုသည်။ 

ထို့အပြင် တရုတ်နိုင်ငံပိုင် CITIC ကုမ္ပဏီသည် ကျောက်ဖြူစီမံကိန်းအတွက် လူမှုအကျိုးပြုစီမံကိန်းများ (Corporate Social Responsibility) ကိုလည်း လုပ်ဆောင်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။ ‘ကျောက်ဖြူအနာဂတ်’ ရွေ့လျားဆေးခန်းကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် ပရဟိတလုပ်ငန်းဆိုင်ရာစီမံကိန်း တခုအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်ဟု ကြေညာခဲ့သည်။ ထိုဆေးခန်းကို ယူနန်ပြည်နယ်အစိုးရ၏ Yunnan Aid မှ ငွေကြေးပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးထားပြီး CITIC Myanmar နှင့် ဒေသခံအရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် ‘ကျောက်ဖြူမြို့နယ် ဒေသခံပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကူညီစောင့်ရှောက်ရေးအသင်း’ (KSEDAA) က  မြေပြင်လုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်းထုတ်ပြန်ထားသည်။ ထိုစီမံကိန်းစတင်သည့် အချိန်မှ လေးလအတွင်း ကျောက်ဖြူစီမံကိန်း အနီးတစ်ဝိုက်ရှိ ကျေးရွာပေါင်း ၂၀ အား ကျန်းမာရေးဆိုင်ရာ စစ်ဆေးကုသမှုများ အခမဲ့ ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။ ထို့နောက် ရွေ့လျားဆေးခန်းအပြင် တရုတ်ဘာသာစကားသင်တန်း၊ လမုတောစိုက်ပျိုးရေးစီမံချက်တို့ပါ တိုးချဲ့အကောင်အထည်ဖော်လာပြီး စီမံကိန်းအကောင်အထည်ဖော်သည့် CITIC ကုမ္ပဏီက ကျေးလက်ရန်ပုံငွေထူထောင်ခြင်း၊ ရေဘေးကယ်ဆယ်ခြင်း၊ ပန်ဒါဝက်ဝံလွယ်အိတ်နှင့်ကျောင်းသုံးပစ္စည်းများပေးအပ်ခြင်း၊ ကိုဗစ်ကာကွယ်ရေးပစ္စည်းများလှူဒါန်းခြင်း စသည့် ပရဟိတလုပ်ငန်း ၁၁ ခုကျော်ကို ၂၀၂၃ စက်တင်ဘာ ၂ ရက်တွင် ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။


၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စီမံကိန်း၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝသက်ရောက်မှုဆန်းစစ်ခြင်းလုပ်ငန်း (EIA/SIA) လုပ်ငန်းစဉ်များပြီးစီးခဲ့ပြီး EIA/SIA အစီရင်ခံစာအတွက် စစ်ကောင်စီ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ ထို့အပြင် ကနဦးပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာ တိုင်းတာစစ်ဆေးမှုလုပ်ငန်းများ (PGTS) ကိုလည်း ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း စစ်ကောင်စီသတင်းစာများတွင် ဖော်ပြခဲ့သည်။ ထို့နောက် ၂၀၂၄ ခုနှစ် ဧပြီ ၅ ရက်တွင် စီမံကိန်းအတွက် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကဲဖြတ်မှု (Preliminary Geographical and Topographical Survey (PGTS) နှင့် EIA ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည့်အစီအစဥ်ကို နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။ 

မှတ်ချက်- ESIA နှင့်ပတ်သက်သည့် အခြေအနေများကို ၂၀၂၄ ဧပြီ ၂၄ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။





၇။ လူထုတုံ့ပြန်မူ

ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်မည့် ရမ်းဗြဲကျွန်းသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့်ဒေသများအနက် တစ်ခုဖြစ်သည်။ ထိုသို့ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသောကြောင့် အထူးစီးပွားရေးဇုန် တည်ဆောက်ပြီးသည့်အခါ စက်မှုကုန်ကြမ်းရရှိနိုင်ရန်နှင့် ဈေးကွက်ရှာဖွေနိုင်ရန် အခက်အခဲများ ရှိလာနိုင်သည်ဟု ပညာရှင်များက ထောက်ပြထားကြသည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မဒေးကျွန်းတွင် ၃၇၀ ဧက၊ ရမ်းဗြဲကျွန်းတွင် ၂၃၇ ဧကဖြင့် စုစုပေါင်း မြေဧက ၆၀၇ ဧက အသုံးပြုမည်ဖြစ်ပြီး မြေသိမ်းဆည်းမှုနှင့်ပတ်သက်၍ ပြဿနာများ ရှိနေသည်။ ဒေသခံများသည် စိုက်ပျိုးရေးနှင့် ရေလုငန်းတို့ကို အဓိက မှီခိုနေကြသူများဖြစ်ရာ စီမံကိန်းသည် ဒေသခံတို့၏ လုပ်ငန်းများ ထိခိုက်မည့်အရေးလည်း ရှိနေသည်။

အထူးသဖြင့် စီမံကိန်းဒေသတွင် အသေးစား တံငါလုပ်ငန်းဖြင့် အသက်မွေးသော ကျေးရွာ ၂၀ ခန့်ပါဝင်မည်ဖြစ်ရာ  အိမ်ထောင်စုပေါင်း ၅,၀၀၀ ကျော်ခန့်၏ ငါးဖမ်းကွက်များ ပျောက်သွားနိုင်သည်ဟု ခန့်မှန်းထားသည်။ မြေယာသိမ်းဆည်းခြင်းများ၊ ဒေသခံများ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ထိခိုက်စေနိုင်ခြင်း၊ ရေသယံဇာတများပြုန်းတီးစေခြင်းစသော လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်သက်ရောက်မှုများ ရှိလာနိုင်ခြင်းကြောင့် စီမံကိန်းအား ဒီဇိုင်းရေးဆွဲ အကောင်အထည်ဖော်ရာတွင် အထက်ပါအကြောင်းအရာများကို အလေးအနက်ထား စဉ်းစားရန် ထောက်ပြပြောဆိုထားသည်တို့ကိုလည်း တွေ့ရသည်။

အရှေ့တောင်အာရှဒေသအတွင်း လုပ်ဆောင်လျက်ရှိသည့် တရုတ်၏ စီမံကိန်းများတွင် ပြဿနာများ ရှိနေသည်။ တရုတ်၏ စီမံကိန်းများသည် ဒေသနှင့် ဒေသခံလူထု၏ အကျိုးစီးပွားထက် ၎င်းတို့၏အကျိုးစီးပွားကိုသာ အလေးထားသည်ဟူသည့် စွပ်စွဲချက်များ ရှိနေသလို နိုင်ငံအချို့တွင် တရုတ်စီမံကိန်းများ၀င်ရောက်လုပ်ကိုင်ရာ၌ တရုတ်အလုပ်သမားများကိုသာ တပါတည်း‌ခေါ်ယူကာ လုပ်ကိုင်စေသည်တို့လည်း ရှိသည်။

ယင်းအပြင် တရုတ်အလုပ်သမားများသည် ‌ဒေသခံများအပေါ် လေးစားမှုမရှိဟူ၍လည်း ရခိုင်တိုင်းရင်းသားအချို့က ခံစားနေကြရာ တရုတ်နှင့် ရခိုင်ဒေသခံများအကြား ပဋိပက္ခ ဖြစ်လာမည့်အရေးကိုလည်း တွေးပူကြသည်။ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့်အကျိုးဆက်များအကြောင်းကို အစိုးရအနေနှင့် ပြန်လည်လေ့လာဆန်းစစ်သင့်ကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကလည်း တောင်းဆိုထားသည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် MSR Consortium က ဦးစီး၍ လူထုတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံများ၏ သဘောထားဆန္ဒကို တောင်းခံကောက်ယူခဲ့ခြင်း မရှိဟုလည်း ပြောဆိုမှုများ ရှိသည်။ ဆွေးနွေးပွဲပြုလုပ်ပြီး နှစ်လခန့်အကြာ (၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၇ ရက်) တွင် မဒေးကျွန်း ဒေသခံများက အဆိုပါစီမံကိန်းကြောင့် ရေလုပ်သားများ၏ လူမှုစီးပွားဘဝများ ထိခိုက်လာသည်ဟုဆိုကာ အလိုမရှိကြောင်းနှင့် ချက်ချင်း ရပ်ဆိုင်းရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

 

၈။ ပဋိပက္ခ၏ သက်ရောက်မှု

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှစတင်၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီ ရေတပ်စခန်းအနီးတွင် ရက္ခိုင့်တပ်‌‌တော် (AA) နှင့် စစ်ကောင်စီတို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို စောလျှင်စွာအကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် တရုတ်နိုင်ငံဖက်က တွန်းအားပေးနေခဲ့သော်လည်း အကောင်အထည်ဖော်မည့် ရမ်းဗြဲကျွန်းနှင့် ကျောက်ဖြူမြို့ အနီးတဝိုက်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အကောင်အထည်ဖော်မည့် ဧရိယာတခု ဖြစ်သည့် ရမ်းဗြဲကျွန်းကို ရက္ခိုင့်တပ်တော် (AA) က မတ် ၁၁ ရက်တွင် ထိန်းချုပ်နိုင်ခဲ့သည်။

မှတ်ချက် – စီမံကိန်း အခြေအနေများကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄  ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။

 

 

Gazette, Vol.-74/N0-12

 https://www.irrawaddy.com/news/burma/chinese-firm-opens-assessment-tender-strategic-deep-sea-port-western-myanmar.html

http://www.citicmyanmar.com/index.php?m=content&c=index&a=lists&catid=41

https://www.moi.gov.mm/km/2-june-21

https://www.moi.gov.mm/km/3-june-21

https://web.facebook.com/XinhuaMyanmar/posts/pfbid0uVWw1BGXTi9vjf7jvgTHqDBuvhAX8RPqi6mLT92jdt9BGodesaMrGixxVRpNbbX7l 

https://web.facebook.com/permalink.php?story_fbid=pfbid0Q32wqsqMtFQVaidkKHL9ogDYDtFBFrmNi8bt2ZghfLb4rsU8sQyZmNuPzSZLj5Hrl&id=100080753918153

https://web.facebook.com/hashtag/kyaukphyuanargat 

Loading...