ISP China Desk
ကိုဗစ် ၁၉ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးပွင့်လန်းလာခြင်းနှင့် ဆက်စပ်သတိပြုရမည့် ရောဂါပြန့်ပွားကူးစက်နိုင်မှု(တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ်/ ၂၀၂၀၊ မတ် တတိယပတ်)

တပတ်တာအတွင်း ဖြစ်ပေါ်ခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အခြေအနေများ၊ အကြောင်းအရာများ၊ အကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများတွင် ဖော်ပြခဲ့သည့် သတင်းနှင့် ဖြစ်ရပ်များ၊ သုံးသပ်ချက်များကို ISP-Myanmar China Desk မှ အနှစ်ချုပ်ထုတ်နုတ်ဖော်ပြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တပတ်တာအတွင်း ISP-Myanmar China Desk မှ ပြည်တွင်းပြည်ပ မီဒီယာများတွင် ဖော်ပြလျက်ရှိသော တရုတ်-မြန်မာဆက်ဆံရေးဆိုင်ရာ သတင်းပေါင်း ၈၀ ကျော်ကို စုစည်းမှတ်တမ်းတင်ခဲ့သည်။  သတင်းဖော်ပြချက်များ၏အများစုသည် ကိုဗစ် ၁၉ ၏နောက်ဆက်တွဲ စီးပွားရေး ရိုက်ခတ်မှုများနှင့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာသတင်းများဖြစ်ပြီး  ကိုဗစ် ၁၉ ပြဿနာကြောင့်  မြန့်မာငြိမ်းချမ်းရေးဆွေးနွေးပွဲကို တရုတ်နိုင်ငံအတွင်းကျင်းပရေး ဝိဝါဒကွဲပြားနေမှုနှင့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်အချို့မှ မြန်မာနိုင်ငံတွင် ဆေးခြောက်ကို တရားဝင်စိုက်ပျိုးခွင့်ရရန် တိုက်တွန်းကြိုးပမ်းနေသည့် သတင်းဆောင်းပါးတချို့ကို စိတ်ဝင်စားဖွယ်တွေ့ရပါသည်။ အဆိုပါအကြောင်းအရာများကို ကဏ္ဍတခုချင်းစီခွဲခြမ်းကာ အကျဉ်းချုပ်ဖော်ပြသွားမည်ဖြစ်ပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် တရုတ်၏အခန်းကဏ္ဍ

မကြာမီတွင် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့(KIA, TNLA, AA, MNDAA)တို့ ငြိမ်းချမ်းရေးဆွေးနွေးရန်ရှိနေပြီး နေရာရွေးချယ်မှုနှင့်ပတ်သက်၍ နှစ်ဖက်သဘောထားကွဲလွဲမှုများ ရှိနေသည်။ ကျိုင်းတုံ သို့မဟုတ် မြစ်ကြီးနားတွင် ပြုလုပ်ရန် အစိုးရဘက်က အဆိုပြုသော်လည်း မြောက်ပိုင်းလေးဖွဲ့ကမူ တရုတ်နိုင်ငံအတွင်းတွင်သာ ပြုလုပ်ရန် လိုလားနေခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ဆွေးနွေးခဲ့ကြပြီး နောက်တကြိမ်တွေ့ဆုံမှုကိုလည်း တရုတ်နိုင်ငံတွင်သာပြုလုပ်ရန် နှစ်ဖက်သဘောတူထားခဲ့ခြင်း ဖြစ်သည်။ သို့သော် လက်ရှိတွင် ကိုဗစ် ၁၉ ပြဿနာရှိနေခြင်းကြောင့် နေရာရွှေ့၍ကျင်းပရန် အစိုးရဘက်က အဆိုပြုခဲ့ခြင်း ဖြစ်သည်။ မြောက်ပိုင်းအဖွဲ့လေးဖွဲ့ကမူ လုံခြုံရေး၊ ကျန်းမာရေး စသည့်အခြေအနေများကြောင့် မြစ်ကြီးနားနှင့် ကျိုင်းတုံသို့ လာရောက်ရန် အဆင်မပြေဘဲ တရုတ်နိုင်ငံတွင် တွေ့ဆုံလိုကြောင်း ပြောဆိုထားရာ တွေ့ဆုံဆွေးနွေးမည့်နေရာကို အတည်မပြုနိုင်သေးဘဲ ဆက်လက်ဆွေးနွေးကြရဦးမည့် အခြေအနေတရပ်ကို တွေ့ရပါသည်။

စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဇယားတွင် ဟောင်ကောင်မှကုမ္ပဏီများ၏ ရင်းနှီးမြုပ်နှံမှုများသည် တဟုန်ထိုးမြင့်တက်လာသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ၏ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိစာရင်းအရ ဟောင်ကောင်အခြေစိုက်ကုမ္ပဏီများအား အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံပမာဏကို ရင်းနှီးမြှုပ်နှံရန် အစိုးရက ခွင့်ပြုချက်ချပေးလိုက်ကြောင်း တွေ့ရသည်။ ကုမ္ပဏီ ၃၅ ခုမှ အိမ်ခြံမြေ၊ လျှပ်စစ်နှင့် အထည်ချုပ်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံကြမည်ဖြစ်သည်။ ယခုဘဏ္ဍာနှစ်အတွင်း တရုတ်ပြည်မကြီးကဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၇၆ သန်းသာ ရှိနေချိန်တွင် ဟောင်ကောင်ဘက်မှ ရင်းနှီးမြှုပ်နှံမှုများ ကြီးမားလာသည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။  DICA တွင် ဖော်ပြထားချက်အရ စင်ကာပူ၏ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံ၊ တရုတ်(ပြည်မ)က ၂၁ ဘီလီယံ၊ ထိုင်းက ၁၁ ဘီလီယံတို့ အသီးသီးရှိရာ ဟောင်ကောင်က ၉ ဒသမ ၆ ဘီလီယံဖြင့် စတုတ္ထအကြီးမားဆုံး ရင်းနှီးမြုပ်နှံသည့် နိုင်ငံဖြစ်လာခဲ့သည်။

တရုတ်ကုမ္ပဏီမှ ဆေးခြောက်စိုက်ပျိုးရန်ကမ်းလှမ်းမှု

ဥပဒေကြောင်းအရ တရားဝင်မှုမရှိသေးသည့် ဆေးခြောက်ပင်စိုက်ပျိုးရန် တရုတ်ကုမ္ပဏီများမှ စိတ်ဝင်စားလျက်ရှိကြောင်း ဖော်ပြသည့် သတင်းဆောင်းပါးတပုဒ်ကို ယခုတပတ်အတွင်းတွင် တွေ့ရှိရသည်။

တရုတ်လုပ်ငန်းရှင်များအနေနှင့် အခြေအနေပေးသည်နှင့်တပြိုင်နက် ဆေးခြောက်စိုက်ပျိုးရန် လိုလားလျက် ရှိနေသည်ကိုလည်း ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝ ဖွံဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၏ ပြောကြားချက်ကို ကိုးကားပြီးရေးသားထားသည်။ ထို့အပြင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ယူနန်ပြည်နယ်၊ ရွှေလီမြို့တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဆွေးနွေးပွဲနှင့် တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပြပွဲကို ကျင်းပခဲ့သည်။ ထိုပွဲသို့ ဟောင်ကောင်နှင့် ယူနန်တို့မှ ဆေးခြောက်စိုက်ပျိုးသည့် လုပ်ငန်းရှင်များတက်ရောက်ခဲ့သလို မြန်မာနိုင်ငံတွင် ဆေးခြောက်ကို တရားဝင်စိုက်ပျိုးရေး တိုက်တွန်းလှုပ်ရှားနေသော Myanmar Hemp Association အဖွဲ့အစည်းမှ ဦးအောင်စေတိုးကိုလည်း ဖိတ်ကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ဆေးခြောက်စိုက်ပျိုးခွင့်ရရေးကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ ထို့အပြင် ဦးအောင်စေတိုးသည် နိုင်ငံတကာမှ ဆေးခြောက်စိုက်ပျိုးလိုသူများကို လွှတ်တော်အတွင်း အရေးပါသည့်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံစေခဲ့ခြင်းများလည်းရှိရာ မြန်မာ့ဥပဒေပြုရေးမဏ္ဍိုင်အပေါ် ပြည်ပစီးပွားရေးလုပ်ငန်းများ၏ ချဉ်းကပ်မှုများသည် ဆက်လက်စောင့်ကြည့်လေ့လာရန် လိုအပ်သည့် နယ်ပယ်တခုအဖြစ် သုံးသပ်ရသည်။

နယ်စပ်ကုန်သွယ်ရေး

ကိုဗစ် ၁၉ ကြောင့် နှစ်နိုင်ငံ ကူးသန်းသွားလာမှုနှင့် ကုန်စည်တင်ပို့မှုများကို ပိတ်ပင်လိုက်ရာ မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အကျပ်အတည်းများ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင် ကုန်ကြမ်းပြတ်လပ်မှုကြောင့် အထည်ချုပ်စက်ရုံများ ပိတ်သိမ်းရမည့်အခြေအနေအောက်တွင်စုစုပေါင်း စက်ရုံ ၃၈ ရုံ ရှိနေပြီဖြစ်ပြီး အလုပ်သမားသောင်းနှင့်ချီကာ  အလုပ်လက်မဲ့ ဖြစ်ရမည့်အနေအထားသို့လည်း ဆိုက်ရောက်နေသည်။ သို့သော် ယခုသီတင်းပတ်အတွင်းတွင် တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ကုန်ကြမ်း ၁၅ တန်ကို တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှ လေကြောင်းလိုင်းဖြင့် တင်ပို့နိုင်ခဲ့သည်။ သို့သော် အဆိုပါပမာဏသည် အထည်ချုပ်စက်ရုံ ၁၁ ရုံနှင့် အလုပ်သမား တသောင်းခွဲဝန်းကျင်ကို နောက်ထပ်တလကြာ(ဧပြီလကုန်ပိုင်းအထိ)သာဆက်လက်၍ အလုပ်အကိုင်ပေးထားနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ ပြန်လည်ပွင့်လန်းလာသော နယ်စပ်ကုန်သွယ်ရေးများသည် ကုန်ကြမ်းများ ပြတ်လပ်မှုပုစ္ဆာအတွက်  အဖြေတရပ်ဖြစ်လာခဲ့သည်။ လတ်တလောတွင်လည်း မူဆယ် ၁၀၅ မိုင် နယ်စပ်လမ်းကြောင်းမှ CMP ကုန်ကြမ်းများတင်သွင်းမှုသည် တစတစမြင့်တက်လာနေသည်။ ကိုဗစ် ၁၉ ကို တရုတ်နိုင်ငံတွင် ထိန်းချုပ်နိုင်လိုက်ပြီးနောက် CMP ကုန်ကြမ်းများကို တနေ့လျှင် ယာဉ်စီးရေ ၇၀ ဝန်းကျင်အထိ တင်သွင်းလျက်ရှိကြောင်း သတင်းဖော်ပြမှုများအရ သိရှိရသည်။ အဆိုပါပမာဏသည် ကိုဗစ် ၁၉ မဖြစ်ပွားမီကရှိခဲ့သည့် ပမာဏထက် ပိုမိုများပြားသည်ဟု အစိုးရက ပြောဆိုသည်။

ထို့အပြင် တရုတ်နိုင်ငံ၏လိုအပ်ချက်ကြောင့်  ဆန်၊ ဆန်ကွဲ၊ ဖရဲ၊ သခွားနှင့် ရေထွက်ပစ္စည်း တင်ပို့ရမှုသည်လည်း ပြန်လည်လမ်းပွင့်လာနေပြီဖြစ်ကြောင်း သိရသည်။ တချိန်တည်းမှာပင် တရုတ်နိုင်ငံအစိုးရက တရားဝင်ခွင့်ပြုထားခြင်းမရှိသဖြင့်  ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက နယ်စပ်တွင် ပိတ်မိသောင်းတင်နေခဲ့သည့် သကြားတန်ချိန် ငါးသောင်းသည်လည်း တရုတ်နိုင်ငံ၌ ဝယ်လိုအားမြင့်တက်လာမှုကြောင့် တရားမဝင်လမ်းကြောင်းမှတဆင့် ယခုတပတ်အတွင်း တင်ပို့နိုင်ခဲ့သည်ဟု သတင်းဖော်ပြမှုများအရ သိရသည်။

နယ်စပ်ကုန်သွယ်ရေးများ ပုံမှန်ပြန်ဖြစ်လာခဲ့သော်လည်း ကိုဗစ် ၁၉ ၏ နောက်ဆက်တွဲအဖြစ် ကျန်းမာရေးစစ်ဆေးမှုကြောင့် လမ်းခရီးတွင် ကြန့်ကြာခြင်း၊ ကုန်တင်ယာဉ်လုံလောက်မှုမရှိခြင်းတို့ကြောင့် ကုန်စည်တင်ပို့ရာတွင် မော်တော်ယာဉ်ခနှုန်းထားများ မြင့်တက်ခဲ့ခြင်းတို့ရှိခဲ့ရာ ယင်းကိစ္စတို့မှာ သတိပြုစရာဖြစ်သည်။

နယ်စပ်ဖြတ်ကျော် လူမှုရေးပြဿနာများ

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ပြန်လည်သွက်လက်လာမှုနှင့်အတူ လူမှုကူးလူးဆက်ဆံမှုများလည်း ပြန်လည်အသက်ဝင်လာနေသည်။ 

ယခုတပတ်အတွင်း ထူးခြားချက်အနေနှင့် မူဆယ်မြို့တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားထံမှ လက်နက်နှင့် ခဲယမ်းမီးကျောက်များ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရောဂါကူးစက်ခံရသူကို တွေ့ရှိရခြင်းမရှိသေးသော်လည်း ပြင်ပမှ ဝင်ရောက်လာသူတို့ထံမှ ကူးစက်ပြန့်ပွားလာမည်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်သည်။ တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသားတဦးနှင့် သီပေါမြို့တွင် တရုတ်နိုင်ငံမှပြန်လာသူ တဦးတို့ကို ကိုဗစ် ၁၉ သံသယဖြင့် ထိန်းသိမ်းစောင့်ကြည့်လျက်ရှိသည်။ အလားတူပင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သူများလည်း ရှိနေသလို တရုတ်နိုင်ငံသို့ သွားရောက်နေသူများလည်း ရှိနေသည်။ ထိုင်းနိုင်ငံအနေနှင့် ကိုဗစ် ၁၉ ဖြစ်ပွားခဲ့သည့် နိုင်ငံများမှ လာရောက်သူများကို ပိတ်ပင်လိုက်ရာ တရုတ်နိုင်ငံသားများသည် မြန်မာနိုင်ငံ၊ တာချီလိတ်တဆင့် ထိုင်းနိုင်င်သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်ကိုလည်း တွေ့ရသည်။ ယင်းသို့ဝင်ရောက်လိုသူ ငါးရာကျော်ရှိနေပြီး လတ်တလောတွင် တာချီလိတ်တွင် နေထိုင်စောင့်ဆိုင်းလျက်ရှိသည်။

အလားတူ ကချင်ပြည်နယ်အတွင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တစ်ရှူးငှက်ပျောစိုက်ခင်းများနှင့်ပတ်သက်၍ ဒေသခံလူမှုအသိုင်းအဝိုင်းတွင် စိုးရိမ်ပူပန်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။

ငှက်ပျောခင်းများ ရှိနေခြင်းကြောင့် တရုတ်နိုင်ငံသားများ ဝင်ထွက်သွားလာမှုများရှိနေရာ ကိုဗစ် ၁၉ မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားလာမည့်အန္တရာယ်ကို တားဆီးနိုင်ရေးအတွက် နယ်စပ်ခရီးသွားလာမှုကို ကြပ်မတ်ပေးရန်၊ ယာယီအားဖြင့် ပိတ်ပင်ထားရန် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) က ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ အိတ်ဖွင့်ပေးစား ပေးပို့၍ တောင်းဆိုခဲ့သည်။ ကိုရိုနာပူပန်မှုများအပြင် တစ်ရှူးငှက်ပျောတင် မော်တော်ယာဉ်များသည် မိုးမောက်-လွယ်ဂျယ်ဒေသတွင် မကြာခဏတိမ်းမှောက်မှုများရှိနေသလို သတ်မှတ်ထားသည့်အမြင့်ထက်ကျော်လွန်၍ တင်ဆောင်မှုကြောင့် သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ထိခိုက်ပျက်စီးခြင်း စသည့် နေ့စဉ်လူမှုစီးပွားပြဿနာများလည်းရှိနေသေးသည်။

ပြီးခဲ့သည့်လအတွင်းကလည်း တရုတ်နိုင်ငံသားများ ဝင်ထွက်သွားလာနေမှုကို ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်မှုကို မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သလို လွှတ်တော်မှတဆင့် တားဆီးရန်ကိုလည်း ကြိုးပမ်းခဲ့သည်။

လက်ရှိတွင်မူ အစိုးရအနေနှင့် နယ်စပ်ဝင်ပေါက်များမှတဆင့် ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်လာမည့် မည်သည့်နိုင်ငံသားကိုမဆို ပိတ်ပင်ထားသည်။

သို့သော် နှစ်ဖက်ဒေသခံ ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာမှုများ၊ ကျန်းမာရေးစိစစ်မှုများကို တင်းကြပ်စွာဆောင်ရွက်ကာ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်(Border Pass)ဖြင့် ဝင်ရောက်ခြင်းကို ဆက်လက်ခွင့်ပြုထားသည်ဖြစ်ရာ ထောင်နှင့်ချီသောပြည်သူများသည် နေ့စဉ် ဝင်ထွက်သွားလာနေမည်ဖြစ်သောကြောင့် နယ်စပ်ဖြတ်ကျော် ရောဂါကူးစက်ပြန့်ပွားမှု တားဆီးရေးလုပ်ငန်းများကို ပိုမိုသတိထားကိုင်တွယ် ရမည့်အခြေအနေတရပ်ဖြစ်ပါသည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။