ISP China Desk

၁။ ပဋိပက္ခနောက်ခံအကျဥ်း

(ဤစာတမ်းတွင် ‘ဘင်္ဂါလီ’ ‘ရိုဟင်ဂျာ’ ဟူသည့် အခေါ်အဝေါ်များအစား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖြစ်သည့် ကိုဖီအာနန်ကော်မရှင်က အသုံးပြုခဲ့သည့်အတိုင်း “မွတ်ဆလင် သို့မဟုတ် “ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်လူ့အဖွဲ့အစည်း” ဟူ၍ ရည်ညွှန်းသုံးစွဲ သွားမည်ဖြစ်ပါသည်။ ထိုသို့ ရည်ညွှန်းသုံးစွဲမှုတွင် ‘ကမန်မွတ်ဆလင်’ များကို ဆိုလိုခြင်းမဟုတ်ပါ။)

လူမျိုးရေးအမှတ်အသား၊ လုံခြုံရေး၊ စီးပွားရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်တွင် ဒေသခံရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်များအကြား တင်းမာမှုများနှင့် မကျေလည်မှုများ အခြေတည်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သို့သော် နှစ်ဖက်လူမှုအသိုင်းအဝိုင်းအကြားက ပဋိပက္ခ၏ဒီဂရီကို မြင့်လာစေသည်မှာ  ၂၀၁၂ ခုနှစ်တွင်ဖြစ်သည်။ ရခိုင်အမျိုးသမီးတစ်ဦးကို မွတ်စလင်အချို့က ကျူးလွန်သည့် လိင်အကြမ်းဖက်မှုဖြစ်စဥ်ကို အကြောင်းပြု၍ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့သည်။ ယင်းနောက်တွင် နှစ်ဖက်အသိုင်းအဝိုင်းကြား ပဋိပက္ခများသည်  မကြာခဏဆက်လက် ဖြစ်ပေါ်နေခဲ့သည်။

ကာလရှည် အမြစ်တွယ်နေခဲ့သည့် ပြဿနာတို့ကို အဆုံးသတ်နိုင်ရန် ‘ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်’ ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွင် သြဇာတိက္ကမ ကြီးမားသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာန်ကို ဦးဆောင်စေခဲ့သည်။

အဆိုပါကော်မရှင်ဖွဲ့စည်းပြီး လပိုင်းအကြာ၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ရခိုင်-ရိုဟင်ဂျာကယ်တင်ရေးတပ်(ARSA)က ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်။

ကိုဖီအာနန်ကော်မရှင်သည် တစ်နှစ်ကြာ စုံစမ်းလေ့လာပြီး အစီရင်ခံစာကို ပြုစုခဲ့သည်။ ‘ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ပြည်သူလူထုများအတွက် ငြိမ်းချမ်းမျှတ၍ သာယာဝပြောသော အနာဂတ်ပေါ်ထွန်းလာနိုင်ရေးကို ဦးတည်လျက်’ ဟု အစီရင်ခံစာတွင် ဖော်ပြထားပြီး အကြံပြုချက်ပေါင်း ၈၈ ချက်ချက် ပါရှိသည်။  ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် အစီရင်ခံစာကို အများပြည်သူသို့ ထုတ်ပြန်ခဲ့သည်။ နောက်တစ်ရက်နံနက်အစောပိုင်းမှာပင် ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေးတပ်(ARSA)က နယ်ခြားစောင့်တပ်စခန်းများကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်ပြန်သည်။ ယင်းတိုက်ခိုက်မှုတို့ကြောင့် ARSA ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက သတ်မှတ်ခဲ့သလို တပ်မတော်ကလည်း ကြမ်းတမ်းစွာလက်တုံ့ပြန်ခဲ့သည်။ ထိုမှစ၍ ပဋိပက္ခသည် အကျပ်အတည်းအဖြစ်သို့ ဆိုက်ရောက်လာခဲ့သည်။

မွတ်စလင်ကျေးရွာများကို ဝင်ရောက်တိုက်ခိုက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကြောင့် မွတ်စလင် ခုနစ်သိန်းထက်မနည်း တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ထဲသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ခိုက်မှု၊ နယ်မြေရှင်းလင်းမှုဖြစ်စဥ်များအတွင်း တပ်မတော်အနေနှင့် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များဖြင့် တပ်မတော်ရော အစိုးရကိုပါ အရေးယူ၊ အပြစ်ပေးနိုင်ရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းလျက်ရှိသည်။ စီးပွားရေးပိတ်ဆို့ခြင်း၊  ဆက်ဆံမှုလျော့ချခြင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်ခေါင်းဆောင်ကြီးအချို့ကို အမည်ပျက်စာရင်းသွင်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးခြင်း စသည့်နည်းတို့ဖြင့် မြန်မာနိုင်ငံကို အကျပ်ရိုက်စေသည့် လုပ်ရပ်များကိုလည်း လုပ်ဆောင်လျက်ရှိကြသည်။

အဆိုပါဖြစ်စဉ်များမတိုင်မီကပင် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကဲ့သို့သော တရုတ်နိုင်ငံ၏ စီးပွားရေးမျှော်မှန်းချက်များက ရခိုင်ပြည်နယ်အတွင်းတွင် ရှိနေခဲ့ရာ ယင်းအရေးကိစ္စတို့တွင် တရုတ်နိုင်ငံကို မဖိတ်ခေါ်ဘဲ ဝင်ရောက်ပတ်သက်လာစေသည်။

၂။ ရခိုင်ပြည်နယ်က တရုတ်၏အကျိုးစီးပွားများ

တရုတ်နိုင်ငံ၏ စွမ်းအင်နှင့် လောင်စာလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ရန် ပိုက်လိုင်းများတည်ဆောက်၍ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တင်ပို့မည့် အစီအစဉ်သည် ၂၀၀၄ ခုနှစ် ဝန်းကျင်ကပင် ရှိနေခဲ့သည်။

အဆိုပါ ပိုက်လိုင်းများ တည်ဆောက်၊ သွယ်တန်းရေးစိတ်ကူးကို  လက်တွေ့အကောင်အထည်ဖော်ရန်အတွက် ၂၀၀၉ ခုနှစ်တွင် နှစ်နိုင်ငံ သဘောတူညီမှုရရှိခဲ့သည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရမည့် ပိုက်လိုင်းများ ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု ပြီးစီးခဲ့ပြီး ရေနံပိုက်လိုင်းသည် ၂၀၁၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။

တချိန်တည်းမှာပင် တရုတ်နိုင်ငံသည် ကမ္ဘာကို လွှမ်းခြုံမည့်မဟာအစီအစဉ်ဖြစ်သည့် ခါးပတ်တစ်ကွင်းလမ်းတစ်စင်း(BRI) အိပ်မက် မက်လာပြန်ရာ ၎င်း၏အကျိုးစီးပွားများသည် ရခိုင်ဒေသတွင် ပို၍ ကျယ်ပြန့်လာသည်။

ခါးတပတ်တစ်ကွင်းလမ်းတစ်စင်းအစီအမံ၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC)ကို ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်လျက်ရှိသည်။  ထိုစင်္ကြံမှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးအရအရေးပါသော အဓိကမြို့များဖြစ်သည့် မူဆယ်၊ မန္တလေး၊ ရန်ကုန်၊ ကျောက်ဖြူ စသည့်မြို့များကို ချိတ်ဆက် သွားမည်ဖြစ်သည်။ ယင်းစီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းလည်း ပါဝင်သည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်ကုမ္ပဏီနှင့် မြန်မာအကြားတွင်ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့်ပတ်သက်သည့် မူဘောင်ကို သဘောတူစာချုပ်ခဲ့သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် လက်ရှိတွင် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့၏ အခြေပြုရာနေရာ ဖြစ်သည်။

အလားတူပင် ရခိုင်ပြည်နယ်တွင် China National Offshore Oil Corporation (CNOOC)၊ Petro China၊ China National Petroleum Corporation (CNPC)စသော တရုတ်ကုမ္ပဏီကြီးများက သဘာဝဓာတ်ငွေ့ရေနံကဏ္ဍတွင် ရင်းနှီးမြုပ်နှံထားကြသည်။ တရုတ်နိုင်ငံ၏ ကြီးကျယ်လှသော အခြေခံအဆောက်အအုံစီမံကိန်းများ အောင်မြင်ရေးသည် ရခိုင်ပြည်နယ်၏တည်ငြိမ်အေးချမ်းရေးအပေါ်တွင် မူတည်နေသည်။

တချိန်တည်းမှာပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြားက ပဋိပက္ခသည် တရုတ်နိုင်ငံ၏ ဒေသတွင်းမဟာဗျူဟာကျသော အစီအမံများကို ခြိမ်းခြောက်လျက်ရှိသည်။

၃။ ရခိုင်အရေးတွင် တရုတ်နိုင်ငံ၏ပါဝင်မှု

ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ခိုက်မှု၊ နယ်မြေရှင်းလင်းမှုဖြစ်စဥ်များအတွင်း တပ်မတော်အနေနှင့် လူမျိုးတုံးသတ်မြတ်မှုကျူးလွန်ခဲ့သည်ဟု  ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR) က  စွဲချက်တင်ထားသည်။ ၎င်းအပြင် ယင်းလူမျိူးတုံးသတ်ဖြတ်မှုများ ကျုးလွန်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက်ရှိသည့် အစိုးရက အားပေးကူညီပြီး သတင်းများ အမှောင်ချခြင်း၊ သက်သေများ ဖျောက်ဖျက်ခြင်းများ  ပြုလုပ်ခဲ့သည်ဟုလည်း စွပ်စွဲထားသည်။  

ဥရောပသမဂ္ဂနှင့်   အစ္စလာမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)  တို့ကလည်း ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လုပ်ဆောင်ခဲ့မှုများကို မှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းခြင်း သတင်းအချက်အလက်များကို စစ်ဆေးခြင်းတို့အပြင် အရေးယူအပြစ်ပေးနိုင်ရန်အတွက်လည်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက စီစဥ်ခဲ့ကြသည်။

မြန်မာ့တပ်မတော်သည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ကစ၍ မွတ်စလင်၂၄၀၀၀ ကိုသတ်ဖြတ်ခဲ့ကြောင်း Ontario International Development Agency(OIDA)က စွပ်စွဲထားသေးသည်။

ထို့အပြင် မွတ်စလင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြမှုနှင့်ပတ်သက်၍ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကလည်း စစ်ဆေးခဲ့သသည်။ နိုင်ငံတကာရာဇဝတ်ခုံရုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆောင်ရွက်ခဲ့သော လေ့လာစမ်းစစ်မှုတို့ကိုလည်းမှတ်တမ်းတင်ခဲ့သည်။ ကုလသမဂ္ဂကလည်း ရာဇဝတ်မှုစုံစမ်းရေးအစီရင်ခံစာကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးခဲ့သည်။ ထိုအစီရင်ခံစာကို ဆွီဒင်၊ နယ်သာလန် စသော နိုင်ငံများက သ‌ဘောတူခဲ့ကြသည်။ တရုတ်နိုင်ငံကမူ သဘောမတူခဲ့ပေ။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင်ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံက ထိုအစီရင်ခံစာကို အတည်ပြုပြီး အရေးယူမှုများဆောင်ရွက်ရန် တွန်းအားပေးထားသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့က  ဂျီနီဗာ၌ကျင်းပသည့်   ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင်လည်း အစီရင်ခံစာ တစ်စောင်ကို အချက်အလက်ရှာဖွေရေးအဖွဲ့က ထပ်မံတင်သွင်းခဲ့သည်။ မြန်မာနိုင်ငံတွင် ဆက်လက်နေထိုင်နေသေးသည့် မွတ်စလင် ၆၆၀၀၀၀ သည်လည်း ဖိနှိပ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မွတ်စလင်များအပေါ် လူသားချင်းစာနာမှုကိုဆန့်ကျင့်သည့် ရာဇဝတ်မှုနှင့် ငြိစွန်းနေပြီး နိုင်ငံတကာခုံရုံးတွင် တရားစွဲဆိုခံနိုင်ရဖွယ်ရှိကြောင်း ထိုအချက်အလက်ရှာဖွေရေးအဖွဲ့က ပြောဆိုထားသည်။ ယင်းအပြင် မြန်မာနိုင်ငံမှ အခြားသော ရာဇဝတ်မှုကျူးလွန်သူများကိုလည်း တရားစီရင်ရန်အတွက်လည်း တင်ပြထားသည်။

မြန်မာနိုင်ငံဘက်ကမူ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ စတင်ဖွဲ့စည်းစဥ်ကပင် ကန့်ကွက်ခဲ့သလို ယင်းအဖွဲ့၏ အစီရင်ခံစာနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို ငြင်းပယ်သည်။ အဆိုပါ ကုလသမဂ္ဂသတင်းအချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မပြုခဲ့သလို အစီရင်ခံစာကိုလည်း ငြင်းပယ်ခဲ့သည်။

လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရှေ့တောင်ဘက်ခြမ်းရှိ ကော့ဘဇားတွင် မွတ်စလင် တစ်သန်းခန့်ကို လက်ခံထားရသည်ဟု ကုလသမဂ္ဂကထုတ်ပြန်ထားသည်။

အထက်ပါအခြေအနေများကို မြန်မာနိုင်ငံက ရင်ဆိုင်လာရချိန်တွင် တရုတ်နိုင်ငံသည် မြန်မာဘက်မှ ရပ်တည်ကာကွယ်သူအဖြစ်လည်းကောင်း ပြဿနာမီး ငြိမ်းအေးစေရေးအတွက်လည်းကောင်း ပါဝင်လာခဲ့သည်။ ထိုသို့ပါဝင်ရာတွင် တရုတ်နိုင်ငံကအသုံးပြုသည့် နည်းလမ်းသုံးသွယ်ကို တွေ့နိုင်သည်။

(က) နိုင်ငံတကာစင်မြင့်တွင် ၎င်း၏အရှိန်အဝါကို အသုံးပြခြင်း

တရုတ်နိုင်ငံအနေနှင့် ‘ရခိုင်အရေးသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားက ပြသာနာသာ ဖြစ်သည်၊ မွတ်စလင်များသည် မြန်မာနိုင်ငံက တိမ်းရှောင်လာခြင်း ဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ပို့ဆောင်ခြင်းကို ပြုလုပ်ရမည်၊ ရခိုင်ပြည်နယ်အရေးကို ပိုမိုဆိုးရွားအောင်၊ ရှုပ်ထွေးအောင် နိုင်ငံတကာစင်မြင့်သို့ ဆွဲတင်ခြင်းကို ကန့်ကွက်သည်’ စသည့် အချက်များကို နိုင်ငံတကာသို့ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။

၎င်းသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ပြီး မွတ်စလင်ကိစ္စနှင့်ပတ်သက်၍ တပ်မတော်အပါအဝင် မြန်မာအစိုးရကို အရေးယူရန် နိုင်ငံတကာရာဇဝတ်ခုံရုံး၏လူပ်ရှားမှုများကို ပယ်ချနိုင်သည့် ဗီတိုအာဏာ ရှိသည်။

ARSA က ပထမအကြိမ်တိုက်ခိုက်မှုအပြီး ၂၀၁၇ မတ်လတွင် ၁၅ ဦးပါဝင်သော ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးအပြီးတွင် ကြေညာချက်တစ်ခုထုတ်ပြန်ရန် အဖွဲ့ဝင်နိုင်ငံများက ကြိုးပမ်းခဲ့သည်။ တပ်မတော်၏တန်ပြန်တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ရန် ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည်။  ထိုကြေညာချက်ထဲတွင် ၂၀၁၆ ခုနှစ် အောက်တိုလကတည်းက ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့်  မွတ်စလင်များသေဆုံးမှု၊ ရွာများမီးရှို့ခံရနေမှုများရှိကြောင်း၊ လူအခွင့်အရေးချိုးဖောက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများပင် ပြုလုပ်နေကြောင်း ရေးသားဖော်ပြထားသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း အစ္စလာမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) ၏ တောင်းဆိုချက်ကြောင့်် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အထူးအစည်းအဝေးကို ကျင်းပခဲ့သည်။ ထို အစည်းအဝေးတွင် ‘မြန်မာနိုင်ငံရှိ မွတ်စလင် လူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ’ ဟု အမည်ရသောအစီရင်ခံစာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဦးဆောင်တင်သွင်းခဲ့သည်။ ထိုအစီရင်ခံစာကို တရုတ်နိုင်ငံသည် ရုရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်နိုင်ငံတို့နှင့်အတူ ကန့်ကွက်ခဲ့သည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ရခိုင်အရေးတွင် လူမျိုးတုံးသတ်ဖြတ်နိုင်ချေ ရှိမရှိကို စစ်ဆေးမည့်၊ လူ့အခွင့်အရေးချိုးဖောက်မှုသက်သေများကို ရှာဖွေမည့် အဖွဲ့တစ်ခုဖွဲ့စည်းရန် အဆိုပြုချက်ကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည်။ ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် ရခိုင်အရေးကို ရှုပ်ထွေးအောင်မလုပ်ရန်၊ မချဲ့ကားရန် ကိုလည်း သတိပေးခဲ့သည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက မွတ်စလင်များ နေရပ်ပြန်ရေးနှင့်  ဖြစ်ပွားခဲ့သောလူ့အခွင့်ရေးချိုးဖောက်မှုများအပေါ် တာဝန်ယူမှုရှိစေရေး၊ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန် အချက်အလက်များထည့်သွင်းထားသော အစီရင်ခံစာတစ်စောင်ကိုရေးသားခဲ့သည်။ အစီရင်ခံစာကိုရေးသားရာတွင် ဗြိတိန်နိုင်ငံကဦးဆောင်ခဲ့သည်။ ထိုအစီအရင်ခံစာတွင် မြန်မာနိုင်ငံက ပြစ်မှုကျုးလွန်သူများကို နိုင်ငံတကာခုံရုံးသို့ပို့ရန် ညွှန်ကြားချက်များ မပါဝင်သော်လည်း တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ကန့်ကွက်ခဲ့သည်။

တရုတ်နိုင်ငံ၏လူပ်ရှားမှုများသည်  လူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်ပြီး ရာဇဝတ်သားများပါဝင်သော မြန်မာ့တပ်မတော်ကို အကာအကွယ်ပေးနေကြောင်း နိုင်ငံတကာက ဝေဖန်သည်။ တရုတ်နိုင်ငံဘက်က ထပ်တလဲလဲပြောဆိုသည်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး၊ တိုင်းရင်းသားများအရေးကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝင်ရောက်စွက်ဖက်ခြင်းမပြုကြရန် ဖြစ်သည်။  

မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင်များကို  လူမျိုးတုံးသတ်ဖြတ်မှုဖြင့်အရေးယူရန် စုံစမ်းရေးအဖွဲ့က ၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်းက ကုလသမဂ္ဂသို့ တင်ပြခဲ့သည်။  နောက်တစ်ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ရခိုင်အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အပြစ်တင်မှု၊ ပိတ်ဆို့အရေးမှုများက အကျိုးထူးမည်မဟုတ်၊ ပြဿနာကိုဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ယင်းနှစ်၊ နိုဝင်ဘာလက စင်ကာပူနိုင်ငံ၌ပြုလုပ်သော အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်ဒုတိယ သမ္မတ မိုက်ပင့်စ်က ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံပြီး မြန်မာစစ်တပ်၏ လုပ်ရပ်များသည် ခွင့်လွတ်နိုင်စရာမရှိကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသော မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောဆိုခဲ့သည်။ ထိုအစည်းအဝေးတွင်ပင် တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်က ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးတွင် ပြည်တွင်းတည်ငြိမ်ရေးလုံခြုံရေးအတွက် မြန်မာနိုင်ငံက ကြိုးစားအားထုတ်နေမှုများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အရေးနှင့်ပတ်သတ်ပြီး တရုတ်နိုင်ငံ၏ အကြိမ်ကြိမ်ကူညီထောက်ပံ့မှုများကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။  

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် ဒုက္ခသည်များပြန်ပို့ရေးသဘောတူညီချက်ကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ တွင် ပထမအသုတ် ပြန်လာရန်ဖြစ်သည်။ သို့သော် လုံခြုံရေးနှင့် နိုင်ငံသားဖြစ်တည်မှု သဘောတူညီချက် မရရှိသောကြောင့် ထိုအစီအစဉ်မှာ ပျက်သွားခဲ့သည်။

မွတ်စလင်များ နေရပ်ကို လုံခြုံစိတ်ချစွာ၊ ဂုဏ်သိက္ခာရှိစွာပြန်ရေးတွင်  ပြဿနာအရင်းခံကို ရှာဖွေရန်အတွက် သဘောတူညီချက်များကို ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံအနေနှင့် ကုလသမဂ္ဂလူသားချင်းစားနာထောက်မှုဆိုင်ရာမင်းကြီးရုံး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုဆိုင်ရာအစီအစဉ်တို့နှင့် လက်မှတ်ရေးထိုးခဲ့သည်။ တရုတ်နိုင်ငံ၏တိုက်တွန်းမှုဖြင့်၂၀၁၉  ခုနှစ်၊ သြဂုတ်လ၂၃ ကို မွတ်စလင်များ နေရပ်ပြန်ရန်နေ့အဖြစ် ထပ်မံသတ်မှတ်ခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ ပြန်မလာခဲ့ပေ။  ယင်းနေ့မတိုင်မီ တစ်ရက်အလို သြဂုတ်လ ၂၂ ရက်နေ့တွင်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချိန်ဟိုင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်ကို တွေ့ဆုံပြီး ရခိုင်အရေးတွင် နိုင်ငံတကာ၏ဖိအားများနှင့်ပတ်သတ်လာလျှင် တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံဘက်က ရပ်တည်ကြောင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးသွားသော မွတ်စလင်များကို ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက  ‘ရိုဟင်ဂျာ’ ဟု အပြိုင်အဆိုင်ခေါ်ဝေါ်လျက်ရှိသော်လည်း တရုတ်နိုင်ငံကမူ ‘ရိုဟင်ဂျာ’ သို့မဟုတ် ‘ဌာ‌နေတိုင်းရင်းသားများ’ စသည့်အသုံးအနှုန်းများကို မသုံးစွဲချေ။

ရခိုင်ပြည်နယ်အရေးကြောင့် မြန်မာနိုင်ငံအပေါ် တရုတ်လွှမ်းမိုးလာနိုင်မှုကိစ္စကို အနောက်နိုင်ငံများအနေနှင့် ပစ်ပယ်မထားဘဲ စေ့စပ်ညှိနိူင်းမှုများပြုလုပ်ရန် အမေရိကန်နိုင်ငံ၊ ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့အစည်း USIP က အကြံပေးထားသည်။ မြန်မာတပ်မတော်အပေါ်တွင် ဖိအားပေးသင့်သလို တချိန်တည်းမှာတွင်လည်း ဒီမိုကရေစီဆန်သည့် အဖွဲ့အစည်းတစ်ခုဖြစ်လာရန် တိုက်တွန်းပြီး ကူညီပေးသင့်ပြီး ရခိုင်အရေးကိုရှေ့ဆက်ရန် ကူညီသင့်သည်ဟု ထောက်ပြထားသည်။ ကိုဖီအာနန်ကော်မရှင်က အကြံပြုထားသည်တို့ကိုလည်း မြန်မာအစိုးရက အကောင်အထည်ဖော်ရန် အမေရိကန်ကလည်း တိုက်တွန်းထားသည်။

(ခ) မြန်မာနိုင်ငံနှင့် တိုက်ရိုက်ထိတွေ့ခြင်း

သမ္မတ ဦးသိန်းစိန်လက်ထက်တွင် မြစ်ဆုံစီမံကိန်းဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အေးစက်ခဲ့ရသော တရုတ်နိုင်ငံအတွက် ရခိုင်ပြည်နယ်အရေးသည် ဆက်ဆံရေးကို ပြန်လည်နီးကပ်လာစေရန် ဖန်တီးပေးခဲ့သည်။

အကြမ်းဖက်သမားအစွန်းရောက် ARSA အဖွဲ့အပေါ် မြန်မာ့တပ်မတော်၏ တုံ့ပြန်တိုက်မှုကို  လိူက်လိူက်လှဲလှဲ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်က ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများသည် ပြည်တွင်းရေးသာဖြစ်ကြောင်းလည်း ပြောဆိုသည်။  ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာဘက်က ခိုင်မာစွာရပ်တည်မည်ဖြစ်ပြီး လိုအပ်သောအထောက်အပံ့များကို ကူညီမည်ဟုလည်း ဆိုသည်။

ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးကဏ္ဍတွင် တရုတ်၏အရေးပါမှုကို အမြင့်ဆုံးရောက်အောင် တွန်းပို့ပေးလိုက်သည်ဟု နိုင်ငံတကာအစီရင်ခံစာများက သုံးသပ်ကြသည်။ တဖန် ယင်းအရေးသည် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများနှင့် နေပြည်တော်တို့အကြား ဆက်ဆံရေးကို ခွာပြဲစေခဲ့သည်။ အဆိုပါအခြေအနေတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် နိုင်ငံတကာဖိအားများ၊ ဝေဖန်မှုများ၊ လူ့အခွင့်ရေးဆိုင်ရာ တောင်းဆိုမှုများအတွက် တစ်ခုတည်းသောအကာအကွယ်ပေးရာ ဖြစ်လာသည်။

ထိုအခွင့်အရေးကိုအသုံးပြု၍လည်း ဘေဂျင်းသည် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အကျိုးအမြတ်များဖော်ဆောင်မှုများအတွက် နေပြည်တော်က လမ်းဖွင့်ပေးလာစေရန် လုပ်ဆောင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်၌ ရခိုင်ပြည်နယ်ပြဿနာကြောင့် အနောက်နိုင်ငံများက  မြန်မာနိုင်ငံကို ခပ်ခွာခွာနေချိန်တွင် တရုတ်နိုင်ငံသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်း၊ နယ်စပ်ပူးပေါင်းစီးပွားရေးဇုန်များ စသည့် အခြေခံအဆောက်အအုံစီမံကိန်းများအတွက် သဘောတူညီချက်များကို ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် နိုင်ငံတော်အတိုင်ပင်ခံအဖြစ်ဖြင့် တရုတ်နိုင်ငံသို့ သုံးကြိမ် သွားရောက်ခဲ့သည်။ သုံးကြိမ်စလုံးတွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သတ်ပြီး တရုတ်နိုင်ငံ၏ရပ်တည်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။ မြန်မာအရေးအတွက် ကုလသမဂ္ဂတွင် တရုတ်နိုင်ငံ၏ရပ်တည်မှုသည် အရေးပါပြီး မြန်မာနိုင်ငံအားအရေးယူရေးကို ဆန့်ကျင်ခဲ့သည့်နိုင်ငံများအား ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ခါးပတ်တစ်ကွင်းလမ်းတစ်စင်းဖိုရမ်နှင့် ဒေသတွင်းအဆင့်မြင့်အစည်းအဝေး တတ်ရောက်ရန် တရုတ်နိုင်ငံသို့  သွားရောက်ခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း တပ်မတော်နှစ်ခုအကြား ဆက်ဆံရေးတိုးမြှင့်ရေးအတွက် သွားရောက်လည်ပတ်ခဲ့သည်။  

ထိုခရီးစဉ်များတွင် မွတ်စလင်အရေးကိစ္စနှင့်ပတ်သက်၍  စိုးရိမ်ပူပန်ရမှုများကို ဆွေးနွေးခဲ့ကြသည်ဟု တရုတ်သတင်းမီဒီယာများက ဖော်ပြကြသည်။ လက်ရှိအချိန်တွင် တရုတ်နှင့် မြန်မာစစ်တပ်အကြား ဆက်ဆံရေးအထွဋ်အထိပ် ရောက်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ခရီးစဉ်အပြီးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ်အရေးတွင် တရုတ်၏ပါဝင်စေ့စပ်ညှိနိူင်းမှုသည် အပြုသဘောဆောင်သည်ဟု မြန်မာက ယူဆထားသည်။ အပြည်ပြည်ဆိုင်ရာ ဖိအားများအကြားတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့အနေနှင့် တရုတ်ဘက်သို့ ယိမ်းသွားစေသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလလကုန်၊ ခါးပတ်တစ်ကွင်းလမ်းတစ်စင်း ထိပ်သီးအစည်းအဝေးဒုတိယအကြိမ် မကျင်းပခင် တစ်ပတ်အလိုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည်။ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ တရုတ်၏ရပ်တည်မှုကို ကျေးဇူးတင်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံက အကောင်အထည်ဖော်မည့် ခါးပတ်တစ်ကွင်းလမ်းတစ်စင်းအစီအမံ အကောင်ထည်ဖော်ရေးအတွက် အစွမ်းကုန်ပူးပေါင်းပါဝင်မည်ဟု ကတိပြုခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ပြန်လည်နေရချထားရေးအတွက် လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ကျပ် သန်း ၂၀၀ ကိုလည်း လှူဒါန်းပေးအပ်ခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဇန်ဝါရီလက ရခိုင်ပြည်နယ်တွင် နေရပ်ပြန်သူများနေထိုင်ရန်အတွက် တပ်ဆင်ပြီးသား အဆင်သင့်နေအိမ် အလုံး ၁၀၀ ကို မြန်မာအစိုးရထံ လှူဒါန်းခဲ့သည်။ အောက်တိုဘာလတွင်လည်း မြန်မာကျပ် ၁၅ ဒသမ ၉  ဘီလီယံတန်ဖိုးရှိ တပ်ဆင်ပြီးသား အဆင်သင့်နေအိမ် အလုံး ၁၀၀၀ ကို ထပ်မံလွှဲပြောင်းပေးခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဥ်တွင် အသုံးပြုရန် Sino Howo အမျိုးအစား မော်တော်ယာဥ် အစီး ၂၀ ကို မြန်မာအစိုးရသို့ လှူဒါန်းခဲ့သည်။

 (ဂ) မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့အကြားတွင် တတိယလူအဖြစ် ပါဝင်ခြင်း

၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင်ဖြစ်ပွားခဲ့သော တပ်မတော်၏ အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေးအပြီး နှစ်လအကြာ၌ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား စေ့စပ်ညှိနိူင်းမှုတွင် တရားဝင်အနေအထားဖြင့် ပါဝင်လာသည်။

မွတ်စလင်များနေရပ်ပြန်ရေးအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ဆွေးနွေးရာတွင်  စေ့စပ်ညှိနိူင်းခြင်း၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှဖိအားများမှ မြန်မာနိုင်ငံကို အကာကွယ်ပေးခြင်း စသည့် အဓိကအခန်းကဏ္ဍများတွင် တရုတ်နိုငံက ပါဝင်ရပ်တည်လျက်ရှိသည်။

ဤနေရာတွင် သတိပြုရန်မှာ မြန်မာအပြင် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်တွင်လည်း မဟာစီမံကိန်းကြီးများအပါအဝင် တရုတ်၏အကျိုးစီးပွားများ ရှိနေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအရေး စေ့စပ်ညှိနိူင်းရေးခရီးအဖြစ် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံစလုံးသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လိူင်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံ၏မဟာစီမံကိန်းဖြစ်သည့် ခါးပတ်တကွင်းလမ်းတစ်စင်း(BRI) အစီအမံတွင် မြန်မာနိုင်ငံအနေနှင့် ပါဝင်ရန် ထိုခရီးစဉ်အတွင်း ဝမ်ယိက တောင်းဆိုခဲ့ရုံသာမက ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအရေးနှင့်ပက်သက်၍ တရုတ်နိုင်ငံ၏ သဘောထားအမြင်သုံးချက်ကို ထုတ်ပြန်ခဲ့သည်။

၎င်းတို့မှာ ၁။ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ၊ အပစ်အခတ်များ ရပ်စဲ၍ တည်ငြိမ်မှုများကို ရယူရမည်။  ၂။ ရွေ့ပြောင်းသွားသူများ မြန်မာနိုင်ငံသို့ ပြန်လာရေးအတွက် အမှန်တကယ်အလုပ်ဖြစ်မည့်အဖြေကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား အတူတကွရှာဖွေရမည်။ ထိုသို့ရှာဖွေရာတွင် နှစ်ဘက်စလုံးအတွက် မျှတသောအခြေခံတစ်ခုကို မူတည်၍ ဆွေးနွေးရမည်။ ၃။ ဆင်းရဲမွဲတေမှု လျော့ချရေးကိုဦးတည်ပြီး ရေရှည်စီမံကိန်းတစ်ခုချမှတ်ရေး ဖြစ်သည်။ ထိုအစီအစဉ်မှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ရခိုင်ပြည်နယ်သို့ ဖိတ်ခေါ်ပြီး တိုးတတ်သောကြွယ်ဝသော ဝန်းကျင်တစ်ခုဖန်တီးပေးရန် ဖြစ်သည်။ ရခိုင်ပြည်နယ်၏ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုစီမံကိန်းတွင် တရုတ်နိုင်ငံကလည်း ကူညီမည်ဖြစ်သည်။

သို့သော် တရုတ်နိုင်ငံ၏ဖြေရှင်းနည်းသုံးချက်သည် မွတ်စလင်များအပေါ်ထားသည့် မြန်မာအစိုးရ၏ မူဝါဒများကို သိသိသာသာပြောင်းလဲသွားစေမည်မဟုတ်သလို ပြန်လည်ဝင်ရောက်လာမည့် မွတ်စလင်များအပေါ် ဖိနှိပ်မှုများ ရပ်တန့်သွားရေးအတွက် အာမခံချက်မပေးဟု နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ထားသည်။ ထို့အပြင် တရုတ်နိုင်ငံအနေနှင့် မွတ်စလင်များအရေးထက် ၎င်း၏အကျိုးစီးပွားအတွက်ကြောင့်သာ  မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားတွင် စေ့စပ်ညှိနိူင်းပေးသော အခန်းကဏ္ဍတွင်ပါဝင်ခြင်းဖြစ်သည်ဟုလည်း ဝေဖန်ထားသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး  အဘူလ်ဟာဆန် မာမွတ်အလီတို့နှင့် ဘေဂျင်းတွင် တွေ့ဆုံခဲ့သည်။ စက်တင်ဘာလ ၂၇ ရက်တွင်လည်း ၎င်းတို့သုံးဦးသည် နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်တွင် အစည်းအဝေးကို ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရပ်လည်း တတ်ရောက်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံ၏ စေ့စပ်မှုဖြင့် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံသည် ကုလသမဂ္ဂ အထွေထွေအစည်းအဝေးကျင်းပနေချိန်တွင် သီးခြားတွေ့ဆုံခဲ့သေးသည်။

တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအရေးအပေါ် မြန်မာအစိုးရ၏ တုံ့ပြန်မှုများကို တရားဝင် ထောက်ခံအားပေးခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးမှာ တရုတ်နိုင်ငံ၏ ရင်းနှီးသော မိတ်ဖက်နိုင်ငံများဖြစ်ခြင်းကြောင့်  ရခိုင်ပြည်နယ်အရေး အဖြေရှာရာတွင် အကောင်းဆုံးကြိုးစားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုထားသည်။ တချိန်တည်းမှာပင် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးနိုင်မှုကို အသုံးချ၍ ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအရေးကို ဖြေရှင်းနိုင်လိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလည်း မျှော့်လင့်လျက်ရှိသည်။

နိုင်ငံတကာအသိုင်းအဝိုင်းကမူ တရုတ်နိုင်ငံ၏ကြားဝင်ညှိနိူင်းမှုအစီအစဉ်များသည် နေရပ်ပြန်မည့် မွတ်စလင်များကို အန္တရာယ်တွင်းသို့ တဖန်ပြန်လည်၍ တွန်းပို့ပြီး တာဝန်မဲ့သော၊ လက်တွေ့မကျသော အစီအစဉ်သာဖြစ်သည်ဟု ထောက်ပြပြောဆိုကြသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံက စုစုပေါင်း တန် ၁၅၀ ခန့် ရှိသော လူသားချင်းစာနာမှုဆိုင်ရာအကူအညီကို လွှဲပြောင်းပေးခဲ့သည်။ ယင်းတို့အထဲတွင် ရွက်ဖျင်တဲ အလုံး ၂၀၀၀ နှင့် စောင်အထည် ၃၀၀၀ တို့ ပါဝင်သည်။ သို့သော် ထုတ်ပြန်ချက်တွင် မွတ်စလင်များအတွက် အကူအညီဟု သုံးနူန်းမထားဘဲ မြန်မာနိုင်ငံမှထွက်ပြေးတိမ်းရှောင်လာသူများ သို့မဟုတ် ရွေ့ပြောင်းလာသူများဟုသာ သုံးနူန်းထားသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းရှိ လိုအပ်နေသော အကာအရံများ၊ အစားအသောက်များပါဝင်သည့် အကူအညီများကိုလည်း ၂၀၁၈ ခုနှစ်တွင် ထပ်မံလွှဲပြောင်းပေးခဲ့သည်။

၂၀၁၉ ခုနှစ်၊ မတ်လတွင် တရုတ်အစိုးရအရာရှိများဦးဆောင်သော လေ့လာရေးအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ မွတ်စလင်ဒုက္ခသည်စခန်းများသို့သွားရောက် လည်ပတ်ခဲ့သည်။ ထိုခရီးစဉ်အတွင်း အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်းကော်ရှန် ဦးဆောင်သော တရုတ်အရာရှိများက နေရပ်ပြန်မည့် ဒုက္ခသည် တစ်ဦးချင်းစီအတွက် ဘဝပြန်လည်ထူထောင်ရန် အမေရိကန်ဒေါ်လာ ၆၀၀၀ ပေးသွားမည်  ဖြစ်ကြောင်းပြောဆိုခဲ့သည်။ သို့သော် ဒုက္ခသည်များက ငြင်းပယ်ခဲ့သည်။

ဇူလိုင်လက သွားရောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ တရုတ်ပြည်ခရီးစဉ်တွင်လည်း တရုတ်ဝန်ကြီးချုပ်က မွတ်စလင်များအတွက် ဆန်တန်ချိန် ၂၅၀၀၀ ကို ပေးအပ်သွားမည်ဟု ကတိပြုခဲ့သည်။

၄။ နိဂုံး

တရုတ်နိုင်ငံအနေနှင့် ဤရာစုနှစ်အတွင်း ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ၎င်း၏အခန်းကဏ္ဍကို ကြီးမားနိုင်သမျှ ကြီးမားလာစေရန် ချဲ့ထွင်လျက်ရှိသည်။ ယင်းအတွက် ခါးပတ်တစ်ကွင်းလမ်းမဟာအစီအမံသည် အဓိကကျပြီး ၎င်းတို့၏အိပ်မက်ကို အဆုံးအဖြတ်ပေးမည့် အရာလည်း ဖြစ်သည်။ ခါးပတ်တစ်ကွင်းလမ်းတစ်စင်းစီမံကိန်း ချောမွေ့စွာအောင်မြင်ရေးတွင် ရခိုင်ပြည်နယ်အနောက်ဘက်ရှိ အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ဖောက်ထွက်နိုင်ရေးသည် အရေးကြီးသည့်ကိစ္စတစ်ရပ်ဖြစ်သည်။ ယင်းက ရခိုင်ပြည်နယ်တည်ငြိမ်ရေးသည် တရုတ်နိုင်ငံအနေနင့် အလေးထားဖွယ်ရာပြဿနာတစ်ရပ်ဖြစ်လာစေပြီး အတိုင်းအတာတစ်ခုအထိ ပါဝင်ပတ်သက်နေမည်ဖြစ်သည်။

ရခိုင်ပြည်နယ်က ပဋိပက္ခများသည် တရုတ်နိုင်ငံ၏ မဟာဗျုဟာကျသော ‘ခါးပတ်တစ်ကွင်းလမ်းတစ်စင်း’ အစိတ်အပိုင်းဖြစ်သည့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးကို အနှောင့်အယှက်မဖြစ်စေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထုတ်ဖော်ပြောဆိုထားသည်။

ကိုးကား

https://www.usip.org/sites/default/files/2018-02/sr419-understanding-chinas-response-to-the-rakhine-crisis.pdf

https://www.crisisgroup.org/asia/south-east-asia/myanmar/292-myanmars-rohingya-crisis-enters-dangerous-new-phase

https://www.usip.org/sites/default/files/2018-09/ssg-report-chinas-role-in-myanmars-internal-conflicts.pdf

https://www.newmandala.org/china-myanmar-behind-headlines-2/

https://www.worldpoliticsreview.com/articles/23901/how-china-has-used-myanmar-s-rohingya-crisis-to-its-advantage

https://www.globalnewlightofmyanmar.com/action-taken-resolution-related-myanmar-special-session-unhrc/

https://www.irrawaddy.com/news/burma/analysis-nld-cozying-beijing-ties-west-fray.html

https://www.irrawaddy.com/news/burma/myanmar-military-chief-thanks-beijing-support-rakhine-crisis.html

http://www.rakhinecommission.org/mm/the-final-report/
 
Loading...