၁။ မြန်မာ့လက်နက်ကိုင်ပဋိပက္ခ နောက်ခံအခြေအနေအကျဉ်းချုပ်မြန်မာ့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသည် အင်္ဂလိပ်ကိုလိုနီအစိုးရထံမှ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် ၀န်းကျင်တွင် စတင်သန္ဓေတည်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။လွတ်လပ်ရေးတိုက်ပွဲ၀င် နိုင်ငံရေးခေါင်းဆောင်အချို့ပါ၀င်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၊ ကရင်၊ ကရင်နီတို့အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအချို့သည် နိုင်ငံလွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ် ၀န်းကျင်မှာပင် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲခဲ့ကြသည်။ဗိုလ်ချုပ်ကြီး နေ၀င်း၏ တော်လှန်ရေးကောင်စီအစိုးရက အာဏာသိမ်းခဲ့သည့်ကာလ ၁၉၆၀ ပြည့်နှစ်၀န်းကျင်တွင် ကချင်၊ ရှမ်း၊ ရခိုင်တို့အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထပ်မံပေါ်ပေါက်ခဲ့သလို နိုင်ငံလုံးချီလူထုအရေးတော်ပုံကြီးဖြစ်ပေါ်ခဲ့သည့် ၁၉၈၈ ခုနှစ် ၀န်းကျင်တို့တွင်လည်း ၀၊ မိုင်းလား၊ ကိုးကန့်၊ ချင်း စသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ထပ်မံပေါ်ပေါက်ခဲ့သည်။ပြည်တွင်းစစ်၏ အစောပိုင်းကာလမှစ၍ ၁၉၈၀ ပြည့်နှစ်၀န်းကျင်အထိ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၏ အခန်းကဏ္ဍသည် နိုင်ငံအတွင်း ဒေသများစွာတွင် ကျယ်ပြန့်စွာ ရှိနေခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ပါတီတွင်း ပုန်ကန်မှုများကို ကြုံတွေ့ခဲ့ရပြီး ပါတီအနေနှင့် ပြိုကွဲသွားခဲ့ကာ တိုင်းရင်းသားတော်လှန်ရေးအင်အားစု(၀၊ မိုင်းလား၊ ကိုးကန့်)များအဖြစ် ဆက်လက်ကျန်ရှိခဲ့သည်။၁၉၉၀ ပြည့်နှစ်အလွန်၊ တပ်မတော်အစိုးရအနေနှင့် တရုတ်နိုင်ငံနယ်စပ်တလျှောက်ရှိ ကချင်၊ ရှမ်း၊ ၀ တို့အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများအပြားနှင့် နှစ်ဖက်အပစ်အခတ်ရပ်စဲထားခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းလိုက်ပြီးနောက် အပစ်ရပ်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ကြိုးပမ်းခဲ့ရာမှ အပစ်ရပ်သဘောတူညီချက်များ ပျက်ပြယ်သွားကာ နှစ်ဖက်အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် တရုတ်နယ်စပ်ရှိ ကိုးကန့်အဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သလို ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်နှင့် ဖြစ်ပွားခဲ့သည်။ ယင်းနောက် ပလောင်၊ ရှမ်း၊ ရခိုင် စသည့် အဖွဲ့များနှင့်လည်း ဆက်တိုက် တိုက်ပွဲများ ရှိနေခဲ့သည်။၂၀၁၁ ခုနှစ်၊ မတ်လတွင် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့တက်လာသည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ကရင်၊ ပအို့၀်၊ ချင်းတို့အပါအ၀င် အဖွဲ့ ၈ ဖွဲ့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို လက်မှတ်ထိုးခဲ့ကြသည်။ အဆိုပါအဖွဲ့များမှာ ထိုင်းနိုင်ငံနယ်စပ်တလျောက်တွင် အခြေစိုက်သည့် အဖွဲ့များ ဖြစ်သည်။ လက်နက်ကိုင်တိုင်းရင်းသားအုပ်စုများထဲတွင် အင်အားကြီးမားပြီး တရုတ်နယ်စပ်တွင် အခြေစိုက်သည့် အဖွဲ့များကမူ လက်မှတ်မထိုးခဲ့ကြပေ။၂၀၁၆ ခုနှစ်၊ မတ်လကုန်တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက အစိုးရတာ၀န်ကို ရယူသည်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ယခင်အစိုးရက ချန်ထားရစ်ခဲ့သည့် လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် မွန်နှင့် လားဟူအဖွဲ့နှစ်က NCA တွင် ပါ၀င်လာကြရာ လက်မှတ်ထိုးပြီးသည့် အဖွဲ့ ၁၀ ဖွဲ့ ဖြစ်လာသည်။နိုင်ငံ၏ မြို့နယ်စုစုပေါင်း ၃၃၀ အနက် ၁၁၀ ကျော်သည် စစ်ပွဲများနှင့် ဆက်စပ်ဒုက္ခများကို ရင်ဆိုင်နေရသည်။ တစ်နည်းအားဖြင့် နိုင်ငံ၏ နယ်မြေသုံးပုံတစ်ပုံ ဖြစ်သည်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တချို့တစ်၀က်သာ ပါ၀င်ဆင်နွဲနိုင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သမ္မတ ဦးသိန်းစိန်လက်ထက်တွင် တစ်ကြိမ်၊ လက်ရှိအစိုးရလက်ထက်တွင် သုံးကြိမ်(၂၁ ရာစု ပင်လုံ ဟူ၍လည်း ခေါ်သည်။) ကျင်းပနိုင်ခဲ့ပြီး အချက် ၅၁ ချက်ကို ပြည်ထောင်စုသဘောတူညီမှုအဖြစ် စာချုပ်ချုပ်ဆိုနိုင်ထားသည်။ သို့သော် အရေးကြီးသည့် နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များကို မရရှိသေးပေ။၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု-ပင်လုံ) ကို သုံးကြိမ်မြောက်အဖြစ် ကျင်းပခဲ့ပြီးနောက် ယခု(၂၀၁၉ ခုနှစ်၊ သြဂုတ်လ)အထိ ဆက်လက်ကျင်းပနိုင်ခြင်း မရှိသေးပေ။၂။ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍတပ်မတော်အစိုးရလက်ထက်၊ ၁၉၉၀ ပြည့်နှစ်အလွန်ကာလများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲထားချိန်အတွင်း တရုတ်နယ်စပ်ဒေသသည် တည်ငြိမ်နေခဲ့သည်။ ထိုအတောအတွင်း မြန်မာ့နယ်စပ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ယူနန်ပြည်နယ်မှ အဓိက ကိုင်တွယ်ခဲ့သည်။ ယူနန်ပြည်နယ်ရှိ ဒေသန္တရအာဏာပိုင်များ၊ စီးပွားရေးသမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ကိုယ်စီအကျိုးစီးပွားတို့အတွက် အပြန်အလှန် ချိတ်ဆက်ယှက်နွယ်နေသည့် ကူးလူးဆက်ဆံမှုများ ရှိနေခဲ့သည်။ မြန်မာနယ်စပ်ရေးရာနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်များကို ယူနန်ပြည်နယ်အစိုးရအား တရုတ်နိုင်ငံ၊ ဗဟိုအစိုးရက ကျယ်ကျယ်ပြန့်ပြန့် ပေးထားခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာ့ပြည်တွင်းစစ်နှင့် ပတ်သက်၍ ယခင် တပ်မတော်အစိုးရလက်ထက်တွင် ပေယျာလကန်ပြုထားခဲ့သော်လည်း တပ်မတော်အစိုးရ၏ နောက်ဆုံးအချိန်ကာလတွင် ဘေဂျင်းသည် ပြန်လည်အလေးထားလာခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ကိုးကန့်(MNDAA)အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာချိန်တွင် တရုတ်နိုင်ငံအနေနှင့် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို ခေါင်းထောင်၍ ကြည့်လာရသည်။ တိုက်ပွဲများကြောင့် ကိုးကန့်တိုင်းရင်းသားအများစုပါ၀င်သည့် စစ်ဘေးရှောင် သုံးသောင်းခုနစ်ထောင်ကျော်သည် တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ ယင်းအတွက်ကြောင့် ဘေဂျင်းရှိ ဗဟိုအစိုးရကို အလုပ်ရှုပ်သွားစေခဲ့သည်။ မြန်မာအစိုးရအနေနှင့် ပြည်တွင်းရေးကို ကောင်းမွန်စွာ ဖြေရှင်းရန်၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးရန် တရုတ်ဘက်က တိုက်တွန်းခဲ့သည်။၂၀၁၁ ခုနှစ်တွင် ကချင်(KIO)အဖွဲ့နှင့်လည်း တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် မြန်မာ့ငြိမ်းချမ်းရေးတွင် ပို၍ကြီးမားလာသည်။အဆိုပါကာလအတွင်း မြစ်ဆုံဆည်စီမံကိန်းကို သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းလိုက်ရာ တရုတ်နှင့် မြန်မာ ဆက်ဆံရေးသည် အေးစက်သွားခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကိုးကန့်ဒေသတွင် တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည်။ တပ်မတော်အနနှင့် ကိုးကန့်အဖွဲ့အပေါ် စစ်ဆင်ရေးကို အရှိန်မြှင့်တင်ခဲ့ပြီး လနှင့်ချီ၍ စစ်ဆင်ရေးကို ဆင်နွှဲနေခဲ့သည်။ တပ်မတော်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ဆန်များသည် နယ်နိမိတ်ကိုကျော်လွန်၍ တရုတ်နိုင်ငံအတွင်းသို့ ကျရောက်ခဲ့ပြီး တရုတ်နိုင်ငံသား ငါးဦး သေဆုံးကာ ကိုးဦး ဒဏ်ရာရခဲ့သည်။နယ်စပ်ဒေသတွင် စစ်ပွဲများ ဖြစ်ပွားလာခြင်းက မြန်မာနှင့် နယ်နိမိတ်ချင်းထိနေသည့် ယူနန်ပြည်နယ်အစိုးရအဖွဲ့ကို ကျော်လွန်၍ တရုတ်နိုင်ငံ၏ ဗဟိုအစိုးရအထိပါ ခေါင်းခဲစေခဲ့သည်။ ဗဟိုအစိုးရအနေနှင့် နယ်စပ်ဒေသနှင့်ပတ်သက်သည့် မူ၀ါဒ သို့မဟုတ် မြန်မာနှင့် ပတ်သက်သည့် မူ၀ါဒတို့ကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်မှုအချို့ကို လုပ်ဆောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာ့ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်၍ သူ၏အခန်းကဏ္ဍကို တိုးမြှင့်လိုက်သည်။ကိုးကန့်နှင့် ကချင်တို့အပါအ၀င် NCA ကို လက်မှတ်မထိုးရသေးသည့် ၀(UWSP)၊ မိုင်းလား(NDAA)၊ ရှမ်း(SSPP)၊ ပလောင်(PSLF) စသည့် လက်နက်ကိုင်အဖွဲ့အစည်းအများစုသည် တရုတ်နှင့် မြန်မာနိုင်ငံတို့ နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် နယ်စပ်ဒေသများတွင် ဖြစ်သည်။တရုတ်နိုင်ငံနယ်စပ်တွင် အခြေပြုသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် တရုတ်နိုင်ငံက သြဇာရှိနေ သို့မဟုတ် လွှမ်းမိုးနိုင်စွမ်း ရှိနေကြာင်း စစ်ရေး၊ နိုင်ငံရေး လေ့သုံးသပ်သူများက မကြာခဏပင် ထုတ်ဖော် ပြာဆိုကြသည်။ တစ်ခါတစ်ရံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၀င်များကိုယ်တိုင်ပင် ထုတ်ဖော် ၀န်ခံလေ့ရှိကြသည်။မြန်မာပြည်တွင်းစစ်ပွဲများရပ်တံ့နိုင်ရေးနှင့် ပြဿနာများ ပြေလည်စေရေးအတွက် တရုတ်နိုင်ငံအနေနှင့် ကြား၀င်စေ့စပ်ပေးပါဟူ၍ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့သုံးခုဖြစ်သည့် ရခိုင်(AA), တအန်း(TNLA) နှင့် ကိုးကန့်(MNDAA) တို့က ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက ပူးတွဲထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ထည့်သွင်းအကူအညီတောင်းခံခဲ့သည်။ အလားတူပင် ၀(UWSA) အဖွဲ့ကလည်း တရုတ်နိုင်ငံအနေနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဖြစ်စဥ်တွင် ပါ၀င်ကူညီပေးရန် ၂၀၁၆ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့သေးသည်။တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် NCA တွင် ပါ၀င်လက်မှတ်ထိုးကြရန် NLD အစိုးရလက်ထက်တွင် တိုက်တွန်းပြောဆိုလာသလို အစိုးရနှင့် တွေ၌ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန် ကြး၀င်စေ့စပ်ပေးခြင်း၊ ကမကထပြုပေးခြင်း၊ တရုတ်နိုင်ငံအတွင်းတွင် နေရာစီစဥ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်လာသည်။ ပြီးခဲ့သည့် နောက်ဆုံးညီလာခံနှစ်ခုတွင် မြောက်ပိုင်းတိုင်းရင်းသားအဖွဲ့များကို တရုတ်နိုင်ငံပိုင်လေကြောင်းလိုင်းဖြင့် နေပြည်တော်သို့ ခေါ်ဆောင်ပေးခဲ့သည်။အဆိုပါလက်နက်ကိုင်အဖွဲ့များအနေနှင့် ၄င်းတို့အဖွဲ့အစည်းများ ရပ်တည်ရှင်သန်ရေးအတွက် ကုန်သွယ်ရေး၊ စီးပွားရေး၊ ဆက်သွယ်ရေး စသည်တို့တွင် တရုတ်နိုင်ငံကို တစုံတရာအားကိုး နေရသည်။ အလားတူပင် ၄င်းတို့အတွက် ငွေကြေးအရင်းအနှီးရှိရန်လိုအပ်ပြီး ယင်းအတွက် ကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်အဖြစ် တရုတ်နိုင်ငံကိုသာ အားကိုးနေရခြင်း ဖြစ်သည်။၁၉၄၀ ပြည့်နှစ်၀န်းကျင်မှသည် နောင်နှစ်ပေါင်း ၄၀ ၀န်းကျင်ကြာ သည်အထိ နိုင်ငံအတွင်း၌ အင်အားအကြီးမားဆုံး လက်နက်ကိုင်တော်လှန်ရေးအင်အားစုဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ(BCP) သည် တရုတ်ထံမှ အကူအညီဖြတ်တောက်လိုက်ပြီး မကြာခင်တွင် ပြိုကွဲသွားခဲ့သည့် သာဓကလည်းရှိခဲ့ရာ ယင်းကို ထောက်၍ တရုတ်နိုင်ငံအနေနှင့် မြန်မာ့ငြိမ်းချမ်းရေးကို အဆုံးအဖြတ်ပေးနိုင်သည်ဟု ရှုမြင်ကြသူများလည်း ရှိနေသည်။သို့သော်၊ အဆိုပါ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် လက်ရှိတိုင်းရင်းသားအဖွဲ့အစည်းတို့၏ ရပ်တည်မှုပုံစံခြင်း မတူသလို ခေတ်ကာလအခြေအနေချင်းလည်း ကွဲပြားခဲ့ပြီ ဖြစ်သည်။ဗမာပြည်ကွန်မြူနစ်ပါတီသည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ဟုတ်ဟုတ်ညားညားမရှိဘဲ တရုတ်၏ကူညီစောင်မမှုကိုသာ အားကိုးအားထားပြုနေခဲ့ရခြင်းဖြစ်သည်။ လက်ရှိတိုင်းရင်းသားအဖွဲ့များတွင် သစ်၊ သတ္တုနှင့် အခြားသယံဇာတတို့အပါအ၀င် စီးပွားရေးလုပ်ငန်းများ ရှိကြသည်။ တချိန်တည်းမှာပင် ယင်းစီးပွားရေးလုပ်ငန်းတို့သည် တရုတ်နိုင်ငံရှိ စီးပွားရေးသမားများ၊ လုပ်ငန်းများနှင့် ချိတ်ဆက်ယှက်နွယ်နေရာ ၄င်းတို့ကို ဖြတ်တောက်ရန်မှာ တရုတ်အစိုးရအနေနှင့် လွယ်ကူသည့်ကိစ္စမဟုတ်ပေ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အစိုးရလက်ထက်တွင် တရုတ်အစိုးရအနေနှင့် မြစ်ဆုံအပါအ၀င် စီမံကိန်းအချို့ကို ပြန်လည်စတင်နိုင်ရန် သိသိသာသာ လှုပ်ရှားလာသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC) အကောင်အထည်ဖော်ရေးကို အစိုးရသစ်နှင့် သဘောတူနိုင်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံအနေနှင့် ၄င်း၏ကမ္ဘာလွှမ်းအစီအစဥ်ဖြစ်သည့် ရပ်၀န်းနှင့် လမ်းကြောင်း(BRI)စီမံကိန်းကို အလုံးစုံအကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံသည် အရေးပါသည့်နေရာတွင် တည်ရှိနေသည်။အဆိုပါစီမံကိန်းများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဆက်စပ်လျက်ရှိနေသည်။ စီးပွားရေးစင်္ကြံရော ရပ်၀န်းနှင့် လမ်းကြောင်းစီမံကိန်းများပါ မြန်မာနိုင်ငံကို ဖြတ်သန်း၍ အနောက်ဘက်ရှိ ပင်လယ်၊ သမုဒ္ဒရာနှင့် နိုင်ငံများကို ချိတ်ဆက်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း စစ်မက်ဖြစ်ပွားနေခြင်းသည် တရုတ်၏ ကြီးမားသည့်အိပ်မက်တွင် အပါအ၀င်ဖြစ်သည့် အဆိုပါစီမံကိန်းများအတွက် အနှောင့်အယှက်အဟန့်အတားများ ဖြစ်စေသည်။၃။ မြန်မာ့ငြိမ်းချမ်းရေးနှင့် တရုတ်၏ပါ၀င်ပတ်သက်မှုဖြစ်စဉ်၂၀၀၉ နှင့် ၂၀၁၁ ခုနှစ်များ၌ ကိုးကန့်နှင့် ကချင်တို့တွင် တိုက်ပွဲများဖြစ်ပွားလာခြင်းက နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး သို့မဟုတ် ကိုယ်ကျိုးစီးပွားကို စောင့်ရှောက်ရန်လိုအပ်သည့် တရုတ်နိုင်ငံအနေနှင့် မြန်မာ့ငြိမ်းချမ်းရေးတွင် ပါ၀င်လာစေရန် အကြောင်းများ ဖြစ်လာစေသည်။၂၀၁၁ ခုနှစ်၊ နို၀င်ဘာလတွင် အစိုးရနှင့် ကချင်(KIA/KIO) တို့ကို တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံနိုင်စေရန် စီစဉ်ပေးခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံတနိုင်ငံ၏ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့တို့၏ ဆွေးနွေးပွဲကို မိမိမြေပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် တရား၀င် လက်ခံဆောင်ရွက်ပေးခြင်းလည်းဖြစ်ရာ တရုတ်နိုင်ငံ၏မူဝါဒအချိုးအကွေ့တခုဖြစ်သည်ဟု တရုတ်နိုင်ငံအရေးလေ့လာသူများက ထောက်ပြကြသည်။ လက်ရှိအချိန်အထိ အစိုးရနှင့် လက်နက်ကိုင်များအကြား အလွတ်သဘောဆွေးနွေးပွဲများစွာကို တရုတ်နိုင်ငံက လက်ခံကျင်းပပေးနေခဲ့သည်။တရုတ်အနေနှင့် ၄င်း၏ မဟာစီမံကိန်းဖြစ်သည့် ခါးပတ်နှင့် လမ်းကြောင်းစီမံကိန်း(BRI) ကို ၂၀၁၃ ခုနှစ်တွင် မိတ်ဆက်ကြေညာခဲ့သည်။ ယင်းစီမံကိန်းတွင် မြန်မာနိုင်ငံသည်လည်း တစိတ်တပိုင်းပါ၀င်နေရာ မြန်မာ့ငြိမ်းချမ်းရေးကိစ္စသည်လည်း ၄င်းတို့အတွက် ပို၍အလေးထားစရာ ဖြစ်လာသည်။၂၀၁၃ ခုနှစ်ထဲမှာပင် မြန်မာ့ငြိမ်းချမ်းရေးအတွင် အကျိုးဆောင်နေရာက ပါ၀င်လှုပ်ရှားမည့် အာရှရေးရာအထူးကိုယ်စားလှယ်နေရာကို ဖန်တီးလိုက်ကာ မစ္စတာ ၀မ်ယီဖန်း(Wang Yingfan)ကို ခန့်အပ်လိုက်သလို ကချင်(KIA/KIO)အဖွဲ့နှင့် မြန်မာအစိုးရတို့ကို တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံစေခဲ့သည်။၂၀၁၅ ခုနှစ်တွင် အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ၀မ်ယီဖန်းနေရာကို သံတမန်ရေးရာကျွမ်းကျင်သည့် ဝါရင့်သံအမတ်ကြီးဟောင်း မစ္စတာ ဆွန်းကော်ရှန်(Sun Guoxiang)ဖြင့် အစားထိုးလဲလှယ်လိုက်သည်။NLD အစိုးရလက်ထက်တွင် တရုတ်နိုင်ငံအနေနှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပို၍ ထဲထဲ၀င်၀င် ၀င်ရောက်လာခဲ့သည်။ NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များကို လက်မှတ်ထိုးရန် တရုတ်နိုင်ငံအနေနှင့် မကြာခဏ တိုက်တွန်းစေ့ဆော်မှုများ ပြုလုပ်လျက်ရှိသလို ငြိမ်းချမ်းရေးညီလာခံတို့တွင် ၄င်းအဖွဲ့အစည်းများ တက်ရောက်နိုင်ရေးအတွက် ကမကထပြု ခေါ်ဆောင်ပေးခြင်း၊ အစိုးရနှင့် တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်လာစေရေးကို ပံ့ပိုးပေးခြင်းတို့ကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်လျက်ရှိသည်။ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တပ်မတော်အပါအ၀င် အစိုးရနှင့် မျက်နှာချင်းမဆိုင်လိုသည့် ကချင်(KIO)နှင့် မြောက်ပိုင်းလက်နက်ကိုင်အင်အားစုတို့ကို တရုတ်နိုင်ငံက ဖြောင်းဖျနိုင်ခဲ့ကာ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့အတွင်း ကျင်းပသည် ညီလာခံတို့အတွက် နေပြည်တော်သို့ ပို့ပေးနိုင်ခဲ့သည်။အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်အနေနှင့်လည်း အထူးသံတမန်အဖြစ် တာ၀န်ယူပြီးချိန်မှစ၍ မြန်မာပြည်သို့ မကြာခဏလာရောက်ကာ နိုင်ငံတော်အတိုင်ပင်ခံ၊ ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် အစိုးရတာ၀န်ရှိသူများနှင့် တွေ့ဆုံလျက်ရှိသလို နယ်စပ်ဒေသရှိ တိုင်းရင်းသားအဖွဲ့အည်းများနှင့်လည်း မကြာခဏပင် တွေ၌ဆုံလျက်ရှိသည်။ မြန်မာ့ငြိမ်းချမ်းရေးအတွက်ဆိုလျှင် မည်သည့်အရာကိုမဆို ကူညီသွားမည်ဟူ၍ တရုတ်အစိုးရတာ၀န်ရှိသူများ၊ ခေါင်းဆောင်များက ပြောကြားထားသည်။တရုတ်နိုင်ငံအနေနှင့် မြန်မာ့ငြိမ်းချမ်းရေးတွင် ပါ၀င်ကူညီနေသည်ဟုဆိုသော်လည်း အလုံးစုံငြိမ်းချမ်းရေး သို့မဟုတ် နိုင်ငံရေးပြဿနာများ ပြေလည်သွားရေးထက် လက်နက်ကိုင်အင်အားစုများအကြား အပစ်အခတ်များ ဖြစ်ပွားမနေရေးကိုသာ ဦးတည်ပုံရသည်။ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် သဘောထားမှာ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် လေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီနေသည်ဟုဆိုသော်လည်း အခြားတစ်ဘက်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အသုံးချ၍ ၄င်း၏အကျိုးစီးပွားကို ဖော်ဆောင်လိုမှုကို ထောက်ပြကြသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်တို့အကြား ကြား၀င်စေ့စပ်သူအဖြစ်ပါ၀င်နေသော်လည်း မည်သူက မှန်သည်၊ မည်သည့်ဘက်က မှားသည်ဟူ၍ ဆုံးဖြတ်ပေးသည့် ဒိုင်လူကြီးတစ်ဦးအဖြစ် ပါ၀င်ခြင်းမျိုးမဟုတ်ကြောင်း ၂၀၁၇ ခုနှစ်က ကူမင်းမြို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် အာရှရေးရာအထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။၄။ ပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံနှင့် တရုတ်နိုင်ငံ၏အခန်းကဏ္ဍ(က) ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ဆုံးခါနီး၊ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပထမဆုံးအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ကျင်းပသည်။ အဆိုပါ ညီလာခံသည် မည်ကာမတ္တသဘောဆောင်ပြီး ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ခြင်း မရှိပေ။ NCA စာချုပ်ပါ ပြဌာန်းလမ်းညွှန်ချက်များကို လိုက်နာ အကောင်အထည်ဖော်ဆောင်သည့်အနေဖြင့် ညီလာခံကို ခေါ်ယူခဲ့ခြင်းသာ ဖြစ်သည်။ညီလာခံသို့ NCA လက်မှတ်ထိုးထားသည့် အဖွဲ့ ၈ ဖွဲ့သာ တက်ရောက်နိုင်ခဲ့သည်။ အိန္ဒိယနယ်စပ်အခြေစိုက် နာဂ(NSCN-K) အဖွဲ့က လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။(ခ) ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု-ပင်လုံ အစည်းအဝေး)NLD အစိုးရတက်လာပြီး ၆ လအကြာ၌ ဒုတိယအကြိမ်အဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ၊ ၁၉၄၇ ခုနှစ်က ခေတ်သစ်မြန်မာနိုင်ငံကို ထူထောင်ရေး ပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်၊ ပင်လုံညီလာခံကို အမွေဆက်ခံသည့်သဘောဖြင့် ညီလာခံကို ၂၁ ရာစု-ပင်လုံဟူ၍လည်း အစိုးရက အမည်ပေးခဲ့သည်။ငြိမ်းချမ်းရေးဖြစ်န္ဒိတွင်ပါ၀င်ခွင့်မှ ငြင်းပယ်ခံထားရသည့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် ရခိုင်(AA)၊ တအန်း(TNLA) နှင့် ကိုးကန့်(MNDAA) တို့မှလွဲ၍ လက်မှတ်မထိုးရသေးသည့် အခြားအဖွဲ့အစည်းများသည် အစိုးရသစ်၏ ညီလာခံသို့ တက်ရောက်ခဲ့ကြသည်။ သို့သော် ဖိတ်ကြားရေး၊ ဧည့်ခံကြိုဆိုရေးနှင့် နေရာချထားရေး စသည့်ပြဿနာအချို့ပေါ်ပေါက်ခဲ့ရာ အဆိုပါအဖွဲ့များအနေနှင့် ညီလာခံပြီးဆုံးသည်အထိ မနေခဲ့ကြပေ။တရုတ်နယ်စပ်ရှိ လက်မှတ်မထိုးရသေးသည့် အဖွဲ့အစည်းများက မတက်ရောက်ခဲ့ပေ။ ညီလာခံပြုလုပ်နိုင်မှုကို ချီးကျူးကြောင်း တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဌာနက ထုတ်ဖော်ပြောဆိုခဲ့သလို ညီလာခံသို့ လည်း မစ္စတာ စွန်းဂေါ်ရှန်း တက်ရောက်ခဲ့သည်။(ဂ) တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု-ပင်လုံ ဒုတိယအစည်းအဝေး)၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့တွင် တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ၂၁ ရာစု-ပင်လုံ ဒုတိယအစည်းအဝေးကို ကျင်းပသည်။ကချင်နှင့် ၀ တို့အပါအ၀င် လက်မှတ်မထိုးရသေးသည့် မြောက်ပိုင်းအွဲ့အစည်းများက အစည်းအဝေးတက်ရောက်ရန် ကနဦးတွင် ငြင်းပယ်ခဲ့သည်။ အစည်းအဝေးမကျင်းပမီ ရက်ပိုင်းအလိုတွင် မစ္စတာ စွန်းဂေါ်ရှန်းက အဆိုပါအဖွဲ့ခေါင်းဆောင်များကို တရုတ်နိုင်ငံ၊ ယူန်ပြည်နယ်၊ ကူမင်းမြို့သို့ ဖိတ်ကြားကာ တွေ့ဆုံဆွေးနွေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာအစိုးရတာ၀န်ရှိသူများနှင့်လည်း နေပြည်တောင်တွင် တွေ့ဆုံခဲ့သည်။ယင်းနောက်တွင် မြောက်ပိုင်းအဖွဲ့များအနေနှင့် ကူမင်းမြို့မှတဆင့် တရုတ်အစိုးရလေယာဉ်ဖြင့် နေပြည်တော်သို့ လာရောက်ခဲ့ကြပြီး အစည်းအဝေးတက်ရောက်ခဲ့ကြသည်။ အဆိုပါ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့အစည်းများ၏ လုံခြုံရေးကိစ္စကိုပါ တရုတ်နိုင်ငံကပင် တာ၀န်ယူခဲ့ခြင်း ဖြစ်သည်။(ဃ) စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု-ပင်လုံ တတိယအစည်းအဝေး)၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု-ပင်လုံ တတိယအစည်းအဝေး) ကို ကျင်းပသည်။၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မွန်(NMSP)နှင့် လားဟူ(LDU) တို့က NCA တွင် လက်မှတ်ထိုးခဲ့ကြရာ လက်မှတ်ထိုးပြီးသည့် အဖွဲ့ ၁၀ ဖွဲ့ ရှိလာပြီ ဖြစ်သည်။ညီလာခံကို တက်ရောက်ရန် လက်မှတ်မထိုးရေးသည့် မြောက်ပိုင်းအဖွဲ့များကို အစိုးရဘက်ကလည်း ဖိတ်ကြားခဲ့သလို တရုတ်အစိုးရဘက်ကလည်း ယခင်ကဲ့သို့ပင် ကြား၀င်စေ့စပ်ပေးခဲ့သည်။ ယင်းအဖွဲ့များကို နေပြည်တော်သို့ တရုတ်နိုင်ငံမှတဆင့် လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သလို လုံခြုံရေးကိုလည်း တာ၀န်ယူပေးခဲ့သည်။၅။ NCA လက်မှတ်ရေး ထိုးထားသည့်အဖွဲ့များ၁။ ချင်းအမျိုးသားတပ်ဦး(CNF)၂။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၃။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၄။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၅။ ကရင်အမျိုးသားအစည်းအရုံး(KNU)၆။ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA)(PC)၇။ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၈။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၉။ မွန်ပြည်သစ်ပါတီ(NMSP)၁၀။ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၆။ NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များ၁။ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၂။ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားတပ်ဖွဲ့(NDAA)၃။ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၄။ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၅။ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်-ကိုးကန့်တပ်ဖွဲ့(MNDAA)၆။ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊၇။ ရက္ခိုင့်တပ်မတော်(AA)၈။ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP) ၉။ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCN-K)၁၀။ ရခိုင်အမျိုးသားကောင်စီ(ANC) Loading...Categories: Peace Politic မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် (သို့မဟုတ်) နန်ကျင် စီးပွားရေးစက်မှုဇုန် စီမံကိန်းတရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်း (သို့) ရေကြောင်းခါးပတ်လမ်းစီမံကိန်း
စာတမ်းခေါင်းစဉ် - China and Myanmar’s Peace Processရေးသားသူ - Yun Sunထုတ်ဝေသည့်အဖွဲ့ - United States Institute of Peaceထုတ်ဝေသည့်ခုနှစ် - ၂၀၁၇၊ မတ်
စာတမ်းခေါင်းစဉ် - China’s Role in Myanmar’s Internal Conflictsရေးသားသူ - USIP Senior Study Groupထုတ်ဝေသည့်အဖွဲ့ - United States Institute of Peaceထုတ်ဝေသည့်ခုနှစ် - ၂၀၁၈၊ စက်တင်ဘာ
စာတမ်းခေါင်းစဉ် - Geopolitics, Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward Myanmarရေးသားသူ - Enze Hanထုတ်ဝေသည့်အဖွဲ့ - Routledgeထုတ်ဝေသည့်ခုနှစ် - ၂၀၁၇၊ ဖေဖော်ဝါရီ
စာတမ်းခေါင်းစဉ် - Gambling as Development: A Case Study of Myanmar’s Kokang Self-administered Zoneရေးသားသူ - Myint Myint Kyuထုတ်ဝေသည့်အဖွဲ့ - Regional Center for Social Science and Sustainable Development (RCSD)ထုတ်ဝေသည့်ခုနှစ် - ၂၀၁၈၊ ဖေဖော်ဝါရီ